လောဘကြီးသောလူသား

တခါက လူတယောက်သည် တောထဲ ထင်းခုတ်သွားရင်း တောကြီးမျက်မည်းတွင် လမ်းမှားကာ ဒုက္ခရောက် လေသည်။ ထိုအခါ ထိုလူသည် နတ်ဒေဝါများကို တိုင်တည်၍ ကူညီ မစရန် ဆုတောင်း လေသည်။

ထိုထင်းခုတ်သမားသည် အကျင့်သီလ ကောင်းမွန်ကာ မိသားစုကို စောင့်ရှောက်သူ ဖြစ်၍ ဆုတောင်းပြည့်ကာ နတ်တို့ ဘုရင် သိကြားမင်း၏ မြကျောက်ဖျာသည် တင်းလာ လေသည်။

ထို့ကြောင့် သိကြားမင်းလည်း မနေသာတော့ပဲ လူ့ပြည်ဆင်းကာ "အို အသင်လူသား အသင့်အား အကျွန်ုပ် လမ်းပြမည်" ဆိုကာ လက်ညှိုး ညွှန်လိုက်ရာ ရွာသို့ရောက်သော၊ ဖြောင့်ဖြူးသော လမ်းကြီး ပေါ်လာ လေသည်။

ထိုအခါ လူသားယောကျ်ားလည်း "ကျေးဇူးတင်လိုက်တာ သိကြားမင်းကြီးရယ်။ ဒါပေမယ့် ကျွန်တော်မျိုးမှာ တောတွင်း မျက်စိလည် နေသည်မှာ ၃ ရက်ခန့် ဘာမျှ မစားရသေး သဖြင့် ခရီးဆက်ရန် အင်အား မရှိပါ။ ထို့ကြောင့် ကျွန်တော်မျိုးအား စားသောက်ဖွယ်ရာ လေးများ ပေးသနားတော် မူပါ" ဟု ပြောလေသည်။

ထိုအခါ သိကြားမင်းလည်း လက်ညှိူးဖြင့် ညွှန်ရာ လူသား၏ ရှေ့တွင် နတ်သုဒ္ဒါများ ရောက်လာလေသည်။ လူသားယောက်ျားသည် အားပါးတရ စားသောက်ပြီးသော အခါ

"ဤကဲ့သို့သော နတ်သုဒ္ဒါကို အိမ်ရှိ ကျွန်တော်မျိူး၏ မိသားစုအားလည်း ကျွေးမွေးချင် ပါသဖြင့် တောင်းအပြည့် စားစရာများ ပေးသနားပါ သိကြားမင်း ခင်ဗျား" ဟု ပြောပြန်ရာ သိကြားမင်းလည်း လက်ညှိုး ညွှန်လိုက်ရာ တောင်းအပြည့် စားသောက်ဖွယ်ရာများ ထပ်မံ ရောက်ရှိလာ လေသည်။

ထို့နောက် သိကြားမင်းက "ကဲ အသင်လူသား သင်လိုချင်တာတွေ ကျွန်ုပ် ဖြည့်ဆည်းပေး ပြီးပြီ။ ရွာကို မပြန်သေးဘူးလား။ ဘာကို ထပ်လိုပြန်ပြီတုန်း" ဟု စိတ်မရှည်စွာ မေးလေသည်။

ထိုအခါ လူသားယောကျ်ား၏ စကားကြောင့် သိကြားမင်းလည်း နတ်ပြည်သို့ အမြန် ပြန်ကြွလေ သတည်း။ လူသားက ပြောသည်မှာကား

"မှန်လှပါ အရှင် သိကြားမင်း၊ ကျွန်တော်မျိုး လိုအပ်တိုင်း သိကြားမင်းကို ပြောလျှင် သိကြားမင်းကြီး ပင်ပန်းမည် စိုးသောကြောင့် သိကြားမင်း၏ လက်ညှိုးတော်အား ကျွန်တော်မျိုးအား ပေးသနားခဲ့ပါ" ဟူသတည်း။

အဲဒီက စလို့ "လူ့အလို နတ်မလိုက်နိုင်" ဆိုတဲ့ စကားပုံလေး ပေါ်ပေါက်ခဲ့တာ ပါပဲ။ ဒါ့ကြောင့် ကိုယ်က ဘယ်လောက်ပဲ ပေးဆပ်ပါစေ တဖက်သားက မတင်းတိမ်ဘူးဆို စိတ်မညစ်ပါနဲ့။

သိကြားမင်းတောင် အားလုံး မဖြည့်ဆည်း ပေးနိုင်ပါဘူး။ လူ့သဘာဝ က ဒီလိုပဲ လို့သာ မှတ်ပါ။ ဘဝအမောတွေ ဖြေပျောက်နိုင်ပါစေ။ ဇွန်နှင်းဆီ (ရန်ကုန်တက္ကသိုလ်)

Post a Comment

0 Comments