ရိုးသားမှုကို အရောင်မဆိုးပါနှင့်

တခါက သူဌေးသူကြွယ် တဦးဟာ ရေစီးသန်တဲ့ မြစ်ကို ကူးဖြတ်ရင်း လှေမှောက် သွားလို့ မြစ်လယ်မှာ ရှိတဲ့ ကျောက်တုံး တတုံးပေါ် တက်ပြီး အကူအညီ ရဖို့ အော်ဟစ်နေခဲ့တယ်။ အဲဒီအချိန်မှာ လူငယ်လေး တယောက် ရောက်လာခဲ့တယ်။

လူငယ်လေးဟာ ကိုယ့်အသက်ကိုမှ မမှုဘဲ သူကြွယ်ကို ကယ်ဖို့ လှေကို လှော်ခတ်ခဲ့တယ်။ ဒါပေမယ့် ရေစီးသန်တဲ့ အတွက် လှေက ထင်သလောက် အမြန် မလှော်နိုင်ခဲ့ဘူး။ "ငါ့ကို မြန်မြန်ကယ်ပါ။ ငါ့ကို ကယ်နိုင်ရင် မင်းကို ငွေ တထောင် ပေးမယ်"

သူကြွယ်က အော်ဟစ်ပေမယ့် ရေစီးသန်တဲ့ အတွက် လှေက ဖြေးဖြေးပဲ ရွေ့လျားနိုင် ခဲ့တယ်။ "မြန်မြန်လှော်ပါ။ ဒီအရောက် လှော်ခဲ့ရင် ငါ ငွေ ၂ ထောင် ပေးမယ်" လို့ သူကြွယ်က အော်ပြန်တယ်။

လူငယ်လေးက အားကြိုးမာန်တက် လှော်ခဲ့ပေမယ့် လှိုင်းတွေကြားမှာ ထင်သလောက် အရာ မရောက်ခဲ့ဘူး။ "ရေတွေ တက်လာပြီ အားစိုက်စမ်းပါ။ မင်းကို ငွေ ၅ ထောင် ပေးမယ်" လို့ သူကြွယ်က ထပ်ပြီး အော်ပြောပြန်တယ်။

ရေက သူကြွယ် ရပ်နေတဲ့ ကျောက်တုံးကို တဖြည်းဖြည်း မြုပ်လာခဲ့ပြီ ဖြစ်တယ်။ လူငယ်လေးဟာ သူကြွယ်ဆီ လှော်ခတ်နေတဲ့ လှေလှော်နှုန်း ဟာလည်း တဖြည်းဖြည်း ပိုနှေးသွားတယ်။

"မြန်မြန်လှော် ငါ တသောင်း ပေးမယ်" လို့ သူကြွယ်က အော်လိုက်ပြန်တယ်။ ထိုအချိန်မှာတော့ သူကြွယ်ရဲ့ ခြေကို ရေ စမြုပ်နေပြီ ဖြစ်တယ်။ ဒါပေမယ့် လှေသွားနှုန်းက ပိုနှေးလာခဲ့တယ်။

"၅ သောင်း ပေးမယ် ၅ သောင်း" စကားတောင် ဆုံးအောင် မပြောနိုင်ဘဲ လှိုင်းကြီး တလုံးကြောင့် သူကြွယ် မြစ်ထဲကျ နစ်မြုပ်ပြီး ရေနောက် ပါသွားခဲ့တယ်။

လူငယ်လေးက လှေကို ကမ်းကပ်ပြီး ဝမ်းနည်းစွာနဲ့ "ခင်ဗျားကို ကျွန်တော် ကယ်မလို့ပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ကို ငွေတွေ လာပေးရသလဲ။

တကြိမ်ပြီး တကြိမ် ငွေတွေ တိုးပေးခဲ့လို့ ကျွန်တော် ဖြေးဖြေးလှော်ရင် ငွေ ပိုရနိုင်မယ်လို့ တွေးထင်ခဲ့တယ်။ ဒါကြောင့် ရေနောက် ခင်ဗျား ပါသွားခဲ့တယ်။ ကျွန်တော်ကြောင့် ခင်ဗျား အသက် ဆုံးရှုံးခဲ့ရတယ်။

ဒါပေမယ့်၊ ခင်ဗျားကို ကယ်ဖို့ ကျွန်တော့်စိတ်ထဲမှာ ရိုးသားမှု တွေပဲ ရှိပြီး အကျိုးအမြတ်ကို ထည့်မစဉ်းစား မိချိန်မှာ ခင်ဗျား ဘာဖြစ်လို့ ကျွန်တော့်ကို ငွေတွေ ပေးမယ်လို့ ပြောခဲ့ရသလဲ" လို့ ရေရွတ်နေ ပါတော့တယ်။

သူများရဲ့ စေတနာတွေ၊ ရိုးသားမှုတွေ အပေါ် အရောင် မဆိုးမိဖို့ လိုပါတယ်။ Crd

Post a Comment

0 Comments