ကိုယ့်နောက်ကို လိုက်မည့်အရာ

ကျောင်းအားလပ်ရက် တရက်မှာ သားအဖနှစ်ယောက် တောထဲကို ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာ ခဲ့ပါတယ်။ တောင်ကုန်းလေးတခုပေါ်ကို အရောက်မှာ သားဖြစ်သူက ရုတ်တရက် ခလုတ် တိုက်မိပြီး ချော်လဲ သွားပါတယ်။

နာကျင်တဲ့အတွက် "အား" လို့ အော်လိုက်ရာ အံဩသင့် စရာပဲ တဘက်ကနေ "အား" လို့ ပြန်အော်သံကို သဲသဲကွဲကွဲ ပြန်ကြားလိုက်ပါတယ်။ ကောင်လေးက အနည်းငယ် လန့်သွားပြီး "ဘယ်သူရှိလဲ" လို့ ထပ်အော် ပါတယ်။

"ဘယ်သူရှိလဲ" လို့ ပြန်ကြားရတဲ့ အတွက် "ဘယ်သူ လာစနေတာ လဲကွ" လို့ ထပ်အော်ကြည့်တော့ "ဘယ်သူ လာစနေ တာလဲကွ" လို့ ပြန်ကြားရတဲ့ အတွက် ကောင်လေး ဒေါသ ထွက်လာ ပါတယ်။

အဲဒီနောက် အဖေဖြစ်သူကို "အဖေ ဒါ ဘယ်လို ဖြစ်တာလဲ။ ဘယ်သူ လာစနေတာလဲ မသိဘူး" လို့ မေးတော့ အဖေဖြစ်သူက "သား ဒီမှာ နားထောင်ကြည့်" လို့ ဆိုပြီး "မင်း အရမ်း တော်တာပဲ" လို့အော်လိုက်တယ်။

ထိုအခါ တဖက်က "မင်း အရမ်း တော်တာပဲ" လို့ အသံ ထွက်ပေါ်လာ ပါတယ်။ တဖန် "ကျေးဇူး အများကြီး တင်ပါတယ်" လို့ ထပ်အော်ရာ "ကျေးဇူး အများကြီး တင်ပါတယ်" လို့ အသံကို ပြန်ကြားရ ပါတယ်။

ထပ်မံပြီး "မင်းက အရူးပဲ" လို့ အော်ရာ "မင်းက အရူးပဲ" ဆိုတာကို ပြန်လည် ကြားရပါတယ်။ ကောင်လေးက ဘာလို့ အခုလိုပြောသမျှ အကုန် ပြန်ကြားနေ ရတာလဲ လို့ ထူးထူးဆန်းဆန်း အံဩလို့ နေပါတယ်။

အဖေဖြစ်သူက "ဒီမယ် ငါ့သား အခုလိုမျိုး ကိုယ်ပြောတဲ့ စကား ကိုယ်ပြန် ကြားရတယ် ဆိုတာကို ပဲ့တင်သံ လို့ ခေါ်တယ်။ အခု အဖေတို့ ပြောသမျှကို အကုန် ပြန်ကြားရ သလိုပဲ အဖေတို့ အပြင်လောက မှာလည်း သဘောတရား အတူတူ ပါပဲ။

ကောင်းတာ လုပ်ရင် ကောင်းကျိုးကို ခံစားရမှာ ဖြစ်သလို မကောင်းတာ လုပ်ထားရင် မကောင်းတဲ့ အကျိုးကို မလွဲမသေ ပြန်ခံစားရ မှာပါသား" လို့ ရှင်းပြလိုက် ပါတယ်။

ဒီအကြောင်းအရာလေး ကနေ အဓိက ပေးချင်တဲ့ အသိတခု ကတော့ ကိုယ်ကိုယ်တိုင်က အစစ်အမှန် မပေးဘဲ လိုချင်တာကတော့ အစစ်အမှန် ဆိုရင်တော့ မဖြစ်နိုင် ပါဘူး။

အရာရာတိုင်းက ကိုယ်ပေးသလောက်၊ ကိုယ်လုပ်သလောက်တော့ ပြန်ရမှာပါ။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတာ ဆိုးတာ အားလုံးက အရိပ်တခု အနေနဲ့ ကိုယ့်နောက်ကို အမြဲတမ်း လိုက်ပါနေမှာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments