ဘုန်းကံရှိသူ

တခါတုန်းက တိုင်းပြည် တပြည်မှာ ဘုရင်က မူးကြီးမတ်ရာ သေနာပတိများကို ခေါ်ပြီး ညီလာခံသဘင်ပွဲ ဆင်နွဲ ကျင်းပတဲ့အချိန်မှာ တာဝန်မှအပ မည်သူကိုမျှ ဖြတ်သန်း သွားလာခွင့် မပြုတဲ့ အကြောင်းကို မောင်းထုပြီး ကြေညာဖို့ အမိန့်ထုတ် ပြန်လိုက်တယ်။

ဒီလိုနဲ့ပဲ ညီလာခံသဘင်ပွဲ ကျင်းပတဲ့နေ့ကို ရောက်သော် မထင်မှတ်ပဲ ဝါးတွေကို ခွဲချမ်းစိပ်ဖြာပြီး ပုတ်ယက်ရောင်းတဲ့ ရိုးသားတဲ့ ပုတ်ရောင်းသမား တယောက်ဟာ ဘုရင်ရဲ့ မောင်းကြေးနင်း ခတ်သံကို မကြားမိဘဲ ညီလာခံ သဘင် ကျင်းပရာကို အမှတ်မထင် ရောက်လာခဲ့တယ်။

မူးကြီးမတ်ရာ စစ်သေနာပတိ များက နန်ရင်ပြင်ကို ကျူးကျော် ဝင်ရောက်သူဟာ ဘယ်နည်းနဲ့မျှ လူကောင်း မဖြစ်နိုင်။ ဘုရင်ကို လုပ်ကြံမယ့် သူလျှိုဘဲ ဖြစ်ရမယ် ဆိုတဲ့ အတွေးနဲ့ ဝိုင်းဖမ်းပြီး စစ်မေးတာပေါ့။ ဒီတော့ ပုတ်ရောင်းသမားလည်း အရမ်းကြောက်သွားတယ် ပြီးတော့ စဉ်းစားတယ်။

"အင်း ငါကလည်း လေ့လာ စူးစမ်းခြင်း ဆိုတာမရှိ၊ ဒီတိုင်းဆို ငါတော့ မလွယ်ပေဘူး" ထိုသို့ စဉ်းစားနေချိန်မှာ စစ်သေနာပတိက "အမောင်လုလင် ဤနန်းရင်ပြင်သို့ ဖြတ်သန်းသွားလာခြင်း မပြုရန် တားမြစ်ထားလျက်နဲ့ ဘယ်အတွက် ရယ်ကြောင့် မင်းမိန့်ကို ဖီဆန် အာခံရပါသနည်း။ မင်းပြင်မင်းဒဏ် ခံရမည်ကို မကြောက်၍လော"

ခက်ချေပြီ။ မင်းမှုထမ်း ဆိုတာကလည်း လက်ညှိုးထောင် ခေါင်းငြိမ့်ရုံက လွဲပြီး စဉ်းစား တွေးခေါ်တတ်တဲ့ ဉာဏ်ပညာ ရှိတာက မဟုတ်။ သူ့နေရာ တည်မြဲရေးသာ အလေးထား သူတွေက များတာလေ။ ဘုရင် အမျက်တော်ရှပြီး သေဒဏ်ပေး လိုက်မှဖြင့် မတွေးဝံ့စရာ။ အင်း ငါကြံမှဘဲ။

"ဤကဲ့သို့ ဘုရင်နဲ့ တကွ ပညာရှိ မူးကြီးမတ်ရာ စစ်သေနာပတိတို့ စုံညီချိန် ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည်ကို သိပါသည်။ သို့ပေသော်လည်း ကျုပ်ရဲ့ ဟောဒီ ပုတ်တွေဟာ သာမန် ဆန်စပါး ထည့်ရသော ပုတ်တွေ မဟုတ်ပါ။

