အပျော်ဆုံးသူ

တခါတုန်းက ကျီးကန်း တကောင်ဟာ သူ့ကိုယ်သူ "လောကမှာ ငါဟာ အပျော်ဆုံး ငှက်တကောင်ပဲ" ဆိုပြီး ဘဝကို သာယာနေတယ်။

တနေ့မှာ သူဟာ ဗျိုင်းတကောင်ကို တွေ့တယ်။ "သူ့ တကိုယ်လုံးက ဖြူဖွေးနေတာပဲ၊ ငါကတော့ မည်းနက်နေတယ်။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်" လို့ တွေးမိတယ်။

ဒီလိုနဲ့ သူ ဗျိုင်းကို သွားပြောတယ်။ "ကိုဗျိုင်းရာ ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲ မဟုတ်လား"

ဒီတော့ ဗျိုင်းက ပြန်ပြောတယ်။ "ကျွန်တော်လည်း အစက ဒီလို တွေးမိတာ ကြက်တူရွေးကို မတွေ့ခင် အထိကပဲဗျာ။ ကျွန်တော်ကသာ အဖြူရောင် တခုတည်း ရှိတာ၊ သူမှာက အရောင် ၂ မျိုး ရှိတယ် သိပ်လှတယ်ဗျ"

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားတယ်။ "ခင်ဗျားက အရောင် ၂ မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ပဲ မဟုတ်လား"

ထိုအခါ ကြက်တူရွေးက "ဟား ကျွန်တော်က ဘာဟုတ်သေး လဲဗျာ။ ကျွန်တော့်မှာ အရောင်၂ မျိုးပဲ ရှိတာ၊ ဒေါင်းမှာ အရောင်တွေ အများကြီး နဲ့ဗျ။ ခင်ဗျား သူ့ကို သွားမေးပါလား" လို့ ဖြေလိုက်တယ်။

ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တခုထဲမှာ လူတွေ အများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကို တွေ့လိုက်တယ်။ "အားပါးပါး လှလိုက်တာ။ သူက သေချာပေါက် အပျော်ဆုံး ငှက်ပဲ" လို့ တွေးလိုက်တယ်။

ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်အထိ စောင့်နေပြီး ညနေ လူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်။ "ကိုဒေါင်း ခင်ဗျား ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက် ပဲဗျာ။

လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့်တယ်၊ ကျုပ်ကို မြင်ရင်ဖြင့် မောင်းလွှတ်တာ ပဲဗျို့။ တခါတလေ ခဲနဲ့တောင် ပေါက်လို့ မနည်း ရှောင်ရတယ်ဗျာ" လို့ ပြောတယ်။

ထိုအခါမှာတော့ ဒေါင်းက "အင်းဗျာ ကျွန်တော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့ ဒါပေမယ့် ကျွန်တော့်ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ်။

ဒီမှာ မိတ်ဆွေကျီး၊ ကျွန်တော် တိရိစ္ဆာန်ရုံ တခုလုံးကို သေချာ စူးစမ်းပြီးပြီ။ လှောင်အိမ်ထဲ ထည့်ထား မခံရတာ ဆိုလို့ ကျီးကန်း ပဲ ရှိတယ်ဗျ။

ကျွန်တော် တခါတလေ တွေးမိတယ်။ လောကမှာ အပျော်ဆုံး ငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ်လို့ပေါ့။ လွတ်လွတ်လပ်လပ် ပျံသန်းနေတဲ့ ကျီးကန်းတွေ မြင်ရင် ကျွန်တော် အရမ်း အားကျတယ်ဗျာ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

ကျွန်တော်တို့ဟာ ကြုံတွေ့နေရတဲ့ ဘဝ အခြေအနေနဲ့ ပြဿနာတွေ အပေါ်မှာ မကျေမနပ် ဖြစ်ပြီး သူများဘဝ တွေကို အားကျမိတတ် ကြပါတယ်။ တကယ်တော့ ဘယ်လို ဘဝမျိုး ဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ် ပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်သူသာ လောကမှာ အပျော်ဆုံးလူသား ဖြစ်ပါလိမ့်မယ်။

Post a Comment

0 Comments