အမှောင်တကာ့ အမှောင်

တခါတုန်းက ဘုရင်ကြီး တပါးသည် သူ့မှာရှိသော ပညာရှိများကို အဖြေ တခု ရှာခိုင်းလေသည်။ ဘုရင်ကြီး ကိုယ်တိုင် မသိသေးသောကြောင့် ပညာရှိများကို မေးခြင်းဖြစ်သည်။ တကယ်လို့ သူစိတ်တိုင်းကျတဲ့ အဖြေ မရရင် အားလုံးကို ပြည်နှင်ဒဏ် ပေးမည် ဆိုသော အမိန့်တော်ပါ မိန့်လိုက်သေသည်။

ဘုရင်ကြီး မေးသော မေးခွန်းမှာ "အမှောင်တကာ့ အမှောင်တွင် ဘယ်အမှောင်သည် အမှောင်ဆုံးနည်း" ဟူသော မေးခွန်း ဖြစ်သည်။ တယောက်ယောက်က ဖြေနိုင်မယ် ဆိုရင် ရပြီ။ မဖြေနိုင်ရင်တော့ ပြည်နှင်ဒဏ်ပေါ့။ ၇ ရက် အချိန်ပေးလိုက်လေသည်။

ပညာရှိတွေလည်း စဉ်းစားကြတာ ပေါ့လေ။ တချို့ကလည်း "အင်း အလင်းရောင် မရှိတဲ့ အခန်းကျဉ်းသည် အမှောင်ဆုံး၊ မြေအောက်ခန်း အလင်းမရှိရင် အမှောင်ဆုံး၊ တိမ်တွေ ဖုံးနေတဲ့ လမသာတဲ့ သန်းခေါင်ယံသည် အမှောင်ဆုံး၊ မိုးမှောင်ကျပြီး လမရှိ ကြယ်မရှိက အမှောင်ဆုံး" စသဖြင့် တွေးတောနေကြ အဖြေထုတ်နေ ကြတာပေါ့။

ပညာရှိ တဦးသည် ဒါတွေလောက်တော့ ဘုရင်လည်း သိလိမ့်မည်။ ဒီအဖြေကို နှစ်သက်လိမ့်မည် မဟုတ်၊ သေချာ စဉ်းစားမှ ရမည်ဆိုပြီး စဉ်းစားလိုက်တာ မနက်ဖြန်ဆို ၇ ရက်သာ ပြည့်တော့မည်။ အဖြေ မရပါပဲ အခက်တွေ့ နေပါသည်။ မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တတွေတွေ ဖြစ်နေ၏။ ဖခင် ခုလိုဖြစ်နေတာကို မြင်သောအခါ သမီးမှ မေးလေသည်။

"အဖေ ဘာများ ညစ်နေပါသလဲ" ဟု မေးလေသည်။ ဖခင်ကလည်း ဒီလို ဖြစ်နေသည်ဟု ပြသနာကို ရှင်းပြလေသည်။ သမီးက နားထောင်ပြီး သောအခါ "အဖေ သိချင်သော အဖြေကို သမီးပေးမည်။ ညသန်းခေါင်ယံ အိမ်ဘေးက လူမနေတဲ့ အခန်းမှာ အဖြေ သွားယူလိုက်ပါ" ဟု ပြောလိုက်လေသည်။

သမီးဖြစ်သူ သည်လည်း ပညာဉာဏ် ရှိတယ် ဆိုတာကို ဖခင်က သိတော့ "ကောင်းပြီ သမီး" ဟု ပြောလိုက်လေသည်။ ဒါပေမယ့် စိတ်ထဲမှာ စိုးရိမ်နေသေး တာပေါ့ အဖြေမှန်ပါ့မလားနှင့်။ ညသန်းခေါင်ယံလည်း ရောက်တယ် ဆိုရင်ပဲ ဖခင်ကြီးက အခန်းရှိရာသို့ လာလေသည်။

အခန်းသည် မီးရောင် မှိန်ပြပြ လေးနှင့် ဝိုးတဝါး ဖြစ်နေသည်။ အခန်း အတွင်းသို့ လိုက်ကာစကို ဖွင့်ပြီး အဝင်တွင် မြင်လိုက်ရသည်က မိန်းမ တယောက် အဝတ် စလစ်ဖြင့် ဆွဲဆောင်မှု အပြည့်နှင့် စိတ်ကို မြူစွယ်နေသည်။ အမတ်ကြီးလည်း စိတ်တွေ ထကြွလာကာ ရှေ့သို့ တိုးလာလေသည်။

တဖြေးဖြေး နီးလာသော အခါ မျက်လုံးထဲတွင် ထိုမိန်းမသည် သမီးဖြစ်သူနှင့် တူနေသည်ကို သတိထားမိ ပေမဲ့ အကြည့်နှင့် ခြေလှမ်းများလည်း မရပ်ခဲ့ပါ။ သမီးဖြစ်သည်ကို သေချာသော်လည်း ကြံရွယ်ထားသော စိတ်အာရုံ ကိုလည်း မရပ် တဏှာစိတ် တို့သည် ထကြွလျက် အသိပျောက် နေလေတော့သည်။

