အရှုံးမပေးဘဲ ကြိုးစားပါ

ကလေးဘဝ တုန်းက အပြေးပြိုင်ပွဲလေးကို သတိရမိတယ်။ ပထမဆုံး ခရာ မှုတ်လိုက်ပြီး ဆိုတာနဲ့ စတင် ပြေးကြတယ်။ နောက်ဆုံးမှာတော့ ရလဒ်တွေက မတူကြပြန်ဘူး။ ဒါဆိုရင် ဒီပြိုင်ပွဲမှာ ဘာလိုအပ်သလဲ။

သေချာတာက တခုက အပြေးမြန်ဖို့ လိုအပ်ပါတယ်။ အပြေး မမြန်သူတွေ အတွက် ပထမ ရဖို့ဆိုတာ သိပ်မသေချာ ဘူးလေ။

နောက်ပြိုင်ပွဲလေး တခုက ယုန်နှင့်လိပ် အပြေးပြိုင်ပွဲ ဖြစ်တယ်။ ဟာသတခုလို့ ထင်ရတယ်။ အပြေး အမြန်ဆုံး ယုန်နဲ့ အနှေးဆုံး လိပ်ကိုမှ ပြိုင်ရတယ် လို့လေ။ လောကအမြင်မှာ ယုန်က နိုင်ပြီးသားပဲလေ။ ဒါပေမယ့် တကယ် ပြိုင်လိုက်တဲ့ အခါကျ ယုန်ရှုံးသွားတယ်။

ဘာလို့ ရှုံးရတာလဲ။ ပြိုင်ဘက်ကို အထင်သေးတဲ့ ယုန်ရဲ့ စိတ်ဓာတ်ကြောင့် ပဲလေ။ ငါ့ကို မမီလောက်ပါဘူး ဆိုပြီး လိပ်ကို အထင် သေးမိတာကို။ ယုန်က ပန်းတိုင် ရောက်လာနီးမှ အိပ်မိသွားခဲ့တယ်။ လိပ်ကတော့ ဖြေးဖြေးနဲ့ ပုံမှန်လေးပဲ လျှောက်လာလိုက်တာ အိပ်ပျော်နေတဲ့ ယုန်ကို ကျော်ပြီး ပန်းတိုင် ဝင်သွားတယ်။

ဒီအပြေးပြိုင်ပွဲက ဘာပေးလဲ ဆိုတော့ ပန်းတိုင် ရောက်ဖို့အတွက် အပြေးမြန်ဖို့ အဓိက မကျပါဘူး။ ပြိုင်ဘက်ကို အထင်မသေးတဲ့ စိတ်ရှိဖို့ လိုတယ်။ သတိ ဝီရိယ ရှိနေရမယ်။ ဖြေးဖြေးနဲ့ ပုံမှန်လျှောက်ရင် ပန်းတိုင်ကို ရောက်နိုင် ပါတယ်။

အဲ့ဒီလိုပါပဲ လူ့ဘဝမှာ အပြိုင်အဆိုင်တွေ အရမ်း များကြတယ်။ သူဌေး အချင်းချင်း ပြိုင်ကြတယ်။ သူ့ထက်ငါ ရာထူးရရေး အခွင့်အရေး ရရေး ဆိုပြီး ကြိုးစားကြတယ်။ တချို့ကျ နမည်ကြီးအောင် ကြိုးစာကြတယ်။

အောင်မြင်တဲ့ လူတယောက်ဟာ ပြိုင်ဘက်ကို ဘယ်တော့မှ အထင်မသေးဘူး။ ကိုယ်ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေ ဖြစ်ရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားတယ်။ အဓိက ပန်းတိုင်က အောင်မြင်မှု ရဖို့ ဖြစ်တယ်။

ဘဝဆိုတဲ့ ဒီပြိုင်ပွဲမှာ အသက်အရွယ် အပိုင်းအခြား အချိန် အကန့်အသတ် မရှိပါဘူး။ ဒါပေမယ့် သတိထားရ ပါမယ်။ ကိုယ်အပြေးမြန်တယ် ဆိုရင် ပြေးပါ။ ဒါပေမဲ့ လဲကျ၊ ပြုတ်ကျတဲ့အခါ နောက်လူတွေက ကျော်တက်သွား ပါလိမ့်မယ်။

အပြေး မြန်လွန်းရင်လည်း ခြေချော် လက်ချော် ဖြစ်တတ်တယ်။ သိပ်နှေးလွန်း ရင်လည်း ပန်းတိုင်းရောက်ဖို့ မသေချာပြန် ပါဘူး။ ဒါကြောင့် ဖြေးဖြေးနဲ့ ပုံမှန် သွားမှသာ လိပ်လို အောင်မြင်မှု ပန်းတိုင်းကို ရောက်နိုင်မှာပါ။

ကိုယ်တိုင်က အပြေး နှေးလွန်းတယ် ဆိုရင် အပြေးမြန်အောင် လေ့ကျင့်ရမယ်။ အပြေးမြန်ရင်လည်း လဲမကျအောင် သတိထားရပါမယ်။ လဲကျရင် ပြန်ထနိုင်အောင် အားမွေးရပါမယ်။

သို့သော် တခု သတိထားရမယ်။ ကိုယ့်ထက် မိုင်ပေါင်းများစွာ ကျော်လွန်နေတဲ့ သူတယောက်ကို အမီ လိုက်ချင်နေ ပြီလား။

လိုက်လိုက လိုက်လို့ရပါတယ်။ သူက ရပ်နေသူ မဟုတ်ပါဘူး။ သူ့ကို အမီလိုက်ဖို့ရန် အတွက် ကိုယ်က အဆပေါင်း များစွာကြိုးစားရမယ်။ ကိုယ်ကြိုးစားရမယ်။ ကိုယ်မောပန်းလိမ့်မယ်။ လဲကျလိမ့်မယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွား နိုင်တယ်။

ဒါကြောင့် လိပ်လို ဖြေးဖြေးနဲ့ ပုံမှန်လေးပဲ ပြေးတာ ကောင်းပါတယ်။ အဓိကက ဘာပဲဖြစ်ဖြစ် ကိုယ်လဲကျတိုင်းမှာ အရှုံး ပေးစရာ မလိုပါဘူး။ ကိုယ်အောင်မြင်ဖို့ အတွက် ကိုယ်ကြိုးစားရမယ်။ ကိုယ်အောင်မြင်ချင်တယ် ဆိုရင် အရှုံးမပေးပဲ ကြိုးစားလိုက်ပါ။ ဘုန်းမြတ်သူ

Post a Comment

0 Comments