သူဌေးယုတ်နှင့် မိန်းမပျို

တခါက ဆင်းရဲတဲ့ လယ်သမားတဦး ရှိပါတယ်။ သူရဲ့ တနှစ် စိုက်ပျိုးသီးနှံ ရောင်းရသမျှ ဝင်ငွေဟာ အပိုအလျှံ မရှိပဲ တနှစ်ပြီးတနှစ် လည်ပတ်နေရ ရှာတယ်။

လယ်သမားမှာ ချောမောလှပတဲ့ သမီးလေး တယောက်လည်း ရှိတယ်။ သူနေတဲ့ ရွာမှာတော့ သူ့ရဲ့ အလှဂုဏ် သတင်းဟာ ကာလသားတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားတယ်။

ဒီလိုနဲ့ ရာသီဥတု ဆိုးဝါးလှတဲ့ ရာသီတခု မှာတော့ လယ်သမားရဲ့ စိုက်ပျိုးသီးနှံတွေ အကုန်လုံး ပျက်စီးကုန်တယ်။ အဲဒီအခါ ရွာမှာရှိတဲ့ ငွေတိုး ချေးစားတဲ့ သူဌေးတယောက် ဆီမှာ ငွေချေးရ ရှာတယ်။

သူဌေးဟာ ငွေကြေးက လွဲပြီး ကျန်တာတွေ အားလုံး ဆင်းရဲသူသာ ဖြစ်တယ်။ ရုပ်ကလည်း ဆိုးတဲ့အပြင် စိတ်ကောင်းမရှိပဲ အမြတ်ကြီးစားသူ ဖြစ်တယ်။

နှစ်ကုန်လို့ အကြွေး ပြန်ဆပ်ရမယ့် နေ့မှာ သူချေးယူထားတဲ့ ကြွေးမြီးရဲ့ အတိုးကြောင့် လယ်သမားခင်ဗျာ ကြွေးမဆပ်နိုင် ဖြစ်နေခဲ့ရတယ်။ သူ့အနေနဲ့ နောက်ထပ် တနှစ် အကြွေး ထပ်ထားခဲ့ရင်လည်း သူ့လယ်တော တခုလုံးကို အကြွေးရှင်ရဲ့ လက်ထဲကို ပေးအပ်ရမယ့် အခြေအနေ ဖြစ်လာပြန်တယ်။

တနေ့တော့ ကြွေးရှင်ဟာ လယ်သမားဆီကို ရောက်လာပြီး ဒီလိုပြောတယ်။ "ခင်ဗျားရဲ့ သမီးလေးကို ကျုပ်နဲ့ ပေးစားမယ် ဆိုရင် အကြွေးတွေ လျှော်ပေးမယ်"

အဲဒီအခါ လယ်သမားက တူးတူးခါးခါးပဲ ငြင်းဆန် လိုက်တယ်။ သူဌေးဟာ မကျေမချမ်းနဲ့ ပြန်သွားပေမယ့် လက်လျော့မယ့် ပုံတော့ မပေါက်ဘူး။

နောက်တနေ့မှာလည်း အကြွေးရှင်သူဌေး ရောက်လာ ပြန်တယ်။ ဒီတခါတော့ သူဟာ လယ်သမားရော သူ့သမီးလေးရော ကိုပါ လမ်းလျှောက်ရင်း စကားပြောဖို့ လာရောက် ခေါ်ဆောင်တယ်။

သူတို့သုံးယောက်ဟာ လယ်သမားရဲ့ လယ်တောကို သွားတဲ့ ကျောက်ခင်းလမ်း ကလေးမှာ အတူတကွ လမ်းလျှောက်ရင်း စကားပြော ကြတယ်။

သူတို့ လမ်းလျှောက်သွားရင်း ကျောက်ခင်းလမ်း တနေရာမှာ အကြွေးရှင်သူဌေးက ရပ်နားလိုက်တယ်။ ပြီးတော့ သူက ဒီလိုပြောတယ်။

"ဒီအတိုင်းတော့ ကျနော့်ရဲ့ အကြွေးတွေကို လျော်မပေးနိုင်ဘူး၊ ခင်ဗျားတို့ တခုခုတော့ လုပ်ပေးမှ ရမယ်။ ခင်ဗျားတို့ကို ရွေးချယ်ခွင့်တော့ ပေးထားမယ်။

နံပါတ်တစ် အနေနဲ့က ခင်ဗျားသမီးလေးကို ကျနော်နဲ့ လက်ထပ်ပေးရမယ်၊ အကြွေးတွေကိုလည်း လျော်ပေးမယ်။ နံပါတ်နှစ် ကတော့ ခင်ဗျားသမီး ကျနော်နဲ့ လက်ထပ်စရာ မလိုပဲ အကြွေးတွေကို အလကား လျော်ပေးမယ်။

အဲဒီမှာ နံပါတ်တစ်က ကျောက်စရစ်ခဲ အမည်းကို ကိုယ်စားပြုမယ်။ နံပါတ်နှစ်က ကျောက်စရစ်ခဲ အဖြူပေါ့ဗျာ။ ဟောဒီ ကျောက်ပုံထဲက ကျောက်တုံးနှစ်တုံးကို အိတ်ထဲထည့်ပြီး ခင်ဗျားရဲ့ သမီးလေးကို နှိုက်ခိုင်းမယ်။ အဖြူကျမလား အမည်းကျမလား ဆိုတာတော့ ကံတရားက အဆုံးအဖြတ် ပေးလိမ့်မယ်"

