တခါတုန်းက ရွာတရွာမှာ မိဘ မဲ့နေတဲ့ ကောင်လေးတယောက် ရှိတယ်။ သူက အရမ်း အပျင်းထူတဲ့ အတွက် တရွာလုံးက သူ့ကို ငပျင်း ဆိုတဲ့ နာမည်ကိုပဲ ခေါ်ကြတယ်။ မိဘကလည်း မရှိလေတော့ အရမ်း ဆင်းရဲတာပေါ့။
သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကို ခိုင်းသတဲ့။ နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေး တကောင်ကိုလည်း သူ့ကို လက်ဆောင် ပေးသေးတယ်။
ဒီလိုနဲ့ ငပျင်းဟာ ရွာပြင် ထွက်ပြီး ရွာထဲက နွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့ နွားတွေက ပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ဝဖီးလာတယ်။ ဒါနဲ့ ရွာသားတွေက မကျေနပ်လို့ လိုက်ချောင်းကြတော့ ငပျင်းဟာ စားကျက်ထဲ ရောက်တာနဲ့ သူ့နွားက လွဲရင် ကျန်တဲ့ နွားတွေကို သစ်ပင်ရိပ်မှာ ချည်ပြီး သူက အိပ်နေတယ်။ ညနေရောက်မှ နွားတွေနဲ့ အတူ ရွာထဲ ပြန်လာတာပေါ့။
အဲဒီမှာ ရွာသားတွေက သူ့ကို သတ်ပစ်ချင် ကြတာပေါ့။ သူကြီးက သက်ညှာသောအားဖြင့် "သူ့နွားကို ရွာသားတွေက သတ်စားစေ" ဆိုပြီး အမိန့်ချ လိုက်တယ်။ ဒါနဲ့ ငပျင်းလည်း
"နွားကို သတ်စားရင်စားပါ၊ နွားသားရေ ကိုတော့ သူ့ကိုပေးပါ" လို့ တောင်းတယ်။ ရွာသားတွေ ကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။ ငပျင်းလည်း နွားသားရေကို ပုဆိုးစုတ်နဲ့ ထုပ်ပိုးပြီး ရွာကနေ ထွက်လာလိုက်တယ်။
ခြေဦးတည့်ရာ သွားလိုက်တာ တောအုပ်တခုထဲ အဖြတ်မှာ မိုးက ချုပ်သွားတယ်။ ဒါနဲ့ နီးစပ်ရာ ညောင်ပင်ကြီး တပင်ပေါ်မှာ တက်အိပ် လိုက်တယ်။ ညလည်း နက်ရော သူအိပ်နေတဲ့ ညောင်ပင်ကြီး အောက်မှာ လူတစု ရောက်နေတာ တွေ့လိုက်ရတယ်။
သူတို့ အပြောအရ အဲဒီနယ် တဝိုက်မှာ ကျက်စားနေတဲ့ ဓါးပြအုပ်စု ဖြစ်နေတယ်။ ဝေစုခွဲရင်း အရက် ထိုင်သောက်နေ ကြတယ်။ ငပျင်းလည်း ကြောက်လန့်ပြီး ခုအိပ်ထားတဲ့ နွားသားရေခြောက်က ဓါးပြတွေ အပေါ်ကို ပြုတ်ကျသွားတယ်။
ဓါးပြတွေလည်း ညောင်ပင်က သရဲခြောက်တယ် ထင်ပြီး ဘာမှမယူနိုင်ပဲ ပြေးပါလေရော။ ငပျင်းလည်း တော်တော် ကြာသွားတော့မှ ဓါးပြတွေရဲ့ စားကျန်တွေစား ဓားပြတိုက်ရာပါ ပစ္စည်းများ ထဲက တဝက်ကိုယူ၊ တဝက်ကို သူ့ရဲ့ နွားသားရေ ခေါက်နဲ့အတူ မြေမြုပ် ထားခဲ့ပြီး ရွာကို နောက်နှစ်ရက်လောက် နေတော့ ပြန်လာခဲ့တယ်။ ရွာသားတွေက သူ့ကိုမြင်တော့ တော်တော် အံ့သြသွားတယ်။ ကိုယ်ပေါ်မှာ စိန်တွေ၊ ရွေတွေနဲ့ သီးနေတာကိုး။ ဒါနဲ့ မနေနိုင်ပဲ မေးကြတာပေါ့။
