တူထုမိသော လက်မ

တခါတုန်းက ဆောက်လုပ်ရေး လုပ်သားကြီး တဦးဟာ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း လက်မကို မတော်တဆ တူနဲ့ ထုမိပါသတဲ့။ အဲဒီလို မတော်တဆ ထိခိုက်မိတဲ့ အတွက် သူဟာ အလုပ်ကို ခေတ္တခဏ ခွင့်တောင်းပြီး အနီးဆုံး ဆေးခန်း တခုကို သွားရောက်ခဲ့တယ်။

သူဆေးခန်းထဲကို ဝင်လိုက်တဲ့ အခါမှာတော့ ဆေးခန်းဟာ အင်မတန် စနစ်တကျ စီမံခန့်ခွဲထားတဲ့ ဆေးခန်း ဖြစ်ကြောင်းကို သူတွေ့လိုက် ရတယ်။ အကြောင်း ကတော့ ဆေးခန်းဝင်လျှင် ဝင်ချင်းမှာတင် စနစ်တကျ ခွဲခြားထားတဲ့ ရွေးချယ်စရာ တံခါးပေါက် နှစ်ခုကို တွေ့လိုက်ရလို့ပဲ ဖြစ်တယ်။

တံခါးတချပ်မှာ "ရောဂါဘယကုသခန်း" လို့ ရေးထားပြီး အခြားသော တံခါးတချပ် မှာတော့ "မတော်တဆ ထိခိုက်ဒဏ်ရာများ ကုသခန်း" လို့ ရေးထားတာကို သူတွေ့လိုက်ရတယ်။

အဲဒီလို တံခါးနှစ်ပေါက်ကို တွေ့တဲ့အခါ လုပ်သားက ဒီလို စဉ်းစားတယ်။ "အင်း ငါက ဖျားတာလည်း မဟုတ်၊ နေထိုင် မကောင်းတာလည်း မဟုတ်ဘူး။ မတော်တဆ တူနဲ့ ထုမိတာ ဆိုတော့ မတော်တဆ ထိခိုက်ဒဏ်ရာများ ဆိုတဲ့ အခန်းကို ဝင်ရမယ်"

အဲဒီနောက် လုပ်သားကြီးဟာ မတော်တဆ ထိခိုက်ဒဏ်ရာများ ကုသခန်း ဆိုတဲ့ တံခါးကနေ ဝင်ရောက်လိုက်တယ်။ အဲဒီမှာတင် သူ့အတွက် ရွေးချယ်စရာ တံခါးနှစ်ချပ် ထပ်ပြီး တွေ့ပြန်တယ်။

တချပ်မှာတော့ "အတွင်းဒဏ်ရာ" လို့ ရေးသား ထားပြီး နောက်တချပ်မှာတော့ "ပြင်ပဒဏ်ရာ" လို့ ရေးထားတာကို တွေ့လိုက်ရ ပြန်တယ်။

အဲဒီအခါ မှာလည်း လုပ်သားကြီးက ဒီလို တွေးပြန်တယ်။ "ငါထိခိုက်မိတာ လက်မ ဆိုတော့ အပြင်မှာ ဖြစ်တာပေါ့" အဲဒီလိုနဲ့ လုပ်သားကြီးဟာ ပြင်ပဒဏ်ရာ ဆိုတဲ့ အခန်းထဲကို ဝင်ရောက်လိုက် ပြန်တယ်။

အဲဒီမှာလည်း သူ့အတွက် တံခါးနှစ်ပေါက် ထပ်ပြီး တွေ့လိုက် ပြန်တယ်။ လုပ်သားကြီးက "ဟ တွေ့ပြန်ပြီဟ" လို့ ရေရွတ်ပြီး တံခါးနှစ်ချပ်ရဲ့ စာကို ဖတ်ရှုပြန်တယ်။

ပဌမတံခါးရဲ့ အထက်မှာတော့ "ခွဲစိတ်ကုသရန်" လို့ ရေးထားပြီး ဒုတိယ တံခါးမှာတော့ "သာမန်ကုသမှု" ရယ်လို့ ရေးထားတာကို တွေ့ရပြန်တယ်။ အဲဒီအခါမှာလည်း လုပ်သားကြီးက ဒီလို တွေးပြန်တယ်။ "ငါ့ဒဏ်ရာက ခွဲဖို့မှ မလိုတာ သာမန်ပဲ" လုပ်သားကြီးဟာ အဲဒီလို တွေးတောပြီး သာမန်ကုသမှု ဆိုတဲ့ တံခါးကို ဝင်ရောက်ခဲ့ ပြန်တယ်။

