ဟိုး ရှေးရှေးတုန်းက ရွာတရွာမှာ မုဆိုးတယောက် ရှိတယ်။ တနေ့တော့ မုဆိုးဟာ တောအုပ်ထဲ သားကောင် လှည့်လည် ရှာဖွေရင်း သမင်တကောင်ကို တွေ့တော့ ပစ်ပြီး သမင်သေကို ထမ်းပြီး ပြန်လာတယ်။
မုဆိုးဟာ အပြန်လမ်းမှာ တောဝက်ကြီး တကောင်ကို တွေ့တော့ သမင်သေကို အောက်ချပြီး တောဝက်ကြီးကို မြားနဲ့ ပစ်တယ်။ မြားမှန်သွားတဲ့ တောဝက်ဟာ မုဆိုးဆီ တဟုန်ထိုး ပြေးလာပြီး ပက်လိုက်တယ်။
ထိုအခါ မုဆိုးဟာ ဝှေးစေ့ကို အပက်ခံရပြီး မုဆိုးကြီးခမျာ အမြစ်က ကော်လဲတဲ့ သစ်ပင်လို လဲကျ သေဆုံးသွား တော့တယ်။
ရေ၊ မီး၊ အဆိပ်၊ လက်နက်၊ ငတ်မွတ်ခြင်း၊ အနာရောဂါ၊ တောင်ပေါ်မှ ကျခြင်း ဆိုတဲ့ သေခြင်း အကြောင်းတရား တို့တွင် တခုခုသော သေကြောင်း ကြုံတွေ့တဲ့အခါ သတ္တဝါတွေဟာ သေကျေ ပျက်စီး ကြရတယ်။
တိုက်ခိုက်မှုကြောင့် တောဝက်ရော မုဆိုးပါ သေဆုံးသွားတဲ့ အပြင် တောဝက်နဲ့ မုဆိုးတို့ရဲ့ ခြေထောက်တွေနဲ့ နင်းမိပြီး မြွေတကောင်ပါ အဆစ် သေသွားခဲ့ ရတယ်။
ထိုအချိန်မှာပဲ မြေခွေး တကောင်ဟာ အစာရှာ ထွက်လာရင်း မုဆိုး၊ တောဝက်၊ သမင်၊ မြွေ ဆိုတဲ့ အသေကောင် လေးဦးကို တွေ့ပြီး စိတ်ထဲကနေ တွေးတယ်။ "ဒီနေ့ ငါ တော်တော် ကံကောင်းတာပဲ။ အစားအစာတွေ အများကြီးကို ရတာပဲ"
ဆင်းရဲဒုက္ခ တွေဟာ မမျှော်လင့်ပဲ ရောက်လာတတ် ကြသလို၊ ချမ်းသာသုခတွေ ဟာလည်း မမျှော်လင့်ပဲ ရောက်လာတတ် ကြတယ်။ ဒီလို ဆင်းရဲ ချမ်းသာ ဖြစ်ပေါ်လာ တာဟာ ရှေးက ပြုခဲ့ဖူးတဲ့ ကောင်းမှု မကောင်းမှု ကံကြောင့် သာလျှင်အဓိကအကြောင်းလို့ ထင်မိပါတယ်။
မြေခွေးက ဆက်တွေးတယ်။ "ဒီ အစာ အာဟာရ တွေနဲ့ ငါ ငါးလလောက် ချမ်းချမ်းသာသာ အေးအေးဆေးဆေး စားသောက်နေလို့ ရတယ်။ မုဆိုးက တလစာ လုံလောက်တယ်။
သမင်နှင့် ဝက်သေကောင်က သုံးလစာ လုံလောက်တယ်။ မြွေသေကောင် ကတော့ တရက်စာ လုံလောက်တယ်။ ဒီနေ့တော့ ချွေတာတဲ့ အနေနဲ့ လေးညို့သားရေ ကိုသာ စားသင့်တယ်"
မြေခွေးဟာ အဲဒီလို ကြံပြီး လေးညို့ကြိုးကို စားမလို့ ကိုက်ဖြတ်လိုက်တဲ့အခါ ကြိုးပြတ်ပြီး လေးကိုင်းက ရင်ဝကို ရိုက်မိကာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွား ပါတော့တယ်။
ပစ္စည်းဥစ္စာကို အမြဲတမ်း ရှာဖွေစုဆောင်း သင့်ပါတယ်။ ဒါပေမဲ့ လွန်လွန် ကဲကဲ မစုဆောင်း သင့်ပါဘူး။ လွန်လွန်ကဲကဲ ချွေတာစုဆောင်းမိတဲ့ မြေခွေးဟာ မုဆိုးရဲ့ လေးကိုင်း ရိုက်ချက်ကြောင့် အသက်ထွက်ခဲ့ရ ဖူးပါတယ် ။ Crd
0 Comments