ငပျင်းကလည်း "ကျွန်တော့် နွားလေးကို သတ်စားလိုက်ကြတာ ကျေးဇူးတင် လိုက်တာဗျာ။ ဟိုး နေပြည်တော် ဖက်မှာ နွားသားရေတွေ အရမ်း ဈေးကောင်းနေတာဗျ။ နွားသားရေ တခုထဲ မို့လို့ ဒီလောက်ပဲ ရခဲ့တာ။
တခြားရွာက လူတွေဆို ဒီအကြောင်း သိလို့ သွားရောင်းကြတာ တရွာလုံး သူဌေးဖြစ်နေပြီ။ ဒီရွာက လူတွေက ညံ့ပါတယ်" လို့ ပြန်ဖြေတယ်။ အဲဒါနဲ့ ရွာသားတွေလည်း သူ့စကားကို ယုံပြီး နွားတွေသတ်ပြီး နေပြည်တော်ဖက်မှာ သွားရောင်းကြတာပေါ့။
ဟိုက လူတွေက သူတို့ကို အရူးတွေ ထင်ပြီး မောင်းထုတ်လိုက် ကြတယ်။ ရွာသားတွေလည်း စိတ်တိုပြီး ပြန်လာကြတယ်။ ရွာရောက်တော့ ငပျင်းရဲ့ အိမ်ကို မီးဝိုင်းရှို့ လိုက်ကြတယ်။ ငပျင်းလည်း အိမ်ကို မီးရှို့ပြီး ထွက်လာတဲ့ ပြာကိုတော့ သူ့ကိုပေးပါ လို့တောင်းတယ်။
ရွာသားတွေကလည်း ပေးတယ်။ ငပျင်းက ပြာကို ပုဆိုးနဲ့ ထုပ်ပိုးပြီး ရွာကနေ ထွက်လာခဲ့တယ်။ အရင်တခါ ပစ္စည်းတွေ မြေမြှုပ်ထားတာကို ပြန်ဖော်ပြီး သုံးရက်နေတော့ ရွာပြန်လာတယ်။ ဒီတခါလည်း ရွှေတွဲလွဲ ငွေတွဲလွဲ ဆိုတော့ ရွာသားတွေက မေးပြန်ရော။
ငပျင်းလည်း "အရှေ့ဖက်ကို သုံ့းရက် ခရီးသွားရင် အဲဒီမှာ သာယာကုန်း ဆိုတဲ့ရွာ ရှိတယ်ဗျ။ အဲဒီရွာက အိမ်ကို မီးရှို့လို့ ထွက်လာတဲ့ ပြာနဲ့ ပြာဆေး ဖော်ရောင်းတယ်။ သူတို့ရွာက သစ်တွေ ဝါးတွေက ဆေးဖက်မဝင်တော့ တခြားရွာက အိမ်မီးရှို့တဲ့ ပြာကိုဝယ်ရတယ်လေ။
သူတို့ဆေးက စွမ်းတော့ ရောင်းကောင်းပြီး သူဌေးတွေ ဖြစ်နေပြီ။ တခြားရွာက သူတွေလည်း ပြာရောင်းပြီး ချမ်းသာနေပြီ။ ပြာထဲမှာမှ ကျုပ်ပြာက အကောင်းဆုံး ဆိုပဲ။ ဒါကြောင့် ဈေးကောင်းပေးပြီး ဝယ်တာလေ။ ဒါတောင် ပြာကနည်းနည်းပဲ ပါသွားလို့ပေါ့"
အဲဒါနဲ့ ရွာသားတွေလည်း အိမ်တွေကို မီးရှို့ကြပြီး ပြာတွေကို လှည်းတွေပေါ် တင်ပြီး ပြာသွားရောင်း ကြတယ်။ ထုံးစံအတိုင်း ဒေါသ ငယ်ထိပ် ရောက်ပြီး ပြန်လာရပြန်ရော။ ရွာသားတွေ တိုင်ပင်ရတော့တာပေါ့။
ငပျင်းကြောင့် ခိုင်းနွားတွေ လည်းဆုံး၊ အိမ်တွေလည်း ဆုံးဆိုတော့ ဒီကောင့်ကို သေဒဏ်ပေးမှ ဖြစ်မယ် ဆိုပြီး ရွာဘေးချောင်းက ငါးထောင်တဲ့ မြှုံးတိုင်မှာ ချည်ထားပြီး ရွာပြန်လာကြတယ်။ ဒီရေတက်လာရင် ရေစီးနဲ့အတူ မျောပါသွားအောင်ပေါ့။
