ငွေရှာပြီးမှ ချစ်ပါ

"ယနေ့ ငွေရှာနေသည်။ ချစ်တဲ့အကြောင်းတွေ နောက်မှ ပြောမည်" ဆိုတဲ့ စာတန်းလေးကို သဘောကျမိတယ်။ မှန်တာပေါ့။ ဘဝတခုကို တည်ဆောက်ကြတဲ့ အခါ အချစ် တခုတည်းနဲ့ မပြည့်စုံဘူးလေ။ ငွေကလည်း ရှိအုံးမှ။

အားလုံးက အချစ် ရှာနေကြတာ မဟုတ်ဘူးလေ။ ငွေရှာနေကြတာ။ ငွေမရှိပဲ ဘဝကို တည်ဆောက်လို့ မရဘူး။ အချစ် မရှိပဲနဲ့ နေတတ်မယ် ဆိုရင် ဘဝမှာ အပူပင်တောင် ကင်းပါသေးတယ်။

အချစ်က သူ့အလိုလို စိတ်က ဖြစ်ပေါ်လာတာပါ။ ဘယ်မှတောင် သွားစရာ ရှာစရာ မလိုပါဘူး။ ငွေက သူ့အလိုလို ဖြစ်ပေါ်လာတာ မဟုတ်ဘူးလေ။ ငွေက ရှာရတယ်။ ငွေရှိမှ ဘဝက ပြည့်စုံတယ်လို့ ပြောတာ မဟုတ်ပါဘူး။ ငွေရှာ တာက သက်သက် အချစ်က သက်သက် ခွဲထားဖို့ပါ။

ငွေရှာရတာက ခက်ခဲ ကြမ်းတမ်းတယ်။ အချစ်ဆိုတာက နူးညံ့တဲ့ သဘောပဲလေ။ ကြမ်းတမ်းတာနဲ့ နူးညံ့တာကို ပေါင်းလိုက်ရင် ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်။

တချို့ ငွေရှာနည်းတွေက အရမ်းကို ကြမ်းတမ်းလှပါတယ်။ မောလို့ မောမှန်းတောင် မသိတဲ့ သူတွေက အချစ်အကြောင်း ပြောဖို့ အချိန် မရှိကြပါဘူး။ ဒါကို နားလည်ထားရ ပါမယ်။ သာယာကြည်နူးဖို့ အချိန်မရှိ။ ပါးစပ် လှုပ်နိုင်ဖို့အတွက် လက်တွေ လှုပ်နေရတယ်။

ငွေရှာနေတဲ့ အခိုက်အတန့်မှာ ကိုယ့်ခံစားချက်တွေကို မြိုသိပ် ထားနိုင်ရမယ်။ ကိုယ့်ရည်ရွယ်ချက်တွေ မအောင်မြင်သ၍ အချစ်အကြောင်းတွေကို နောက်မှ ပြောစေချင်တယ်။

ဘဝထဲမှာ အချစ် ဝင်လာရင် သာယာဖို့ ကောင်းပေမယ့် ငွေရှာတဲ့ အခါမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ငွေရှာနေတဲ့ အခါ ငွေရဖို့ ပဲလေ၊ အချစ်ရဖို့မှ မဟုတ်တာ။

ငွေရှာဖို့ ပညာသင်ရတယ်။ ပညာသင်တာ ငွေရှာဖို့လေ။ ငွေမရခင်မှာ လင်ရသွားရင် ဘဝက ခါးသက်သက် ပဲနော်။ ချိုမြိန်တဲ့ အရသာ ကိုလည်း ခံစားရမှာ မဟုတ်တော့ဘူး။

ပညာသင်တဲ့ အချိန်မှာ ပညာသင်ပါ။ ငွေရှာတဲ့ အခါ ပညာက စကားပြောပါတယ်။ ငွေရှာရင်း ကြင်ယာရှာလို့ ရပေမယ့် ကြင်ယာနောက်ပြီး ငွေရှာတဲ့ အလုပ်တော့ မပျက်စေနဲ့ပေါ့။

ငွေရှာတဲ့အခါ အချို့အချစ်တွေက အစွမ်းထက်မှန်း သိပါတယ်။ ခပ်ညံ့ညံ့လူတွေ အချစ် တွေ့သွားတဲ့အခါ အချစ်ကြောင့် အားမဖြစ်တဲ့ အပြင် ငွေရှာတဲ့ အလုပ်လေးပါ ပြာကျ သွားနိုင်ပါတယ်။

အကောင်းဆုံး ကတော့ ငွေရှာတဲ့ အခါမှာ အချစ် အကြောင်းတွေကို နောက်မှာ စဉ်းစားစေချင် ပါတယ်။ ငွေရှိရင် ပြည့်စုံသင့်သလောက် ပြည့်စုံပါတယ်။ ငွေရှိအောင် ကြိုးစားပါ။

အချစ်ဆိုတာ ငွေမရှိလည်း အချစ် ရှိတယ်။ ငွေရှိလည်း အချစ်က ချစ်နေမှာပဲ။ ရှိနေတဲ့ အရာကို မရှာပါနဲ့။ မရှိသေးတဲ့ ငွေကို ရအောင် ရှာပါ။ အချစ်ဆိုတာ သူ့အလိုလို ဖြစ်ပေါ်လာ ပါလိမ့်မယ်။

ဒါကြောင့် "ယနေ့ ငွေရှာနေသည်။ အချစ်အကြောင်း နောက်မှ ပြောမည်" ဆိုတဲ့ စာတန်းလေးကို ထပ်ခါထပ်ခါ ဖတ်ပြီး ငွေရှာတဲ့အခါ အဆင်ပြေကြပါစေ။ မေတ္တာဖြင့် အေးချမ်းပါစေ။ ဘုန်းမြတ်သူ (ချစ်တဲ့အကြောင်းတွေ နောက်မှ ပြောချင်တယ်)

Post a Comment

0 Comments