နွားထက်ကြီးတဲ့ ဖား

တခါတုန်းက ရေအိုင် တခုမှာ ဖားတအုပ် နေထိုင်ကြ ပါတယ်။ သူတို့နေတဲ့ ရေအိုင်က လူတွေ နေတဲ့ နေရာနဲ့လည်း ဝေးတယ်။ အဲဒါကြောင့်လည်း ဖားတသိုက်ဟာ လူ၊ ကျွဲ၊ နွား၊ ခွေး စတဲ့ တိရစ္ဆာန်တွေ ကိုလည်း မမြင်ဘူးဘဲ ရှိနေခဲ့ကြတယ်။

တနေ့မှာတော့ မျက်စေ့လည် လမ်းမှားလာတဲ့ နွားတကောင်ဟာ ဖားတွေနေတဲ့ ရေအိုင်မှာ ရေလာသောက်တယ်။ ဖားတွေဟာ နွားကို ကြည့်ရင်း အံ့သြသွား ကြတယ်။

"ဟား၊ အင်မတန် ကြီးမားတဲ့ ဧရာမ သတ္တဝါကြီးပဲ။ ငါတို့တွေက သူ့ခြေရာခွက် ထဲမှာ ရေစိမ် လို့တောင် ရတယ်။ နည်းတဲ့ အကောင်ကြီး မဟုတ်ဘူး"

"အေးကွ အရင်က ကိုဖားပြုတ်ကို အကြီးဆုံးလို့ ထင်ထားတာ ခုမှ၊ ဒီသတ္တဝါကြီးက အကြီးဆုံးဆိုတာ သိတော့တယ်။ သူနဲ့ယှဉ်ရင် ကိုဖားပြုတ်က အီးပေါလောပဲ"

ဖားကလေးတွေ အဲဒီလို ပြောဆိုနေတုန်း အခိုက်မှာပဲ ဖားပြုတ် ရောက်လာတယ်။ သူက ဒီလို ပြောတယ်။ "ဟေ့ကောင်တွေ မင်းတို့ ပြောတဲ့ အကောင်က ဘာကောင်မို့လဲ။ လောကမှာ ငါ့ထက်ကြီးတဲ့ အကောင်ဆိုတာ မရှိဘူး။ ငါအကြီးဆုံးပဲ"

ဖားပြုတ်က ပြောပြောဆိုဆိုနဲ့ သူ့ကိုယ်လုံးကို လေတွေနဲ့ ဖောင်းထား လိုက်တယ်။ "တွေ့လား ဟေ့ကောင်တွေ၊ ခု မင်းတို့ တွေ့ရတဲ့ သတ္တဝါကြီးနဲ့ တူတယ်မလား"

ဖားပြုတ်က တကိုယ်လုံးကို လေနဲ့ ဖောင်းထားတာကို ကြည့်ပြီး ကျန်တဲ့ ဖားတွေက ရယ်မော ကြတယ်။ "ခင်ဗျား ဖောင်းထားတာက ကျွန်တော်တို့ တွေ့တဲ့ သတ္တဝါကြီးရဲ့ အီးပုံလောက်ပဲ ရှိတယ်"

အဲဒီစကားကို ကြားတဲ့အခါ ဖားပြုတ်က သူ့ကိုယ်လုံးကို ထပ်ပြီး မကြီးကြီးအောင် လေတွေ ထပ်ဖြည့်လိုက်တယ်။ ဖားကလေးတွေ ကလည်း လှောင်ပြန်တယ်။

"ဟား ဟား ဟား၊ ဟိုသတ္တဝါကြီးရဲ့ ခြေရာခွက်ထဲမှာ ခင်ဗျားလိုအကောင် သုံးလေးကောင်လောက် နေလို့ရတယ်"

အဲဒီအခါမှာလည်း ဖားပြုတ်က ပိုပြီး ဖောင်းသည်ထက် ဖောင်အောင် ပြုလုပ် ပြန်တယ်။ ဖားကလေးတွေက ရယ်မောကြ ပြန်တယ်။ ဖားပြုတ်က ဖောင်းရင်း ဖောင်းရင်းနဲ့ နောက်ဆုံးမှာတော့ ရင်ကွဲပြီး သေပွဲဝင်ရသတဲ့။

သူတပါး အထင်ကြီးအောင် ကြိုးစားဖို့ မလိုပါ။ ကိုယ့်ဘဝကိုသာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပါ။ Crd

Post a Comment

0 Comments