ငပျင်းက ဒီတခါတော့ သေပြီဆိုပြီး မှိုင်တွေနေတုန်း တခြားရွာက လူတယောက်က မျက်လုံးတဖက် လပ်နေတဲ့ ကျွဲထီး တကောင်ကို ဆွဲပြီး လျှောက်လာရင်း သူ့ကို မြင်သွားတယ်။ အဲဒီလူက လှမ်းမေးတယ်။
ဟေ့လူ "ခင်ဗျားကို ဘယ်သူတွေက ဒီလို ချည်ထားတာလဲ" တဲ့။ ငပျင်းကလည်း "ကျုပ်ရွာသားတွေပေါ့ဗျာ။ ကျုပ်ကို အတင်း သူကြီးလုပ်ခိုင်းတယ်လေ။ မလုပ်ချင်ဘူးဆိုတာနဲ့ ဒီမှာ လာချည်ထားကြတာ"
အဲဒီလူကလည်း "နေရာချင်းသာ လဲချင်တယ်ဗျာ။ သူကြီးဖြစ်ဖို့ ဆိုတာ အိမ်မက်တောင် မမက်ဖူးဘူး" ငပျင်းကလည်း
"တကယ်လား၊ ဒါဆိုလွယ်ပါတယ်။ နေရာချင်း လဲမယ်လေ။ ရွာသားတွေကို အဲဒါတော့ အကြောင်း ကြားရမယ်" ဆိုပြီး အဲဒီလူကို သူ့နေရာမှာ ချည်ခဲ့ပြီး သူကတော့ ကျွဲကို လက်ကဆွဲ ရွာထဲကို ပြန်ဝင်သွားတယ်။
အဲဒီကျွဲပိုင်ရှင်လည်း ရေတက်ချိန်မှာ ရေစီးနဲ့မျောပါသွားရော။ ရွာသားတွေကလည်း ငပျင်းကို မသေတဲ့ အပြင် ကျွဲတကောင်နဲ့ တွေ့ရပြန်တော့ အံ့သြကြပြီး မေးတာပေါ့။
ငပျင်းကလည်း "အဲဒီချောင်းက ရေစီးသန်တယ်။ ခင်ဗျားတို့က တခါမှ ရွာပြင်မထွက်တော့ ဘယ်သိမှာလဲလေ။ ရေစီးနဲ့ အတူ ကျွဲတွေ မျောလာတာ။ ချောင်းက ကျယ်တော့ ချောင်းလယ်ရောက်လေ ကျွဲကကြီးလေပဲ။ ကျုပ်ကို ရေနက်နက်မှာ မချည်ခဲ့တော့ ဒီမျက်လုံးတဖက် လပ်နေတဲ့ ကျွဲပဲ ရခဲ့တာပေါ့"
ရွာသားတွေကလည်း ယုံပြီး သူ့ထက်ငါဦးအောင် ငါးထောင်တဲ့ မြှုံးမှာ အချည်ခံကြ တော့တာပေါ့။ ရွာလုံးကျွတ် ရွာသားတွေ အကုန်ပဲ။ ရေနက်လေကောင်းလေ ဆိုတော့ ငပျင်းက သူတို့ကို ချောင်းလည်မှာချည်ထားလိုက်တယ်။ မိန်းမတွေနဲ့ ကလေးတွေ ကတော့ ကမ်းပေါ်မှာ စောင့်နေကြတယ်။
ဒီရေလည်း တက်လာရော ရေစီးကြမ်းတဲ့ ချောင်းရေနဲ့ အကုန် မျောပါသွားကြတယ်။ အစအနတောင် မမြင်ရတော့ဘူး။ ငပျင်းလည်း "လင်တွေ ပြန်အလာကို စောင့်နေတဲ့ မိန်းမတွေဆီ အော်ပြောလိုက်တယ်။ ကဲ၊ ဦးနှောက်မရှိတဲ့ သူတွေတော့ သွားကြပြီ။ နင်တို့တွေ ဒီနေ့ကစပြီး ငါ့မယား ဖြစ်သွားကြပြီ။ ငါ့ကို လုပ်ကျွေးပြုစု ကြပေတော့" လို့ ဆိုလိုက်သတဲ့။
ပုံပြင်လေးက ဒီတွင်ပြီးဆုံး သွားပါသည်။ တခါ အလိမ်ခံရလျှင် လိမ်သူအပြစ်၊ နှစ်ခါ အလိမ်ခံရလျှင် အလိမ်ခံရသူ အပြစ်။ ထိုကြောင့် အလိမ်မခံရအောင် စာဖတ်ခြင်းဖြင့် ဗဟုသုတ ရယူဖို့ တိုက်တွန်းပါရစေ။ Argyi
0 Comments