မာန်တက်နေသော သူဌေးသား

တခါတုန်းက လမ်းဘေးက အဘိုးအို တယောက်က သူနဲ့ ဘဝတူချင်း ဖြစ်တဲ့ ကလေးတယောက်ကို ပုံပြင်တပုဒ် ပြောပြဖူးတယ် ပုံပြင်လေးရဲ့ နာမည်က "ကိုယ့်ကိုယ်ကို အထင်ကြီးရင် ရှုံးနိမ့်ရတယ်" တဲ့။

ဟိုတုန်းက မြို့တမြို့မှာ အရမ်း ချမ်းသာတဲ့ သူဋ္ဌေးသား တယောက် ရှိခဲ့ဖူးတယ်။ သူဋ္ဌေးသားက အသက် ကလည်းငယ် ဘွဲ့ရ ပညာတတ် ဆိုတော့ မာန်မာနလေးတွေ ရှိနေတာပေါ့။

သူဋ္ဌေးသား ဆိုတဲ့အတိုင်း အလုပ်ကလည်း မလုပ် တနေ့ တနေ့ အပေါင်းအသင်း တွေနဲ့ ပျော်ပါးနေတာ အချိန်တွေ ကုန်လာလိုက်တာ မိဘတွေတောင် နောက်ဆုံးအချိန်ကို ရောက်လာ ပါလေရော။

အဲဒါနဲ့ အိပ်ယာထဲ လဲနေတဲ့ မိဘတွေက သူတို့သားကို အလုပ် လုပ်ဖို့ ပြောပေမဲ့ သားက မလုပ်ဘူး။ နောက်တော့ မိဘတွေ သေတယ် ဆိုပါတော့။

မိဘတွေ ကလည်းသေ သားကလည်း အပေါင်းအသင်း တွေနဲ့ ဟေးလား ဝါးလားလုပ်နေတာ မိဘတွေ ရှာထားတဲ့ စည်းစိမ်တွေ ပြုတ်တဲ့အထိ ဆိုပါတော့။ နောက်တော့ ပိုက်ဆံ မရှိတော့ အိမ်ပေါင် အိမ်ရောင်း လုပ်ပြီး နေလာလိုက်တာ နောက်ဆုံး နေစရာမရှိ ဖြစ်သွားတော့တယ်။

နောက်တော့ ကိုယ်ပိုင် အရည်အချင်းနဲ့ အလုပ် လုပ်မယ် ဆိုတော့လည်း သူဋ္ဌေးသားဘဝနဲ့ မောက်မောက်မာမာ နေလာတော့ သူတပါး စီမှာ အလုပ် လုပ်ဖို့လည်း မဖြစ်နိုင်ဘူးလေ။

အဲဒါနဲ့ ကလေးက "အဘိုး အဲဒီသူဋ္ဌေးသားက နောက်တော့ ဘာဖြစ်သွားလဲ" လို့ မေးတော့ အဘိုးအိုက ရယ်ပြီးတော့ "အဲဒီ သူဋ္ဌေးသားက သူတောင်းစား ဖြစ်သွားတာပေါ့ကွယ်" လို့ ပြောလိုက်တယ်။

အဲဒါနဲ့ အဘိုးအိုက "ကလေး၊ အဲဒီ သူဋ္ဌေးသားက ဘယ်သူလဲ ဆိုတာ မသိချင်ဘူးလား" လို့ မေးတဲ့အခါ ကလေးကလည်း "သိချင်တယ်" ပေါ့။ အဘိုးက "ကလေး၊ တကယ်တော့ အဲဒီ သူဋ္ဌေးသားက တခြားသူ မဟုတ်ဘူး။ အဘိုးပဲ" လို့ ပြောလိုက်တော့ ကလေးက အရမ်း အံ့သြ သွားတာပေါ့။

အဘိုအိုးက ထပ်ပြောပြန်တယ်။ "ကလေး လောကမှာ ဆင်းရဲလို့လည်း စိတ်ဓာတ်မကျနဲ့၊ ချမ်းသာလို့လည်း မာန်မတတ်နဲ့။ ဆင်းရဲလို့ စိတ်ဓာတ် ကျနေရင် ဘယ်တော့မှ ထိပ်ရောက်မှာ မဟုတ်ဘူး။

ချမ်းသာလို့လည်း မာန်မတတ်နဲ့။ မာန်တတ်လို့ ပြုတ်ကျရင် ဘယ်တော့မှ နလန်ထူနိုင်မှာ မဟုတ်ဘူး" လို့ ကလေးကို ပြောလိုက်ပါတော့တယ်။

ခြေ လက် အကောင်းတွေ ရှိပါလျက် အလုပ် မလုပ်လိုပဲ မိဘများကို အားကိုးနေသူများ၊ ဘဝင်မြင့်၍ ဘဝကို ပေါ့စစွာ နေတတ်သူတွေ အတွက် သင်ခန်းစာလေးမို့ မေတ္တာဖြင့် မျှဝေတာပါ။ Crd phoomyatchal

Post a Comment

0 Comments