အဲဒီလို သာမန်ကုသခန်း ထဲကို ဝင်ရောက်လိုက်စဉ် မှာလည်း လုပ်သားကြီးအတွက် နောက်ထပ် ရွေးချယ်စရာ တံခါးနှစ်ပေါက် တွေ့လာပြန်တယ်။ လုပ်သားကြီးဟာ ခါတိုင်းလိုပဲ တံခါးနှစ်ချပ်ရဲ့ စာကို မတ်တပ်ရပ်ပြီး ဖတ်ရှုပြန်တယ်။

အဲဒီအခါ မှာလည်းပဌမ တံခါးမှာ "အသေးအဖွဲ ဒဏ်ရာများ" လို့ ရေးထားပြီး၊ ဒုတိယတံခါး မှာတော့ "ပြင်းထန်သော ဒဏ်ရာများ" လို့ ရေးထားတာကို တွေ့ပြန်တယ်။

အဲဒီအခါမှာလည်း လုပ်သားကြီးက စဉ်းစားပြန်တယ်။ "အင်း ငါ့ဒဏ်ရာက သာမန် ထိခိုက်မိတာ လေးပဲ။ အသေးအဖွဲထဲကို ဝင်မှ" အဲဒီလိုနဲ့ လုပ်သားကြီးဟာ အသေးအဖွဲ ခန်းထဲကို ဝင်ရောက်လိုက်တယ်။

အဲဒီမှာတင် သူ့အထွက် အံ့အားသင့်စရာ တခုကို တွေ့လိုက်ရတယ်။ အဲဒါကတော့ သူဟာ ဆေးခန်းရဲ့ အပြင်ကို ပြန်လည် ရောက်ရှိသွားတာပဲ ဖြစ်တယ်။

အဲဒီအခါ မှာတော့ လက်သမားကြီးဟာ တစုံတရာကို တွေးတောပြီး ပြုံးရယ်ခဲ့ ပြန်တယ်။ အဲဒီနောက် မှာတော့ ခေါင်းတညိမ့်ညိမ့်လုပ်ကာ အလုပ်ခွင်ကို ပြန်သွား ပါတော့သတဲ့။

ကျွန်တော်တို့ လူသားတွေရဲ့ စိုးရိမ်ပူပန်မှုကို သုတေသီတွေက သိပ္ပံနည်းကျ စစ်တမ်း ကောက်ယူကြည့်တဲ့ အခါ ပူပန်ခြင်းရဲ့ ၈၅ ရာနှုန်းဟာ အမှန်တကယ် ဖြစ်မလာတဲ့ အကြောင်းအရာတွေ ဖြစ်နေတာကို အံ့သြဖွယ် တွေ့ခဲ့ကြရပါတယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်း ကသာ အပြင်လောကမှာ အမှန်တကယ် အကြပ်အတည်း တွေ့နိုင်တဲ့ အရာတွေပဲ ဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။

အဲဒီ ၁၅ ရာခိုင်နှုန်းသော ပူပန်မှုကို စစ်မှန်သော ပူပန်မှုလို့ နာမည်တပ်ခဲ့မယ် ဆိုရင်တောင် ကျွန်တော်တို့တွေဟာ အဲဒီ စစ်မှန်သော ပူပန်မှုရဲ့ ၇၉ ရာနှုန်းဟာ စနစ်တကျ ဖြေရှင်း လွန်မြောက်နိုင်တဲ့ အရာတွေပဲ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အားလုံး ခြုံငုံ တွက်ချက်ကြည့်တဲ့ အခါမှာတော့ ကျွန်တော်တို့ ပူပန်ခြင်း ၁၀၀ မှာ ၉၇ ရာခိုင်နှုန်းဟာ အမှန်တကယ် မဖြစ်နိုင်တဲ့ အရာတွေကို ပူပန်နေကြတာချည်း ဖြစ်တယ်လို့ ဆိုကြတယ်။

"မှန်ကန်တဲ့ အသိပညာ မရှိသေးသ၍ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ဝေးနေကြ ဦးမှာပဲ။ အဲ့ဒီအခါကျရင် မှန်ကန်တဲ့ ဘဝနေထိုင်နည်းနဲ့ ဝေးသထက် ဝေးနေကြရဦးမယ်" အေးချမ်းပေါ့ပါး၍ ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်ကြပါစေ။ Crd

Post a Comment

0 Comments