အစွမ်းထက်မြက်သော အင်မတန် ခက်ခဲ နက်နဲပြီး ဂမ္မီရဆန်သော ပုတ်တွေ ဖြစ်တဲ့ အတွက် ဘုရင့် ရှေ့တော်မှောက် ပြသရန် ရောက်ရှိလာရခြင်း ဖြစ်ပါသည်။ အကယ်၍ မူးမတ်တို့မှ ဤထူးဆန်းဖွယ်ရာကို ဘုရင်ကို ပြသခွင့် မပြုသော် ဘုရင်က အမျက်တော် ရှပြီး မင်းပြစ်မင်းဒဏ် သင့်မှာကို မကြောက်ပါ၏ လော"

မူးမတ်များလည်း တွေဝေသွားတယ်။ "အင်း ငါတို့ကိုလည်း ပညာရှိလို့ ဆိုလေတယ် ငါတို့မှာက ညီလာခံ သဘင်အတွင်း တသမ်းသမ်း တဝေဝေနဲ့ ငိုက်မြဲနေတာက လွဲပြီးတိုင်းပြည်ရေးရာရဲ့ အကောင်းအဆိုးက တခါမျှပင် မလျှောက်တင်ဘူးပေ။

အချိန်တန်ရင် လစာဘဏ္ဌာ ငွေအသပြာ ရရင်ပြီးတာဘဲလေ။ အင်း ဒီလုလင်ကလည်း ငါတို့အပေါ် မည်သူ တဦးတယောက်မျှ မဆိုခဲ့ဘူးသော ပညာရှိမူးမတ် တို့လို့ သုံးနှုံးခဲ့တာ နားဝင်ချိုလှပေစွ တကား။

အင်း ခက်ချေပြီ။ ဘုရင်အမိန့် မှာတော့ မည်သည့် အကြောင်း အရာပင် မဆို ငါကိုယ်တော်မှ အပ မည်သူမျှ ဝေဖန် စွက်ဖက်ခွင့် မရှိလို့ အမိန့်တော် ချမှတ်ထားတာလဲ ရှိရဲ့။ ငါတို့ ရှိတဲ့ ရာထူးလေးပါ ဖယ်ရှားပြီးထောင်းသွင်း အကျဉ်းချလေးမှဖြင့်။ ကဲ မထူးလေဘူး" ဆိုပြီး ချက်ချင်းပဲ ဘုရင့်ရှေ့တော်မှောက် ခေါ်ဆောင်သွားလိုက်တယ်။

ဘုရင်ရှေ့တော် ရောက်တယ် ဆိုရင်ဘဲ ဘုရင်ကြီးက "ဟဲ့ ဘာမဟုတ်တဲ့ ပုတ်သည်ကို ငါ့ရဲ့ နန်းရင်ပြင်ဝယ် ခေါ်ဆောင်လာရ သနည်း ဖြစ်ရပ် အစုံကို သံတော်ဦး လျှောက်တင်စေ"

"မှန်လှပါ ဒီပုတ်ရောင်းသော လုလင်က သူ့ပုတ်တွေဟာ ထူးဆန်းတယ်လို့ ပြောနေကြောင်းပါ။ အရှင်မင်းကြီးရှေ့ ရောက်မှ ပြောပြမယ် ဆိုလို့ ခေါ်ဆောင်လာရ ကြောင်းပါ ဘုရား"

"ကဲ အမောင်ရဲ့ပုတ်တွေက ဘယ်လို ထူးဆန်းတာလဲ လျှောက်တင်စေ"

"ထူးလှပါတယ် အရှင်မင်းမြတ် ကျွန်တော်မျိုးရဲ့ ပုတ်အထဲကို ဝင်ပြီး အပေါ်ကို မော့ကြည့်ရင် နတ်ပြည်ခြောက်ထပ်၊ အောက်ကိုငုံ့ကြည့်ရင် ငရဲကြီးရှစ်ထပ်၊ ဘေးကိုကြည့်ရင် စကြာဠာအနှံ့ မြင်နိုင်ပါတယ် အရှင်မင်းမြတ်။