လယ်သမားဟာ စိတ်ဖိစီးမှုတွေနဲ့ ချွေးစေး ပြန်လာခဲ့တယ်။ လက်ဖျားခြေဖျားတွေမှာ သွေးမလျှောက်တော့ သလို ဖြစ်လာခဲ့တယ်။ သူချစ်တဲ့ သမီးလေးကို လက်လွှတ်ဖို့ ကံကြမ္မာ ဖန်လာတာလားလို့ တွေးတော ဝမ်းနည်းလာတယ်။

တကယ်လို့ သူတို့သားအဖ နှစ်ယောက်ဟာ ကျောက်စရစ်ခဲ အမည်းရောင်ကို ရွေးချယ်မိ ခဲ့ရင်တော့ သူနှလုံးသည်းပွတ် ကွဲကြေမှာ သေချာတယ်။

ကျောက်စရစ်ခဲ အမည်းနဲ့ အဖြူဟာ ထက်ဝက်စီ အချိုးနဲ့ သူတို့ကံတရားကို အဆုံးအဖြတ် ပေးကြတော့မှာ ဖြစ်တယ်။ ကျောက်စရစ်ခဲ အဖြူ ကျပါစေ လို့ပဲ ဆုတောင်းနေမိ ခဲ့တယ်။ သူဌေးဟာ ပြောပြောဆိုဆိုနဲ့ ကျောက်စရစ်ပုံ ထဲက ကျောက်တုံးနှစ်တုံးကို ယူပြီး အိတ်ထဲကို ထည့်လိုက်တယ်။

မျက်စိရှင်တဲ့ သမီးလေးက သူဌေးရဲ့ ကလိမ်ကျမှုကို မြင်ဖြစ်အောင် မြင်လိုက်တယ်။ အဲဒါကတော့ သူဌေးဟာ ကျောက်စရစ် အဖြူတခဲ၊ အမည်းတခဲ ရွေးရမယ့် အစား ကျောက်စရစ် အမည်းနှစ်ခဲကို ယူပြီး အိတ်ထဲကို ထည့်လိုက်တာပဲ ဖြစ်တယ်။ လယ်သမားကတော့ အဲဒီအဖြစ်အပျက်ကို မမြင်လိုက် မိဘူး။

ကလေးမလေးဟာ ဘာမှမပြောပဲ သူဌေးကို စေ့စေ့ ကြည့်တယ်။ ပြီးတော့ လှပစွာပဲ ပြုံးရင်းနဲ့ အနားကပ် လာတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါးလေးပဲ အိတ်ထဲကို နှိုက်လိုက်တယ်။ ပြီးတော့ ကျောက်ခဲကို ကြည့်တောင် မကြည့်ပဲ ကျောက်စရစ်ခဲပုံ ထဲကို လွှင့်ပစ်လိုက်တယ်။ ပြီးတော့ ဒီလို ပြောတယ်။

"အိတ်ထဲက ကျောက်ခဲက ဘာရောင်လဲ ဆိုတာ ရှင်ဘာသာ ရှင်ပဲ ကြည့်လိုက်တော့။ ဒါဆို ကျွန်မ ဘာရွေးခဲ့သလဲ ဆိုတာ ကိုလည်း ရှင့်ဟာရှင်ပဲ သိလိုက်တော့" လို့ ပြောခဲ့တယ်။ သူဌေးဟာ အံ့သြမှုတွေနဲ့ ဆွံ့အနေ ခဲ့တယ်။ သူ့ရဲ့ မရိုးသားမှု ကိုလည်း ရှက်ရွံ့နေ ပါတော့တယ်။

ဒီပုံပြင်ဟာ impossible situation (မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေ) တခုကနေ အားသာချက် တခုကို ဉာဏ်ပညာနဲ့ ကူးပြောင်းနိုင်တယ်လို့ ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။

တကယ်လို့ ဘဝတကွေ့မှာ အကျပ်အတည်း ကန့်သတ်ချက်တွေနဲ့ ကိုယ့်ရဲ့ တက်လမ်းနဲ့ ရပိုင်ခွင့် တစုံတရာကို လိမ်ညာလှည့်ဖျားပြီး ညစ်ပတ်ထားသူတွေ ကြုံကောင်း ကြုံလာနိုင်မှာပဲ ဖြစ်တယ်။

အဲဒီလို အချိန်မျိုး ကြုံလာခဲ့တဲ့အခါ လယ်သမားကြီးလို ရင်တုန်ပန်းတုန်နဲ့ ကြောက်လန့်မနေပဲ ခေါင်းအေးအေး ထားပြီး အကောင်းဆုံး အဖြေကို ရှာသင့်တယ် လို့ ဆိုပါတယ်။

Most problems do have a solution, sometimes we just need to think in a different way ဆိုတဲ့ စကားလို မတူကွဲပြားတဲ့ နည်းလမ်းတခုကို စဉ်းစားပြီး အဖြေထုတ်နိုင်တယ်လို့ ဆိုပါတယ်။ အကျပ်အတည်းများ ကြုံရခြင်းမှ ကင်းကွာကြပါစေ။ Phyothuta

Post a Comment

0 Comments