အိမ်

ကျွန်တော်က မိသားစုထဲမှာ အငယ်ဆုံး ဖြစ်ပေမယ့် ဆယ်တန်းအောင်ပြီး အချိန်က စလို့ အဖေနဲ့ အမေကို ရှာဖွေ ကျွေးမွေးခဲ့တယ်။ ကျောင်းတက်နေစဉ်ပင် "ငါဆယ်တန်း အောင်ပြီးရင် အဖေနဲ့ အမေကို လုံးဝ အလုပ်လုပ် မခိုင်းတော့ပဲ အငြိမ်းစား ပေးမယ်" လို့ ရည်မှန်းချက် ထားခဲ့တယ်။

အဲဒီ ရည်မှန်းချက်ကို ၂၀၀၉ ခုနှစ်မှာ ပြည့်ဝအောင် အကောင်အထည် ဖော်နိုင်ခဲ့တယ်။ ကျွန်တော့် အထက်မှာ အိမ်ထောင်သည် အကို ၂ ယောက်နဲ့ အမ ၁ ယောက် ရှိသေးပေမယ့် ကျွန်တော်ကပဲ မိဘတွေကို တာဝန်ယူ ကျွေးမွေး ခဲ့တယ်။

ကျွန်တော် အောက်ပိုင်းပြန်တဲ့ အချိန် အိမ်မှာ ညီအကို မောင်နှမတွေ ဆုံကြတဲ့အခါ ဘာရယ်မဟုတ် ပြောဆိုကြရင်းနဲ့ အဖေနဲ့အမေ ပိုင်တဲ့ "ကိုင်းမြေ" ကို ၄ ပိုင်း ပိုင်းပြီး ဝေကြမယ် ဆိုရင် အငယ်ဆုံး ဖြစ်လို့ ကျွန်တော် ကြိုက်တဲ့အပိုင်းကို အရင်ယူပါတဲ့။

ကျွန်တော်က ပြန်ပြောလိုက် ပါတယ်။ "အဲဒီ မြေကြီး မြေကွက်တွေက ကျွန်တော် လုပ်စားဖြစ်မှာ မဟုတ်တဲ့ အတွက် ကျွန်တော် လုံးဝ မယူပါဘူး။ ဒါပေမယ့် အဖေနဲ့ အမေ နေခဲ့ကြတဲ့ အိမ်ကိုတော့ ဘယ်သူ့ကိုမှ မပေးနိုင်ပဲ ကျွန်တော် ယူပါမယ်" လို့ ပြောလိုက်တယ်။

ကျွန်တော်တို့ တောရွာ အနေအထားအရ အိမ်နဲ့ခြံဟာ ခုန ကျွန်တော် ငြင်းလိုက်တဲ့ ကိုင်းမြေရဲ့ ဝေစုလောက် တန်ကြေး မရှိပါဘူး။

ဒါပေမယ့် ကျွန်တော်ဘာလို့ အိမ်ကို အမွေတောင်းခဲ့လဲ ဆိုရင် ကျွန်တော် အဲဒီအိမ်ကို မဖြို၊ မဖျက်ပဲ ဒီအတိုင်းလေး အချိန်အကြာကြီး ပြိုပျက်သွားသည် အထိ ထားထားချင် လို့ပါ။

ဘာလို့လဲ ဆိုတော့ ကျွန်တော်က မိဘတွေကို အဝေးကပဲ ကျွေးမွေး ထောက်ပံ့ခဲ့ရသူ ပါ။ တနှစ်မှာမှ တခေါက်လောက် အလည်သွားခဲ့ရသူ ပါ။

ဒါကြောင့်မို့ အဖေနဲ့အမေ နေခဲ့တဲ့ အိမ်လေးကို ရောက်သွားရင် အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် အတူနေခဲ့ကြတာ တွေကို ပြန်လည် မြင်ယောင်တတ် ပါတယ်။

အဲဒီ အိမ်လေးဟာ ကာလတန်ကြေး မရှိပေမယ့် ကျွန်တော့် အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာလေးပါ။ အဲဒါကြောင့် ရွာတွေ မီးရှို့ခံရတယ် ဆိုတဲ့ သတင်းတွေ ကြားရရင် တကယ့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။

အဲဒီလို မီးရှို့ ခံလိုက်ရတဲ့ အိမ်တွေထဲမှာ ကာလတန်ကြေးထက် ကျွန်တော့်လိုမျိုး အဖိုးမဖြတ် နိုင်တဲ့ အိမ်လေးတွေ ပါကောင်း ပါနေတတ် တယ်လေ။

တကယ်တော့ အဝေးရောက်နေသူ တွေဟာ အဖေ အမေ မရှိကြတော့ ပေမယ့် အိမ်ကို လွမ်းတတ်ကြ ပါသေးတယ်။ ဘာလို့လဲ ဆိုတော့ အဖေနဲ့ အမေရဲ့ ပုံရိပ်တွေဟာ အဲဒီအိမ်ကလေးမှာ ကျန်နေခဲ့ သေးတယ်လေဗျာ။ ဆန်းသူရိန်(ခရမ်းကျွန်း)

Post a Comment

0 Comments