သို့သော်လည်း ဤပုတ်ထဲ ဝင်ကြည့်သူဟာ ဘုန်းကံနဲ့ တကွ မိစစ် ဖစစ်နဲ့ အကုသိုလ် ကင်းသူမှ ပကတိအမှန်ကို မြင်နိုင်ပါလိမ့်မယ်" လို့ လျှောက်တင်လိုက်တယ်။

"ဒါဆိုရင်လည်း အကြောင်းစုံ သိစေဘို့ မင်းကြီးများ တယောက်ခြင်း ဝင်ကြည့်စေဟဲ့" လို့ မိန့်လိုက်တယ်။ အမတ်ချုပ်ကြီးက အရင် ဝင်ကြည့်တယ်။

ပုတ်ထဲ ရောက်တော့ အပေါ်ကြည့်လဲ ဘာမှမမြင်၊ အောက်ငုံ့ကြည့်တော့လဲ ဘာမှမမြင်၊ မှောင်အတိ ဖြစ်နေတယ်။ ဒီအချိန်မှာ ဘုရင်ကြီးက "ဟဲ့ ပညာရှိ အမတ်ချုတ်ကြီး ဘာမြင်တုံးဟဲ့။ သူပြောစကားသည် မှန်ပါရဲ့လော"

အမတ်ကြီးက စဉ်းစားတယ်။ အင်း မွန်းကြပ်ပြီး အပုတ်နံ့ နံတာကလွဲလို့ ကောင်းတာဆို ဘာမှ မတွေ့ ဘာမှလဲ မမြင်ရဘူး။ မမြင်တာကို မမြင်ဘူး ပြောပြန်ရင်လဲ ငါပဲ မိမစစ် ဖမစစ် ဖြစ်တော့မယ်။ ဒီလို အထင်ခံလို့ ဘယ်ဖြစ်မလဲ။ "မှန်လှပါ နတ်ပြည်ရော ငရဲပြည်ပါ မြင်တွေ့ရကြောင်းပါ ဘုရား" လို့လျှောက်တင်သတဲ့။

ဒီလိုနဲ့ တယောက်ပြီး တယောက် ဝင်ကြည့်လိုက်တာ နောက်ဆုံး ဘုရင်ကြီးရဲ့ အလှည့် ရောက်သွားတော့တယ်။ ဘုရင်ကြီးလည်း ပုတ်ထဲ ရောက်တာနဲ့ ကြောင်စီစီလေး ဖြစ်နေတာပေါ့။ ဘုရင်ကြီး ဘယ်လို ဖြေမလဲ ဆိုတာကို အမတ်ချုပ်ကြီးအစ မူးမတ်အားလုံး စိတ်ဝင်တစား နားထောင်နေ ကြတယ်။ ဘုရင် ကြီးစဉ်းစားရပြီလေ။

ငါကဘဲ ဘုန်းကံနဲပြီး မိမစစ် ဖမစစ် ဖြစ်လေ ရော့သလား။ အကုသိုလ် ကံများ နိမ့်နေလေသလား မသိလေတော့။ အော်အားလုံးက မြင်တယ် ဆိုတာပဲ ပြောသွားကြတာလေ။ သူတို့ကဘဲ ငါ့ကို ဝိုင်းပြီး လိမ်ချင်လိမ် မလိမ်ချင်နေ။

ငါ့ကြမှ မမြင်ဘူးလို့ ပြောရင် ငါဘဲ သိက္ခာကျလေတော့မယ်။ မထူးပါဘူးကွယ် သူတို့နဲ့ အတိုင်အဖေါက် ညီအောင်တော့ "ဟုတ်ပါသရောကွယ် တာဝတိံသာ နတ်ပြည် ငရဲပြည်က မေတ္တာပို့သံ ဆုတောင်းသံ တွေတောင် ကြားနေရသေးသဗျား" လို့ ဆိုလိုက်ရသတဲ့။

သင်ခန်းစာ။ ။ အသိဉာဏ်ပညာ မရှိပါက ရှင်ဘုရင်၊ မူးမတ်ဝန်ကြီးများ ဖြစ်လင့်ကစား သူများ အလိမ်ခံရကြောင်းကို ဒီအကြောင်းအရာလေးက သာဓက ပြပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments