ဒီလို သူဌေးဆီမှာ အလုပ်မလုပ်ပါနဲ့

ဝန်ထမ်းတိုင်း လုပ်ငန်းခွင် ထဲမှာ မလွဲမသွေ ကြုံရမှာမယ့်သူ ကတော့ အလုပ်ရှင် သူဌေးပဲ။ အလုပ်ရှင်ကောင်းနဲ့ လုပ်ကိုင်ရတဲ့ ဝန်ထမ်းတွေ ကတော့ ပင်ကိုယ် အရည်အချင်းတွေ၊ အခွင့်အလမ်းတွေ တိုးတက် သွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ခပ်ဆိုးဆိုး သူဌေးဆီမှာ အလုပ် လုပ်နေရပြီ ဆိုရင်တော့ ကိုယ်ပိုင် အရည်အချင်းကို ထုတ်ဖော်ပြလို့ မရတဲ့ အပြင် အခွင့်အလမ်း ကောင်းတွေတောင် ဆုံးရှုံးသွား တတ်ပါတယ်။

ကိုယ်တိုင်လည်း ဝန်ထမ်းကောင်း ဖြစ်ဖို့ အရေးကြီးသလို အလုပ်ရှင် ဘက်ကလည်း လူကြီးလူကောင်း ဆန်ဖို့ လိုအပ် ပါတယ်။ အောက်မှာ ရေးထားသလို အကျင့်စရိုက် ရှိတဲ့ အလုပ်ရှင် သူဌေးမျိုး ဆီမှာတော့ အလုပ်ဆက်ပြီး မလုပ်ပါနဲ့တော့။

၁။ ကြောင်ချေးသူဌေး

ဒီလိုသူဌေးမျိုးက ကြောက်ဖို့ ကောင်းတယ်၊ ပျော့ပျော့လေးနဲ့ကို နံတာ။ "ညီလေးတွေ၊ ညီမလေးတွေ အလုပ် ကြိုးစားကြနော်၊ Sunday လည်း အချိန်ပို ဆင်းပေးဦး" ဆိုပြီး ပျားသကာလို ချိုသာတဲ့ စကားလုံးတွေနဲ့ သိမ်းသွင်း တတ်ပေမယ့် အချိန်ပိုကြေး ပေးမယ် ဆိုရင်တော့ အတိတ်မေ့သလို ရွှေပျောက်သလို ရူးချင်ယောင် ဆောင်တတ်တဲ့ အလုပ်ရှင်မျိုးပါ။

၂။ ဘဝင်ရူးသူဌေး

တချို့သူဌေးတွေက "ငါကတော့ အလုပ်ရှင်ပဲ၊ ကုမ္ပဏီမှာ အကြီးဆုံးလေ၊ အဲဒီတော့ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး၊ ဝန်ထမ်းဆိုတာ ငွေပေးရင် ရပါတယ်" ဆိုပြီး စိတ်ကြီးဝင် တတ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ခံစားချက်တွေကို နားမလည်ဘဲနဲ့ ကိုယ်တိုင် ဘဝင်တွေ နဲ့သာ ရပ်တည်နေတဲ့ အတွက် ရေရှည်မှာ အလုပ် ဖြစ်မှာ မဟုတ်ပါဘူး။

၃။ အာကျယ်သူဌေး

အလုပ်ရှင် သူဌေးဟာ ဆရာမဟုတ်သလို ဝန်ထမ်းဟာလည်း ကျောင်းသား မဟုတ်တဲ့ အတွက် လူကြားထဲမှာ အော်ငေါက်ဖို့ မလိုပါဘူး။ တချို့သူဌေးတွေ ကတော့ ဝန်ထမ်းလေးတွေကို လူရှေ့ သူ့ရှေ့မှာ အော်ကြီးဟစ်ကျယ် ဆူပူ နေတာက တဖက်သားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ အာကျယ် သူဌေးဆီ မှာလည်း မလုပ်လေနဲ့။

၄။ နှာဘူးသူဌေး

နာမည်က နည်းနည်း ရိုင်းသလို ရှိပေမယ့် ဒီလို သူဌေးမျိုး တွေကလည်း အပြင်မှာ အများသားဗျ။ "အရင်တခါ ရှင်းပြတုန်းက ဒီစာရင်းလေးကို ခေး နားမလည်လို့" ဆိုပြီး ခပ်ချောချော ဝန်ထမ်းမလေးက ပြောလာရင်

"ဟုတ်ပြီ နှစ်ခါရှိမှ မှတ်မိမှာပေါ့၊ လာ ရှင်းပြမယ်။ ရော့ ဖုန်းနံပါတ် ယူသွား၊ မရှင်းရင် အချိန်မရွေး ဖုန်းဆက်မေးနော်" ဆိုပြီး စေတနာတွေ ရေစီးကမ်းပြို လိုက် နေပေမယ့်

"ကျနော် ဒီအပိုင်းလေး နားမလည်လို့" ဆိုပြီး ပုရိသ ဝန်ထမ်း တယောက်က ခွင့်တိုင် လာမယ် ဆိုရင်တော့ "မင်းကိုက ထုံတိ ထုံအ နဲ့ရယ်၊ အရိပ်ပြ အကောင် မထင်ဘူး၊ မဲမဲကြီးလို့ ပြောမယ့်ကောင်၊ သွား အာရုံ နောက်တယ်" ဆိုပြီး ခပ်ပြတ်ပြတ် ပြောတတ်တာဗျ။

၅။ ဖားကြိုက်သူဌေး

တချို့သူဌေးတွေက အဖားကြိုက်၊ အမြှောက် ကြိုက်တွေဗျ။ ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းရွက်နေတဲ့ ဝန်ထမ်းတွေ ကိုတော့ လစာ တိုးပေးဖို့၊ ရာထူး တိုးပေးဖို့ မစဉ်းစားဘူး။

ငဖားတွေကိုပဲ ရာထူးတွေ၊ လစာတွေ တအား တိုးပေး နေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ပင်ကိုယ်စရိုက်က ဖားရတာ ဝါသနာ မပါဘူး ဆိုရင်တော့ ဖားကြိုက်တဲ့ သူဌေးဆီမှာ ဆက်မလုပ်ပါနဲ့တော့။

၆။ တယူသန်သူဌေး

"ငါပြောတာ အမှန်၊ ငါခိုင်းတာပဲ လုပ်" ဆိုပြီး ကိုယ်ပိုင် ဒဿနတွေနဲ့ ရှင်သန်နေပြီး လက်အောက်ငယ်သား တွေရဲ့ စကားကို ဂရုမစိုက်တတ်တဲ့ သူဌေးမျိုးရဲ့ လက်အောက်မှာ ဆက်ပြီး အလုပ် လုပ်နေရင်တော့

"ပိုးကြိုးသာကုန် မောင်ပုံ စောင်းမတတ်" ဆိုသလို အချိန်တွေသာ ကုန်နေပြီး ကိုယ်ပိုင် ဖန်တီးမှုတွေက တိုးတက်လာမှာ မဟုတ်တော့ ပါဘူး။ ကျော်စိုးအောင်

Post a Comment

0 Comments