တွင်းမတူးသော ကြွက်

တခါတုန်းက တောင်ပို့လေး တခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့ အခြားကြွက်များ နေထိုင်ကြ ပါတယ်။ ကြွက်မိတ်ဆွေ နှစ်ကောင် ကတော့ တကောင်က မိမိဘဝ ရပ်တည်မှု အတွက် လုံခြုံမှု ရစေဖို့ တွင်းကို ကိုယ်တိုင်တူးပြီး တခြား ကြွက်တွေလို နေသတဲ့။

ကျန်တဲ့ တကောင်ကတော့ ကိုယ်တိုင် တွင်းမတူးပဲ သူများ တူးထားတဲ့ တွင်းအဟောင်းတွေ မှာပဲ လိုက်ပြီး ခိုအောင်း နေတဲ့ ကြွက်ဖျင်း တကောင် ပါတဲ့လေ။ တွင်းတူးဖို့ မလို တွင်းဟောင်းတွေ ခိုနေမယ် လို့ တွေးထားတာပါ။

ကြွက်ဖျင်းက သူ့ကိုယ့်သူ သက်သာရာ ရှာချင်တာကြောင့် ခုလို နေပါသတဲ့။ သူများတွေ ပင်ပန်းကြီးစွာ နေစရာ တွင်းတူးနေချိန်မှာ သူကတော့ အစာလေး စားပြီး နှပ်နေရတယ် လို့ သူက တွေးပါတယ်။

မိတ်ဆွေ ကြွက်ကလေး ကိုလည်း သူတို့ နေတတ်ဖို့ စည်းရုံး ပါသေးတယ်။ လုံ့လနဲ့ အမျှော်အမြင် ရှိတဲ့ ကြွက်ကတော့ ကြွက်ဖျင်း ဘယ်လို ပြောပြော နားမထောင်ပါဘူး။ သူ့အလုပ်ကိုပဲ သူအာရုံစိုက် လုပ်နေတာပေါ့။ ငါ့တွင်းဟာ ငါ့အတွက်သာ မဟုတ် အခြားသော ကြွက်တွေ အတွက်လည်း နားခိုစရာလေး ဖြစ်လာမယ် လို့လည်း ခံယူထား ပါတယ်။

ဒါ့အပြင် ငါ အခုလို တူးနေတာ အပန်းမကြီးပါဘူး။ ဒါဟာ ငါ့အတွက် တွင်းတူးနေကျ ဖြစ်လို့ အလေ့အကျင့်တောင် ရနေပါတယ်။ အများလိုပဲ တွင်းတတွင်းကို ငါလည်း အမြန် တူးနိုင်တာပေါ့ လို့ ကြွက်ဖျင်းကို ပြောပြခဲ့တာပေါ့။ ဒီလိုနဲ့ တနေ့မှာ ကြွက်တို့ နေထိုင်ရာ တောင်ပို့လေး ပြိုကျ ပါတော့တယ်။

ဒီချိန်မှာ ကြွက်အားလုံးဟာ ဘဝကို တက ပြန်စကြရတာပေါ့။ ကြွက်တိုင်းလိုလိုဟာ သူတို့ နေထိုင်ရာ တွင်းကို တူးနိုင်ကြပေမယ့် အမြဲ ရေသာခိုပြီး အချောင် နေတတ်တဲ့ ကြွက်ဖျင်းခမျာ မှာတော့ တွင်းလည်း မတူးတတ်၊ နေစရာနေရာ တွင်းဟောင်းတွေလည်း ရှာမရတော့ အခက်တွေ့ပြီး နောင်တတွေ ရနေတာပေါ့။

ဒီလိုနဲ့ အခြားကြွက်တွေ ဆီမှာ သူလည်း နေပါရစေ ဆိုပြီး အသနားခံပေမယ့် သူ့လိုကြွက်ဖျင်း တကောင်ကို ဘယ်ကြွက်တွေကမှ လက်မခံပါဘူး။ မိမိမှာ လုပ်နိုင်စွမ်း ရှိရက်နဲ့ မလုပ်ပဲ အချောင် နေချင်တဲ့ ကြွက်ဖျင်းကို ငါတို့တွေ မသနားဘူးလို့ ပြောလွှတ်ကုန်ပါသတဲ့။

နောက်ဆုံး လုံလနဲ့ အမျှော်မြင်ရှိတဲ့ ကြွက်ကလေးဟာ ကြွက်ဖျင်းလေးကို ခေါ်ပြီး သူ့ကြွင်းမှာ ထားသတဲ့။ သူ့အတွက်တော့ သူ့တွင်းဟာ တခြားသူတွေ အတွက်ဆိုတဲ့ စကားကို သက်သေပြလိုက်တာ ပါပဲ။

ကျန်တဲ့ ကြွက်တွေလည်း လုံလရှိတဲ့ ကြွက်ကလေးကို လေးစားလွန်းလို့ အစာပိုတွေ သယ်လာပြီး ပေးကြတာပေါ့။ ကြွက်ဖျင်းလေးလည်း ဒီဖြစ်ရပ်တွေ ကြည့်ပြီး အများလို မကျင့်ကြံခဲ့လို အများရဲ့ အလေးထားမှုကို ငါဆုံးရှုံးလိုက်ရတာ ပါလားလို့ တွေးမိသွားပါတယ်။

ရေသာခိုနေခြင်းဟာ မကောင်းပါလား၊ ခဏတာ သာယာမှု ရပေမယ့် ရေရှည်မှာ ဆိုးရွားစေတယ် ဆိုတာ ကြွက်ဖျင်း တကောင် ကောင်းကောင်း နားလည်ပြီး နောင်တတွေ တပုံကြီး ရသွားပါတယ်။

ငါဟာ တွင်းမတူးတဲ့ ကြွက်ဖျင်းပဲ။ တွင်းတူးတဲ့ ကြွက်တကောင် ဖြစ်အောင် ငါယနေ့မှ စပြီး ပြင်ဆင်ရတော့မယ် လို့ ဆုံးဖြတ်လိုက် ပါတော့တယ်။ လောကမှာ ကိုယ့်တွင်း ကိုယ်တူးခြင်းသာ ကောင်းပါပေတယ် ဆိုတာကို ကြွက်ဖျင်း တကောင် သဘောပေါက်ခဲ့ ပါတယ်။ YGN news

Post a Comment

0 Comments