ပညာရှိ နွားကျောင်းသား

အခုတလော မြင် ကြား တွေ့ နေသမျှ စိတ်ဘဝင် မကျလေသမို့ post လည်း မတင်၊ တင်တာတွေလည်း သိပ်မဖတ်ဖြစ်ဘဲ ခပ်ညစ်ညစ်နဲ့ tennis ဘောလုံးကိုဘဲ လှိမ့်ရိုက်ရင်း စိတ်ထွက်ပေါက်ရှာ ဖြေသိမ့်နေခဲ့တာ ရက်အတော်ကြာခဲ့ပေါ့။

အရင်ပြောသူ အမှန်၊ အမှန်ပြောသူ အမှား၊ မကြောက်သင့်တာ ကြောက်၊ ကြောက်သင့်တာ မကြောက်၊ မရှက်ရင်စံ ရှက်ရင်ခံ၊ မမှန်မှ လူအထင်ကြီးနေ ချိန်မှာ သူ့အရပ်နဲ့ သူ့ဇာတ် ဟပ်မိပြန်တော့ အမှားတွေ မှန်ခဲ့ရတဲ့ အဖြစ်ကလေး မျှဝေပေးချင်စိတ် ကလေး ပေါ်လာမိပြန်သဗျ။

တခါက တိုင်းပြည် တပြည်မှာ ရှင်ဘုရင်ကြီးက သူ့ရဲ့ ပညာရှိ အမတ်ကြီးကို ပညာဉာဏ် စမ်းသပ်လိုတဲ့ အတွက် ခေါ်ယူပြီး "အမတ်ကြီး၊ အမတ်ကြီးကို ငါကိုယ်တော်မြတ် အမူအရာနဲ့ မေးခွန်းသုံးခု မေးတော် မူမယ်။ မောင်မင်းကလည်း အမူအရာ နဲ့ဘဲ ပြန်ဖြေရမယ်။ မှန်ရင် ဆယ်သက် စားမကုန်အောင် စိန်ရွှေရတနာ ဆုတော်လာဒ်တော်များ ချီးမြှင့်တော်မူမယ်။ မှားရင်တော့ ခုလက်ရှိ အဆောင်အယောင် အားလုံးကို သိမ်းမယ်" လို့ မိန့်တော်မူ လိုက်ပါတယ်။

ဒီအခါ ပညာရှိ အမတ်ကြီးလည်း "အင်း ဒီတခါတော့ ကိစ္စတုန်းပြီ ရှင်ဘုရင်ကတော့ ငါ့ကို ညစ်ပြီ ဖြုတ်ချင်လည်း ရိုးရိုးတန်းတန်း ဖြုတ်လိုက်လဲ ရတဲ့ ဟာကို ခုတော့ သူက အပေါ်စီး ကနေ ငါ့ကို အရှက်ခွဲပြီး သူ့မေးခွန်း မဖြေနိုင်လို့ ဆိုပြီး ဖြုတ်ဦးမယ်။ အေးလေ လုပ်ပေါ့။ သူက ရှင်ဘုရင်ဘဲ ဟာကိုး" ဆိုပြီး စိတ်ညစ်ညစ်နဲ့ ချောင်းကလေးဘေးမှာ ထိုင်တွေး နေတုန်း တုတ်ကလေး တချောင်းနဲ့ နွားကျောင်းသားလေး တယောက် ရောက်လာပြီး

"ဦးလေး ကျုပ်ကြည့်နေတာ ကြာပြီ။ ခင်ဗျား ဘာအခက်အခဲများ ရှိလို့ ဒီချောင်းစပ်မှာ လာမှိုင်နေသတုန်း" လို့ မေးလိုက်တဲ့ အခါ အမတ်ကြီးလည်း အဖြစ်အပျက် အလုံးစုံကို နွားကျောင်းသားလေးကို ပြောပြလိုက် ပါတယ်။

