တံငါသည်နှင့် တံခါးမှူး

တခါက ရှင်ဘုရင် တပါးမှာ ပထမဆုံး ရင်သွေးရတနာ မွေးဖွားလာတော့ ဝမ်းမြောက် ဂုဏ်ယူသည့် အထိမ်းအမှတ်ဖြင့် အနီးဝန်းကျင် တိုင်းပြည်များမှ ရှင်ဘုရင်များ၊ မြို့စား ရွာစားနှင့် အခြား ဂုဏ်သရေရှိ ပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ဧည့်ခံပွဲကြီး တရပ် ကျင်းပရန် စီစဉ်သည်။

ဧည့်သည်တော်များ အားလုံး အလျှံပယ် တည်ခင်း ကျွေးမွေးနိုင်ရန် အတွက် ဘုရင်မင်းမြတ် ကိုယ်တိုင် အနီးကပ် ကြီးကြပ်ကာ စောစောစီးစီး ကြိုတင် ချက်ပြုတ် စေသည်။

လတ်ဆတ်ချိုမြိန်မှု ရှိစေရန်အတွက် ငါးဟင်းလျာ တခုကိုသာ ပွဲတော် ကျင်းပမည့်ရက် မတိုင်မီနေ့တွင် ဖမ်း၍ရသည့် ငါးကိုမှ ချက်မည်ဟု ဆုံးဖြတ် စောင့်ဆိုင်းနေသည်။

သို့သော် ကံဆိုးချင်တော့ အဲသည်နေ့တွင် လေကြီးမိုးကြီး ကျကာ ပင်လယ်သို့ မည်သူမျှ ငါးဖမ်း မထွက်နိုင်ဘဲ ရှိလေသည်။ နန်းတော်က တည်ခင်းသည့် ဧည့်ခံပွဲမဟာမှာ ငါးဟင်းလျာလေး တပွဲပင် မပါဘူး ဆိုလျှင်တော့ အကြီးအကျယ် သိက္ခာ ကျတော့မည့်ဟု ရှင်ဘုရင် စိတ်ဓာတ်ကျကာ မှိုင်တွေ၍ နေသည်။

ထိုအချိန် တံခါးမှူးက ဧည့်သည် တယောက် ရောက်လာကြောင်း လာရောက် အကြောင်း ကြားသည်။ ဧည့်သည်က တံငါသည်၊ ပိုက်ကွန်ကို ထမ်းလျက် ပိုက်ကွန်ထဲမှာ ဧရာမငါးကြီး တကောင်၊ ရှင်ဘုရင် ပွဲတော်အတွက် ငါးအရေးတကြီး လိုနေသည် ကြားသဖြင့် သူများ မထွက်ရဲသည့် ပင်လယ်ထဲ စွန့်စွန့်စားစား ထွက်ကာ ငါး သွားရှာခဲ့ခြင်း ဖြစ်သည်။

ရှင်ဘုရင်က ဝမ်းသာအံ့သြကာ စားဖိုမှူးအား ငါးဟင်းလျာ ချက်ပြုတ် ပြင်ဆင်စေဟု အမိန့်ပေး ပြီးနောက် သည်လောက်တော်သည့် တံငါသည်ကို ဆုတော်လာဒ်တော် ချီးမြှင့်ဦးမှဟု ဆိုကာ နှစ်သက်ရာ ဆုကို တောင်းစေသည်။ ထိုအခါ တံငါသည်က သူ့အား ကြိမ်ဒဏ် အချက်တရာ ချီးမြှင့်တော် မူပါဟု ဆိုသည့်အခါ ဘုရင် ဇဝေဇဝါ ဖြစ်သွားသည်။

နောက်တော့မှ "အင်း သူ့ခမျာ ခေါင်း သိပ်မကောင်း ရှာဘူး ထင်တယ်၊ ပြီးမှ ကြည့်စီစဉ် တာပေါ့။ လောလောဆယ်တော့ သူတောင်းတာ ပေးရမှာပဲ" ဟု တွေးကာ လက်မရွံ့ ကြိမ်ဆရာအား "နာအောင်မရိုက်နဲ့" ဟု ညွန်ကြားပြီး ကြိမ်ဒဏ်ဆုကို ချီးမြှင့်၏။