ထိုအခါတွင် သမီးဖြစ်သူက အဝတ်များကို ဆွဲကာ လိုက်ပြီး "အဖေ သတိထားလော့" ဟု ပြောလိုက်လေသည်။ "အဖေလိုချင်သော အဖြေသည် ဒါပါပဲ" ဟု ပြောလိုက်၏။ ထိုအခါမှ ဖခင် အမတ်ကြီးလည်း သတိဝင်သွားကာ "ငါမှားပြီ ငါရှက်လိုက်တာ သိက္ခာတရားတွေ ကျပါပြီ" ဟု နောင်တတွေ ရနေ သည်။

သမီးမှ "အဖေ မမှားပါဘူး။ အဖေတင် မဟုတ် ယောက်ျားတိုင်း မိန်းမတိုင်း ကာမနှင့် ထိတွေ့လျှင် သတိတွေ အသိတွေ ပျောက်တတ်တာ သဘာဝပါ" ဟု ပြောပြီး "မနက်ကို ဘုရင်ကြီးဆီမှာ လျှောက်ချေလော့" ဟု ပြောလိုက်၏။

ညီလာခံတွင် ဘုရင်ကြီးသည် ပညာရှိများ ဖြေသော အဖြေများကို နားထောင်ပြီး လိုချင်သော အဖြေမရ ဖြစ်နေပြီး ဒေါသ ထွက်နေချိန် နောက်ဆုံး တယောက်အဖြစ် အမတ်ကြီးကို မေးလေသည်။ အမတ်ကြီးမှ "မှန်လှပါ ဘုရား။ ဘုရင်မင်းကြီး မေးသော အဖြေကို ရရှိလာပါသည်" ဟု လျှောက်တင်လေသည်။

"အမှောင်တကာ့ အမှောင်ထဲတွင် ကာမအမှောင်သည် အမှောင်ဆုံး" ဟု လျှောက်တင် အဖြေပေး လေသည်။ "တခြား အမှောင်တို့သည် မှောင်သော်လည်း မမှားပါ မမိုက်ပါ။

မမြင်သော်လည်း မမှားပါ မမိုက်ပါ။ မှားခဲ့သော် တခဏသာ မှားမည်။ ကြယ်ရောင် လရောင် မရှိသော ညသည် စိတ်ကိုတော့ မမှောင်မိုက် စေပါ၊ မျက်လုံးကိုသာ မှောင်စေပါသည်။

မြေအောက်ခန်းသည် မှောင်သော်လည်း မြေနံ့တော့ မပျောက် အခန်းမှာ ရှိချိန်မှာသာ မှောင်သည်၊ အခန်းအပြင်တွင် မမှောင်နိုင်တော့ပါ။ ညအမှောင်များ သည်လည်း နေ့တွင် မမှောင်နိုင်တော့ပါ ညမှာသာ မှောင်ပါသည်။

ကာမအမှောင် ကိလေသာတဏှာ အမှောင်သည် စိတ်ကိုလည်း မှောင်စေ မိုက်စေပါသည်၊ ဘဝကိုလည်း မှောင်စေ မိုက်စေ ပါသည်၊ သံသရာ ကိုလည်း မှောင်စေ မိုက်စေပါသည်။

ဒီလို အမှောင်သည် ပြန်လည် လင်းလက်ဖို့ အတွက် အင်မတန်မှ မလွယ်သလို၊ ဒီအမှောင်သည် ကောင်းသော အနံ့လည်းပျောက်၊ ကောင်းသော အကြံလည်း ပျောက်၊ ကောင်းတဲ့ သိက္ခာလည်း မဲ့၊ ကောင်းတဲ့ အရှက်တရားလည်း ကင်း၊ မှားမှန်း သိသည်ကိုပင် မှားပါစေ ဟု ရေစုန်မျော ဆက်လက် မိုက်တဲ့အထိ ဖြစ်တတ်ပါသည် ဘုရား။

ဒါကြောင့် လောကတွင် ရှိသော အမှောင်တကာ့ အမှောင်တွင် ကာမကိလေသာ အမှောင်သည် အမှောင်ဆုံး ကြောက်စရာ အကောင်းဆုံးသာ အမိုက်မဲဆုံး ဖြစ်ပါသည်" ဟု ဖြေလိုက်သော အခါ ဘုရင်ကြီး နှစ်ခြိုက်တော်မူသည်။ နောက်တနေ့တွင် ဘုရင်ကြီးနှင့် အမတ်ကြီးသည် နန်းတော်မှ စွန့်ခွါ၊ တောထွက်တော် မူပြီး တရားအားထုတ် ကြလေ၏။ KMM

Post a Comment

1 Comments

  1. ကျွန်တို့ရဲ့ဖွားဖွားအမြဲပြောပြသွန်သင်ဆုံးမလေ့ရှိတဲ့ဆုံးမစကားပါ

    ReplyDelete