လယ်သမားနှင့် မြေခွေး

တခါက မုဆိုးတသိုက်သည် မြေခွေးတကောင်ကို အမိ ဖမ်းရန် နောက်မှ အပြင်း လိုက်လေသည်။ မြေခွေးလည်း ထိတ်လန့်စွာဖြင့် အားကုန် ပြေးလွှားရာမှ လယ်သမား တဦး၏ တဲရှေ့သို့ ရောက်လာလေ၏။

ဤတွင် မြေခွေးက လယ်သမားအား တဲအတွင်း၌ ပုန်းအောင်းခွင့် ပြုပါရန် တောင်းပန် ပြောဆိုလေသည်။ လယ်သမားကလည်း ခွင့်ပြု လိုက်သည်။ မြေခွေးသည် တဲထောင့် တနေရာတွင် ဝင်ရောက် ပုန်းအောင်း နေလေ၏။

ထိုအချိန်တွင် မုဆိုးတို့သည် လယ်သမား၏ တဲရှေ့သို့ ရောက်ရှိ လာကြ၏။ သူတို့က လယ်သမားအား "မြေခွေးကို မြင်လိုက်ပါ သလား" ဟု မေးမြန်း ကြ၏။

လယ်သမားက "မည်သည့် မြေခွေးကိုမှ ကျွန်ုပ် မမြင်လိုက်ပါ" ဟူ၍ အသံကျယ်စွာဖြင့် ပြန်ဖြေလေသည်။ သို့သော် သူသည် မြေခွေးရှိရာ တဲထောင့် သို့ကား လက်ညှိုး ညွှန်ပြနေ၏။

ကံအားလျော်စွာပင် မုဆိုးတို့သည် လယ်သမား ညွှန်ပြသည်ကို မရိပ်မိကြ။ မုဆိုးတို့ နေရာမှ ထွက်ခွာသွား ကြ၏။

မုဆိုးတို့ ထွက်ခွာသွားသည်နှင့် တပြိုင်နက် မြေခွေးသည် တဲထောင့်မှ ထွက်လာပြီးလျှင် လယ်သမားအား မည်သည့် စကားမျှ မဆိုဘဲ ထွက်ခွာသွား လေသည်။ ထိုအခါ လယ်သမားက မြေခွေးကို လှမ်းခေါ်လျက် ဤသို့ဆို၏။

"ဟယ် မြေခွေးမိုက်၊ သင်သည် သင့်အသက်ကို ကယ်သူအား နှုတ်ဆက်၍မှ မသွား၊ ကျေးဇူးစကားမှ မဆို၊ မသိယောင်ပြု၍ ထွက်ခွာသွား ချေသည်။ သင်သည် လွန်စွာ ကျေးဇူးကန်းသော သတ္တဝါပင် ဖြစ်သည်တကား"

ထိုအခါ မြေခွေးသည် လယ်သမားကို စူးစိုက်စွာ ကြည့်ပြီးလျှင် "အဆွေ၊ ကျွန်ုပ်သည် ပုန်းအောင်းနေစဉ် သင်ပြောသည့် စကားတို့ သာမက သင်လက်ညှိုး ညွှန်ပြသည် ကိုလည်း ကောင်းစွာ မြင်တွေ့ ပါသည်။

အကယ်၍ သင်ပြောသည့် စကားနှင့် သင့်အပြုအမူ တို့သာ ကိုက်ညီမည် ဆိုပါက ကျွန်ုပ်သည် ကျေးဇူးမဆိုဘဲ မနေပါ။ ယခုမူ သင်က ကျွန်ုပ်ကို ကယ်ဆယ်ခြင်း မဟုတ်ပေ။

ကံကောင်း ထောက်မလွန်း သဖြင့်သာ ကျွန်ုပ်မှာ အသက် ချမ်းသာရာ ရခဲ့ပါသည်" ဟူ ၍ ပြန်လည် ပြောဆို လိုက်ပြီး ထွက်ခွာသွား လေသည်။

တခါတလေမှာ ကိုယ့်ကို ကူညီသလိုနဲ့ ချောက်ထဲ တွန်းပို့တတ်တဲ့ သူတွေ ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးပါ။ Crd

Post a Comment

0 Comments