နွားချေးလည်းချ နတ်လည်းမ

တခါတုန်းက မောင်တင်နဲ့ မယ်ခင် ဆိုတဲ့ သူဆင်းရဲ ဇနီးမောင်နှံ တို့ဟာ ရွာစွန် တဲလေးမှာ နေပြီး လယ်လေး တကွက်ကို ပိုင်ဆိုင်ကြ သတဲ့။ သူတို့ ပိုင်ဆိုင်ထားတဲ့ လယ်မြေက ရတဲ့ စပါးသီးနှံ နဲ့ မလောက်မင ဖြစ်ပြီး ကျပ်တည်းကြ တာပေါ့။

တနေ့မှာတော့ မောင်တင်က အကြံတခု ရတယ်။ "လူမစွမ်းရင် နတ်မ သတဲ့ဟ။ ရှင်မရေ မနက်ဖြန် ငါတို့ လယ်ထိပ်က သရက်ပင်ကြီးမှာ စားဖွယ်သောက်ဖွယ်နဲ့ သွားပြီး ချမ်းသာအောင် တောင်းပန်ကြစို့"

နောက်တနေ့ မှာတော့ သရက်ပင်စောင့် ရုက္ခစိုးကြီးဟာ သူ့အပင်အောက် လာပြီး မစဖို့ ဆုတောင်းနေတဲ့ သူဆင်းရဲလင်မယားကို တွေ့လိုက်ရတယ်။

"အင်း ငါတော့ ဒုက္ခပဲ။ ရှေးကုသိုလ် မပါရင် ဘယ်လိုမှ ထောက်ပံ့လို့ မရဘူး ဆိုတာ ဒင်းတို့ မသိကြဘူး။

ရှေးကုသိုလ် ပါတာတောင် အခုလက်ရှိမှာ လုံ့လ ဝီရိယ မရှိသူ၊ ဉာဏ်ပညာ ချို့တဲ့သူကို ကူမဖို့ အင်မတန် ခက်တယ်။ အင်းလေ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ရ မှာပဲ"

ဒီလိုနဲ့ တနေ့မှာ မယ်ခင်ဟာ ဆွမ်းခံလာတဲ့ ဘုန်းကြီး တပါးကို ဆွမ်းလောင်း လိုက်တာ တွေ့ရတယ်။ "ဟုတ်ပြီ ဒင်းတို့ကို မစဖို့ရာ အခွင့်အရေးတော့ ရလာပြီ" ဆိုပြီး ရုက္ခစိုးကြီးဟာ မယ်ခင် ဟင်းရွက် ခူးသွားတဲ့ အခါ လမ်းမှာ ရွှေစ တချို့ ချထား လိုက်တယ်။

ဒါပေမယ့် မယ်ခင်က ဟင်းရွက် ရှာရင်း အပေါ်ကို မော်ကြည့် သွားတဲ့ အတွက် မမြင်ဘူး တဲ့ကွယ်။ ဒါနဲ့ အတော် ကြာလာတဲ့ တနေ့မှာ မောင်တင်က သူတောင်းစား တယောက်ကို ဆန်နည်းနည်း ပေးတာကို ရုက္ခစိုးကြီး တွေ့ရတယ်။

"ဟုတ်ပြီ ဒီတခါတော့ လမ်းမှာ ချပြီး ပေးလို့ မဖြစ်ဘူး။ သစ်ပင်မှာ ချိတ်ဆွဲ ပြရင်တော့ မြင်မှာပဲ" အဲဒီနေ့ မှာတော့ မယ်ခင်ဟာ တောထဲကို သွားပေမယ့် အသွားရော၊ အပြန်မှာပါ အပေါ်ကို မော့မကြည့်မိပဲ လမ်းကိုသာ ကြည့်သွားနေ သတဲ့။

အဲသည်နှစ်မှာ မိုးလေဝသ ကလည်း မကောင်းတော့ သူဆင်းရဲ လင်မယားဟာ ဆန်စပါးလည်း အရင်ကလောက် မရကြဘူးတဲ့။

"မိန်းမရယ် ငါတို့ အရိုအသေ ပေးကြတဲ့ သစ်ပင်က ရုက္ခစိုးကြီးက တန်ခိုးမကြီးဘူးလား မသိဘူးနော် ငါတို့ကိုလည်း မ မစ ပါလားကွာ"

အဲဒီညမှာပဲ လင်မယား နှစ်ယောက်လုံးကို ရုက္ခစိုးကြီးက အိပ်မက် ပေးသတဲ့။ "အမောင် ဆင်းရဲသား ကုသိုလ်ကောင်းမှု မရှိတဲ့သူ၊ ထကြွ လုံ့လ မရှိတဲ့ ပျင်းရိသူ၊ အသိဉာဏ် နုံနဲ့သူ တို့ကို ငါတို့ နတ်များက ကူညီမစလို့ မရပါဘူး။

ဒီတော့ နောက်တနှစ် ကျရင် အသင့်ရဲ့ လယ်ကို မြေဆီသြဇာ ကောင်းမွန်အောင် နောက်ချေး (နွားချီး) လည်း ချပါ။ တမန်းညက်အောင်လည်း ထွန်ပြီး စိုက်ပါ၊ ငါလည်း ကူညီ မစ ပါ့မယ်"

သူဆင်းရဲ လင်မယားဟာ ရုက္ခစိုးကြီး ပြောတဲ့ အတိုင်း ကြိုးစားပြီး လုပ်ကိုင် ကြတဲ့အခါ မကြာခင်ပဲ ချမ်းသာသွားကြသတဲ့။

လုံ့လမထူ ဉာဏ်မကူဘဲ၊ အယူ တစောင်း ကံတကြောင်းမျှ၊ မကောင်းလည်း ကံ ကောင်းလည်း ကံ ဟု ကံကိုချည်းသား မကိုးရာဘူး။ ပညာဉာဏ်ဖြင့် သင့် မသင့်ကို အခွင့်ရှု၍ အပြုလုံ့လ ရှိအပ်စွတည့်။ ဖိုးဖိုးဦးဇဝန (မဃဒေဝ)

Post a Comment

0 Comments