ဒီအခါ နွားကျောင်းသားလေးက ဘုရင်ကြီးဆီကို သူ့ကို ခေါ်သွားပေးပါ သူဖြေပါ့မယ် ပြောလာ ပါတော့တယ်။ "ရော ခက်ပါ့ ငါလို ပညာရှိတောင် ဘာဖြေရမယ်မှန်း မသိတာ မင်းကဖြေမယ် ဆိုတော့ သွားပါ ငါ့ကောင်ရယ် ငါ့ကို အပိုလာ ခေါင်းမစားပါနဲ့" လို့ ပြောတယ်။

နွားကျောင်းသားလေးက "အပိုတော့ ဘယ်ဟုတ် မလဲဗျာ မဖြေနိုင်မဲ့ အတူတူ အပြစ်ပေး ခံရတော့ ကျုပ်ပါရင် နှစ်ယောက်ဆိုတော့ အဖော်ရတာပေါ့" လို့ ပြောတဲ့ အခါ အမတ်ကြီးလည်း "အေး ဒါလဲ မဆိုးဘူးဟ" လို့ တွေးမိပြီး နွားကျောင်းသားလေးကို ဘုရင်ကြီး ရှေ့တော်မှောက်ကို ခေါ်သွားခဲ့ပါတယ်။

နွားကျောင်းသားလေးကို တွေ့တဲ့အခါ ဘုရင်ကြီးက ဒီကလေးကို ဘာကြောင့် ရှေ့တော်မှောက် သွင်းခဲ့ရတာလဲ လို့ အမတ်ကြီးကို မေးခဲ့ပါတယ်။ အမတ်ကြီးလည်း ဘုရင်ကြီးရဲ့ မေးခွန်းများဟာ သူလို ပညာရှိကြီး အတွက် အင်မတန် သေးမွှား သိမ်ငယ် နေမှာ ဖြစ်တဲ့အတွက် သူ့ကိုယ်စား ဖြေဖို့ တပည့်လေးကို ခေါ်လာကြောင်း လျှောက်တင် လိုက်တဲ့အခါ ဘုရင်လည်း တင်းသွားပြီး

"ကိုင်း ဟုတ်ပြီ မှန်ရင် နှစ်ယောက်လုံးကို ဆုချမယ်။ မှားရင် နှစ်ယောက်လုံးကို ပြစ်ဒဏ် စီရင်မယ်" လို့ မိန့်တော်မူပြီး မေးခွန်းများကို စမေးပါတော့တယ်။

ပထမဆုံး မေးခွန်းအဖြစ် ဘုရင်က ကောင်းကင်ကို လက်ညှိုး ထိုးပြလိုက် ပါတယ်။ ဖြေဆိုသူ နွားကျောင်းသားလေးက ဘုရင်ကြီးမျက်နှာကို စေ့စေ့ ကြည့်ပြီးတော့ ခေါင်းညိတ်ပြ လိုက်ပါတယ်။ "မှန်တယ်" ဘုရင်ကြီးရဲ့ ဝမ်းမြောက် ကျေနပ်အားရသံ။

အားလုံး အံ့အားသင့် နေစဉ်မှာဘဲ ဒုတိယမေးခွန်းကို ဘုရင်ကြီးက ဆက်မေးလာပါတယ်။ ဘုရင်ကြီးက မြေပြင်ကို လက်ညှိုး ထိုးပြလိုက် ပါတယ်။ နွားကျောင်းသားလေးက ခုနအတိုင်းဘဲ ပြုံးပြီး ခေါင်းညိတ်ပြ လိုက်ပါတယ်။

ကြားလိုက်ရပြန်ပါပြီ ဒုတိယ အကြိမ်မြောက် ဘုရင်ကြီးရဲ့ ကျေနပ် အားရတဲ့ အာလုပ်သံ။ "မှန်တယ်" တဲ့။ အမတ်ကြီးလည်း အတော်လေး အသက်ရှုချောင်လို့ ခေါင်းလေး နည်းနည်းမော့မယ် အလုပ် တတိယမေးခွန်းကို ဘုရင်ကြီး မေးနေပါပြီ။

