သူတော်ကောင်းနတ်ကောင်းမ

တခါတုန်းက တောရွာလေး တရွာတွင် သူဆင်းရဲ ထင်းခွေသမား တယောက် ရှိသည်။ ထိုသူ၏ ဇနီးမှာ စိတ်သဘောထား ကောင်းမွန်သူ ဖြစ်၏။ ထင်းခွေသမား လင်မယားသည် တနေ့လုပ် တနေ့စားသာ ဖြစ်၍ ဥပုသ် သီတင်းသီလ မဆောက်တည်နိုင်ဘဲ ရှိလေသည်။

တနေ့တော့ အခါရက် တရက်နှင့် ကြုံကြိုက်၍ ဇနီးသည်က အနီးရှိမြို့မှ တန်ခိုးကြီးစေတီအား သွားရောက် ဖူးမြော်ရင်း ဥပုသ်သီတင်း တည်ဆောက်လိုသည်ဟု ခင်ပွန်းသည်အား ပြောလေသည်။ ထင်းခွေယောက်ျားက "တို့ လင်မယား တနေ့လုပ်မှ တနေ့ စားရတာ။ အူမ မတောင့်လို့ သီလ မစောင့်နိုင်ဘူး။

နှစ်ယောက်စလုံး မြို့ကို သွားလို့တော့ မဖြစ်ဘူး။ ငါ အလုပ် လုပ်မယ်၊ မင်းက ရောက်ဖူးတယ် ရှိအောင် လူကြုံနဲ့ ဘုရားဖူး လိုက်သွားပေါ့" ဟု ဆိုသဖြင့် ဇနီးသည်လည်း သဘောတူညီကာ လူကြုံကောင်းသည်နှင့် တန်ခိုးကြီးစေတီ ဖူးမြော်ရန် မြို့သို့ လိုက်လာခဲ့လေသည်။

မြို့ပေါ်ရှိ တန်ခိုးကြီး စေတီသို့ ရောက်လျှင် ဘုရားရင်ပြင်ပေါ်မှ ရဟန်းတပါး ထံတွင် သီလ ယူကြလေသည်။ သို့ရာတွင် ထင်းခွေယောက်ျား၏ ဇနီးသည်မှာ သီလပေး မဆိုတတ်သဖြင့် "ဘုရား၊ ဘုရား" ဟူ၍သာ နှုတ်မှ လိုက်ဆို ရှာလေသည်။

ထို့နောက် ဘုရားရင်ပြင်တော်၌ ရွာမှ ချမ်းသာကြွယ်ဝသူ မြေပိုင်ရှင် သူဌေးကတော်ကြီး ပုတီးစိတ်နေသည်ကို တွေ့ရှိသဖြင့် မိမိလည်း ပုတီးစိပ်လိုသော ဆန္ဒ ပေါ် ပေါက်လာလေသည်။

ထို့ကြောင့် သူဌေးကတော်ကြီး ထံသို့ ကပ်ကာ "သူဌေးကတော်ကြီးရယ် ပုတီးဘယ်လို စိပ်ရတယ်ဆိုတာ သင်ပေးစမ်းပါ။ ကျုပ်လည်း ပုတီးစိပ်ချင်လို့ပါ" ဟု ဆိုလေသည်။

သူဌေးကတော်ကြီးသည် ဟန်ပန် မျက်နှာထားဖြင့် မကြားသလို ပြုလုပ်နေ လေသည်။ ထင်းခွေသမား ဇနီးသည် ပုတီးစိပ် သင်ပေးပါရန် ထပ်မံပြောကြားမှ

"ညည်းတို့က ပုတီးတောင် မစိပ်တတ်ဘဲ ဥပုသ်စောင့်ချင် တာကိုး။ ရပါလိမ့်မယ် ကုသိုလ်တွေ" ဟု ပြောဆိုပြီးမှ "ဒီလောက် ပုတီးစိပ်ချင်ရင် ရောက်တိ ရောက်ရာ၊ ရောက်တိ ရောက်ရာလို့ စိပ်ပေါ့အေ့" ဟူ၍ ဆိုလေသည်။

ထင်းခွေယောက်ျား၏ ဇနီးသည်လည်း သူဌေးကတော်ကြီး သင်ကြားပေးသည်ကို အဟုတ် ထင်မှတ်ကာ သဒ္ဓါ ကြည်ညိုစွာဖြင့် "ရောက်တိရောက်ရာ၊ ရောက်တိ ရောက်ရာ" ဟူ၍ ရေရွတ်ကာ ပုတီးစိပ်လေ၏။

ထင်းခွေယောက်ျား၏ ဇနီးသည် ပုတီးစိပ်နေသည့် အနား၌ မြွေတွင်းတတွင်း ရှိသည်။ ထိုမြွေတွင်း၌ မြွေသူတော်ကောင်း နေထိုင်လေသည်။ ထို မြွေသူတော်ကောင်းသည် အခါရက်များ၌ ဥပုသ် သီတင်းသီလ ဆောက်တည်ပြီး မကောင်းသူကိုပယ်၊ ကောင်းသူကို ကယ်တင်လေ့ ရှိသည်။

မြွေသူတော်ကောင်းလည်း ထင်းခွေယောက်ျား၏ ဇနီးသည် စိတ်သဘောကို နှစ်သက် သဘောကျ၍ "ဒီသူငယ်မလေးဟာ ရတနာသုံးပါးကို အမှန် ကြည်ညို လေးစားသူ ဖြစ်တယ်။

ဒီလို စိတ်သဘောကောင်းတဲ့ သူမျိုး ကူညီမှပဲ" ဟူ၍ နှလုံးသွင်းကာ မြွေတွင်းထဲ၌ ရှိသော ငွေများကို ထင်းခွေယောက်ျား ဇနီးသည်အနား၌ ပုံချထားလေသည်။

ထင်းခွေသမား ဇနီးသည်လည်း "ရောက်တိ ရောက်ရာ" ဟူ၍ မျက်စိမှိတ် အာရုံပြုကာ ပုတီးစိပ်နေရာမှ အဓိဋ္ဌာန် စေ့သဖြင့် မျက်စိ ဖွင့်ကြည့်လိုက်ရာ ငွေပုံကို တွေ့ရှိ၍ အံ့ဩသွားလေ၏။ ထို့နောက် ထိုက်တန်လို့ ရတဲ့ငွေ ဟူ၍ ယူဆကာ ငွေပုံကို ယူပြီး အိမ်သို့ ဝမ်းသာအားရာဖြင့် ပြန်သွားလေ၏။

ထင်းခွေယောက်ျားဇနီးသည် သတင်းကို ကြားသိလေလျှင် မြေပိုင်ရှင် သူဌေးကတော်ကြီးလည်း လောဘဇော တိုက်ကာ ဘုရားသို့ သွားရောက်၍ ထင်းခွေယောက်ျား ဇနီးသည် ပုတီးစိပ်ခဲ့သည့် မြွေတွင်း အနီး၍ ထိုင်လေသည်။ ထို့နောက် "ရောက်တိရောက်ရာ၊ ရောက်တိရောက်ရာ" ဟူ၍ မျက်စိမှိတ် ဟန်ဆောင်ပြီး ပုတီးစိပ်လေသည်။

မြွေကြီးလည်း "ဒီလောက် လောဘဇော တိုက်တဲ့ မိန်းမကြီး လူ့ပြည်ထားလည်း အပိုနေမယ်" ဟု ဆိုကာ ပေါက်သတ်လိုက်ရာ သူဌေးကတော်ကြီးမှာ "ရောက်တိရောက်ရာ၊ ရောက်တိရောက်ရာ" ဟူ၍ ရေရွတ်ရင်း အသက်ပျောက်ရ လေသတည်း။

"စေတနာတန်ခိုး သဒ္ဓါတိုး အကျိုးပေးမည်မှတ်" မောင်ဗိုလ်မွှေး၏ မြန်မာပုံတိုပတ်စများ စာအုပ်မှ ကူးယူဝေမျှပါသည်။ Phoomyatchel

Post a Comment

0 Comments