ကြိမ်ဆရာက ကြိမ်ဒဏ် အချက်တရာ ဆုကို ခပ်သာသာ ချီးမြှင့်၍ အချက်ငါးဆယ် အရောက်တွင် တံငါသည်က "ခဏရပ်ပါဦး" ဆိုသဖြင့် ရပ်ပေးရသည်။ တံငါသည်က

"ကျွန်တော်က ငါးဆယ်ဆို တော်ပါပြီ၊ ကျန်တဲ့ ငါးဆယ်ကို နန်းတော်စောင့် တံခါးမှူးကို ပေးပါ့မယ်လို့ ကတိ ပေးထားတာ ရှိလို့ သူ့ကိုပဲ ဆက်ရိုက်ပါ" ဟု ဆိုသည့်အခါ ကြိမ်ဆရာ နားမလည်နိုင် ဖြစ်ကာ ရှင်ဘုရင့်ထံ ပြေး၍ တင်ပြသည်။

ရှင်ဘုရင် လိုက်လာပြီး တံငါသည်အား မေးတော့ တံငါသည်က သူ ပင်လယ်ထဲ ထွက်ဖမ်းပြီး ငါးရ၍ နန်းတော်သို့ ပို့ရန် အလာ နန်းတော်မှာ ငါးအသည်းအသန် လိုနေတာ သိသော တံခါးမှူးက ဂိတ်ဝမှ ဆီး၍ တားထားကြောင်း ရှင်ဘုရင့်ထံမှ ရမည့် ဆုလာဒ်ကို သူ့အား တဝက် ခွဲပေးမှ နန်းတော်ပေါ် တက်ခွင့်ပြုမည် ဆိုသဖြင့် "ပေးပါမည်" ဟု ကတိပေးခဲ့ကြောင်း။

ယခု ထိုကတိ အတိုင်း ကြိမ်ဒဏ် အချက်ငါးဆယ်ကို တံခါးမှူးအား ချီးမြှင့်ပေးပါရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း ရှင်းလင်း လျှောက်ထားသည်။ ရှင်ဘုရင်က ကောင်းကောင်း သဘောပေါက်သွားကာ တံခါးမှူးအား ကြိမ်ဒဏ် အချက်ငါးဆယ်ကို ပြည့်ပြည့် ဝဝကြီး ချီးမြှင့်ရန် ကြိမ်ဆရာကို ညွန်ကြားပြီး ကြိမ်ဒဏ် ခံယူ အပြီးတွင် ရာထူးမှ ဖယ်ရှားလိုက်သည်။

တံငါသည် ကိုမူ ဆုတော်ငွေ ထိုက်တန်စွာ ချီးမြှင့်ပြီး ပွဲတော်ကြီး တွင်လည်း အထူးဧည့်သည်တော် တဦးအနေဖြင့် ဆင်နွှဲသုံးဆောင် စေလေသည် ဟူသတည်း။ ငယ်ငယ်တုန်းက ဖတ်ဖူးပြီး ခေါင်းထဲ စွဲနေသော အဲသည့် ပုံပြင်ကို နိုင်ငံရပ်ခြားက ထုတ်ဝေသည့် ပုံပြင်စာအုပ် တအုပ်ထဲမှာ ဖော်ပြထားတာ တွေ့ရတော့ တို့တံငါသည် အတော်ခရီး ပေါက်နေပါကလားဟု ဝမ်းသာ သွားမိသည်။

စာအုပ်အမည်က "Joanna Cola" ၏ (Best - Loved Folktales of the World) နိုင်ငံတကာမှ အထင်ရှားဆုံး ရိုးရာပုံပြင်ပေါင်း (၂၀၀) တိတိကို ရွေးချယ် စုစည်းထားသည့် အဲသည် စာအုပ်ထဲတွင် မြန်မာ ပုံပြင်တပုဒ် ပါဝင်ရာ ၎င်းမှာ "တံငါသည် နှင့် တံခါးမှူး" (The Fisherman and the Gatekeeper) ပုံပြင် ဖြစ်နေသည်။

သည်ပုံပြင်လေးကို ဖတ်ကာ ခွဲခြမ်းစိတ်ဖြာ စဉ်းစားသူက ဘယ်လို ကောက်ချက်မျိုးတွေ ချမည်လဲ၊ ကျွန်တော် တွေးမိသည်။ ဆရာဖေမြင့်၏ (တန်ဖိုးထားအပ်သော အရာများ) Argyi

Post a Comment

0 Comments