ဘုရင်ကြီးက သူ့ရဲ့လက်ကို ခေါင်းပေါ်မှာ ဝှေ့ရမ်း ပြနေပါတယ် နွားကျောင်းသားလေးက ဘုရင်ကြီးနဲ့ ပိုနီးအောင် ရှေ့ကို နည်းနည်းတိုးလိုက်ပါတယ် ပြီးတော့ သူ့ခါးက ပုဆိုးကို ဆတ်ကနဲ ကွင်းလုံးချွတ်ချ လိုက်ပါတယ်။

နန်းတော်တခုလုံး ဟာကနဲ ဖြစ်သွားပြီး အမတ်ကြီးလည်း ဟိုက်ကနဲ နောက်ပြန် လန်သွားရာ နောက်က အခွန်ဝန်က ဒူးနဲ့ ဖမ်းထိန်းပေး ထားရပါတယ်။ ဘုရင်ကြီးလည်း မျက်လုံး ပြူးသွားသလို ပညာရှိကြီးလည်း နှလုံးသွေး ရပ်မတတ် ထိတ်လန့် သွားခဲ့ပါတယ်။

နန်းတော်တခုလုံး အပ်ကျသံ ကြားရမတတ် တိတ်ဆိတ် ငြိမ်သက်နေတဲ့ အချိန်မှာ ကြားလိုက်ရတာ ကတော့ ဘုရင်ကြီးရဲ့ အောင်မြင်ခန့်ငြား ထယ်ဝါတဲ့ အသံကြီး။ "မှန် တယ်"

နန်းတော်တခုလုံး လက်ခုပ် သြဘာသံတွေ လျှံလို့ပေါ့ ဘုရင်ကြီးလည်း သူ့ကတိ အတိုင်း ဆုလာဒ်တွေ ပေးပြီး အမတ်ကြီးကို လက်ကုတ် မှာလိုက်သေးသဗျ။ "မင်း ဒီကောင်လေးကို သေသေချာချာ မွေးစမ်း။ တောက်မဲ့မီးခဲ တရဲရဲ ဆိုတာ ဒါမျိုးကွ" တဲ့။

အမတ်ကြီးလည်း ဘုရင်ကျေနပ်အောင် မှန်လှပါ ပေါ့။ ဒါပေမဲ့ ဘုရင်နဲ့ နွားကျောင်းသားကြား တခုခု မှားနေတာ ကိုတော့ သူသိတယ်လေ။ အဲဒါနဲ့ အပြန်မှာ အမတ်ကြီးက နွားကျောင်းသားလေးကို ကပ်မေးရ တော့တာပေါ့။

"ပညာရှိလေး လုပ်စမ်းပါဦးဟ ဘုရင်ကြီးက ဘာတွေမေးလို့ မင်းက ဘာတွေ ဖြေတာတုန်း" "ဒါကြောင့် အစကတည်းက ခင်ဗျားကို ကျုပ်ပြောသားဘဲ စိတ်မပူပါနဲ့လို့။ ခင်ဗျား ဘုရင် ခပ်ညံ့ညံ့ပါဗျာ လောဘ တော်တော်ကြီးတဲ့လူ" "ဟေ" အမတ်ကြီး နှုတ်ခမ်းမွှေး ကားလို့ ထပြီးတော့တောင် ထွက်ပြေးချင်စိတ် ပေါက်သွားတယ်။ ဆက်နားထောင်လိုက်တော့

"ဒီလိုဗျ ပထမမေးခွန်းမှာ သူက လက်ညှိုးကို အပေါ်ထိုးတာ တောင်ပေါ်က နွားတွေက မင်းဟာလား ငါ့ကို ပေးပါလား တဲ့။ ကျုပ်လည်း သြော် သူလိုချင်လို့ တောင်းတာဘဲလေ ဆိုပြီး ဟုတ်တယ် ယူလို့ ခေါင်းညိတ် ပြလိုက်တာပေါ့ဗျာ။ အဲ ဒုတိယမေးခွန်း မြေပြင်ကို လက်ညှိုး ထိုးပြတာ တောင်အောက်က နွားတွေရောတဲ့ ငါ့ကိုပေးပါလား တဲ့။ ကျုပ်လည်း သူအကြောင်းကိစ္စရှိလို့ လိုအပ်လို့ တောင်းတာဘဲလေ ဆိုပြီး ယူလို့ ခေါင်းငြိတ် ပြလိုက်တာပေါ့" "ဟင်"

အမတ်ကြီး တအံ့တသြနဲ့ "ဒါဖြင့် တတိယ မေးခွန်းက သူ့ ခေါင်းပေါ်ကို လက်နဲ့ ဝှေ့ယမ်းပြ ပြ ပြ တာက" လို့ အထစ်ထစ် အငေါ့ငေါ့နဲ့ မေးမိတော့ "အဲသဟာ ပြောတာပေါ့ဗျာ။ ခင်ဗျားတို့ ဘုရင် လောဘကြီးတယ် ဆိုတာ။ ကျုပ်ရှိသမျှ နွားတွေ အကုန် သူ့ပေးမလားတဲ့။ ကျုပ်လည်း အမြင်ကပ်ကပ် ရှိတာနဲ့ ဒီလောက် လောဘကြီးတဲ့ ဘုရင် ဒါဘဲ ယူဆိုပြီး ပုဆိုး ချွတ်ပြလိုက်တာ" တဲ့။

အမတ်ကြီးလည်း ဘုရားတပြီး "သူ့အဖြေ ဘုရင် မသိတာ ငါသေနေ့ မစေ့သေးလို့ ပါလား" လို့ တွေးမိသွားတယ်။ အမတ်ကြီးလည်း ဘုရင်ကြီးရဲ့ မေးခွန်းနဲ့ အဖြေမှန်ကို စုံစမ်းဖို့ ဘုရင့် ရှေ့တော်မှောက်ကို ဝင်ရောက်ခဲ့ ပါတယ်။

"အရှင်မင်းကြီး ကျွန်တော်မျိုးကြီး ကတော့ ပညာရှိ ဆိုသော်လည်း မင်းကြီးနဲ့ သူငယ်လေးတို့ရဲ့ အမေးအဖြေကို နားလည် စေနိုင်လောက်အောင် ဗဟုသုတ မပြည့်ဝလေတဲ့ အတွက် ရှင်းလင်း ပြသပေးတော်မူပါ ဘုရား" လို့ လျှောက်တင်တယ်။

ထိုအခါ ဘုရင်က "ဒီလို အမတ်ကြီးရဲ့ ပထမမေးခွန်း ခေါင်းပေါ် လက်ညှိုး ထိုးတာက နတ်ပြည်ဆိုတာ ရှိသလားလို့ မေးတာ ခင်ဗျားကောင်က ခေါင်းညိတ် ပြတယ် ရှိတယ်တဲ့။ သူသိတယ်။ ဒုတိယ မေးခွန်း မြေပြင်ကို လက်ညှိုး ထိုးတာက ငရဲပြည်ဆိုတာ ရှိလားလို့ မေးတာ ဒါလည်း ဒီကောင် သိတယ် ရှိတယ်တဲ့ ခေါင်းညိတ် ပြတယ်။

တတိယ မေးခွန်း ခေါင်းပေါ်မှာ လက်ဝှေ့ယမ်း ပြတာက တလောက လုံးမှာ အရေးအကြီးဆုံးက ဘာလဲလို့ မေးတာ ဖြေသွားလိုက်တာဗျာ ကွက်တိ။ ခင်ဗျား ဒီကောင်လေးကို သေသေချာချာ မွေးနော်။ ဒါမျိုးလေးက ရခဲပါဘိ။ ဒါ ပညာရှိ မျိုးဆက်သစ်" လို့ မိန့်တော် မူသတဲ့။ အမတ်ကြီးလည်း မချိသော အပြုံး စိတ်နှလုံး မသာမယာနဲ့ "သြော် ပညာရှိ ပညာရှိ ပညာရှိ" လို့ ရေရွတ်ရင်း။ ဘိုးရာဇာ

Post a Comment

0 Comments