ပုဏ္ဏားနှင့် မြွေကြီး

တခါတုန်းက ဟရိဒတ္တ ဆိုတဲ့ ဗြဟ္မဏ ပုဏ္ဏားတယောက် ရှိသတဲ့။ သူက လယ်လုပ်စားတယ်။ ဒါပေမယ့် လယ်က အကျိုးမပေးတော့ ဆင်းရဲသတဲ့။ တနေ့ကျတော့ တနေ့လုံး လယ်ထဲမှာ တကုန်းကုန်းနဲ့ အလုပ်လုပ်ပြီး မောမော ရှိတာနဲ့ လယ်ကန်သင်းက သစ်ပင်ရိပ်ကို ဝင်ပြီး တမှေးလောက် အိပ်လိုက်ပါ ဦးမယ် ဆိုပြီး လှဲလိုက်တယ်။

လှဲလိုက်ရုံ ရှိသေးတယ် အနားမှာ ရှိတဲ့ ခြတောင်ပို့ကြီးက မြွေကြီးတကောင် ပါးပျဉ်ကြီး ခွက်ပြီး ထွက်လာတာကို မြင်ရသတဲ့။ အဲဒီတော့ ပုဏ္ဏားကြီးက တွေးမိသတဲ့။

"ဧကန္တ ဒီမြွေကြီးဟာ လယ်စောင့်နတ်ကြီး ဖြစ်မှာပဲ။ ငါ သူ့ကို တခါမှ နွားနို့တဇွန်း မုန့်ချိုတခု မပူဇော်မိဘူး၊ ဒါကြောင့်လည်း ငါ ဆင်းရဲနေတာ ထင်ပါရဲ့။ နတ်ကြီးကို ပူဇော်ဖို့ စီစဉ်မှ ဖြစ်တော့မယ်" လို့ တွေးမိသတဲ့။

ဒီလို တွေးမိပြီး ချက်ချင်းပဲ လှဲနေရာက ထ၊ တဲကိုပြန်၊ ကြေးခွက် တခုထဲကို နွားနို့တွေ လောင်းထည့်ပြီး ခြတောင်ပို့ဆီကို သွားတာပဲတဲ့။ ရောက်တော့ တောင်ပို့ ခြေရင်းမှာ နွားနို့ခွက်ကို ချပြီး လယ်စောင့်နတ်ကြီးကို ခေါ်တာပေါ့။

"အို၊ အရှင် လယ်စောင့်နတ်မင်း၊ ကျွန်တော်တို့ အမိုက်အမဲမို့ လယ်စောင့်နတ်ကြီး ဒီတောင်ပို့မှာ နေတာကို သတိမထားမိပါ၊ အခုမှ သိရလို့ နွားနို့ဖြူစင် ပုလဲသွင်ကို ခွက်တွင် လောင်း၍ ပူဇော်ပါသည် အရှင်နတ်မင်း၊ သုံးဆောင်ပါလော့၊ သုံးဆောင်ပါလော့" လို့ ပြောသတဲ့။

အဲဒီလို ပြောပြီး ကြေးခွက်ကို ထားခဲ့သတဲ့။ နောက်တနေ့ မိုးလင်းတော့ ခြတောင်ပို့ကို ပုဏ္ဏားကြီး သွားကြည့်တာပေါ့။ ကြည့်တော့လေ နွားနို့ခွက်ထဲမှာ နွားနို့ မရှိတော့ဘူးတဲ့။ ဒါပေမယ့် ရွှေမန်ကျည်းတောင့် တတောင့်ကို တွေ့ရသတဲ့။

အဲဒီနေ့က စပြီး ပုဏ္ဏားကြီးဟာ နေ့တိုင်း နေ့တိုင်း ခြံထဲက နွားမကြီးကို နို့ညှစ်၊ ကြေးခွက်ကြီးကို ပြောင်အောင်တိုက်၊ နွားနို့တွေနဲ့ လယ်စောင့်နတ်ကြီး ပူဇော် လုပ်နေတာပဲ။ ရွှေမန်ကျည်းတောင့် ကိုလည်း တနေ့တတောင့် ရနေတာပဲ တဲ့။

အဲဒီလိုနဲ့ တနေ့ကျတော့ ပုဏ္ဏားကြီးဟာ တခြားရွာကို ခရီးထွက်စရာ ရှိလို့ သူ့သားကို နွားနို့နဲ့ နတ်ပူဇော်ဖို့ တာဝန် ပေးခဲ့သတဲ့။ သားကလည်း အဖေမှာတဲ့ အတိုင်း ညနေကျတော့ နွားနို့ခွက် ကိုယူ၊ တောင်ပို့ခြေရင်းမှာ ချ၊ အိမ်ပြန်။ နောက်တနေ့ မိုးလင်းတော့ သွားကြည့်သတဲ့။

သွားကြည့်တော့ ရွှေမန်ကျည်းတောင့်ကို တွေ့တာပေါ့။ ဒီတော့ သူ စဉ်းစားသတဲ့။ "ဧကန္တ ဒီတောင်ပို့ ထဲမှာ ရွှေမန်ကျည်း တောင့်တွေ အများကြီး ရှိမှာပဲ။ မြွေကို သတ်ရရင် ရွှေတွေကို ငါ အကုန် ရမှာပေါ့" လို့ လောဘ တက်ပြီး စဉ်းစားမိသတဲ့။

စဉ်းစားမိတဲ့ အတိုင်းပဲ နောက်တနေ့ ညနေ နွားနို့ခွက် လာချတဲ့ အခါမှာ ပုဏ္ဏားသားဟာ တဲကို မပြန်ဘဲ တောင်ပို့ အကွယ်က ချောင်းနေ သတဲ့။ မြွေကြီး ထွက်လာတော့ ရုတ်တရက် တင်းပုတ်ကြီးနဲ့ ထုလိုက်သတဲ့။

ဒါပေမယ့် ကံကောင်း ထောက်မလို့ မြွေကြီးကို မထိဘူးတဲ့။ မြွေကြီးလည်း အမျက် ချောင်းချောင်း ထွက်လာတာနဲ့ ပါးပျဉ်းကြီး ထောင်တဲ့ပြီး ပေါက်လိုက်တာ ပုဏ္ဏားသားဟာ တခါတည်း မြေပေါ်ကို ဗုန်းဗုန်းလဲပြီး သေပွဲဝင် ပါလေရောတဲ့။

အဲဒီအခါ ဆွေမျိုးသားချင်း တွေလည်း စုဝေးလာရောက်ကြပြီး ပုဏ္ဏားထုံးစံအတိုင်း ပုဏ္ဏားသား အမိုက်ကို မီးသင်္ဂြိုဟ် လိုက်ကြတာ ပေါ့လေ။ နှစ်ရက်လောက် ကြာတော့ ပုဏ္ဏားကြီး ခရီးသွားရာက ပြန်လာတယ်။ သူ့ရဲ့သား အဖြစ်သနစ် အကြောင်းကို ကြားတော့ ပုဏ္ဏားကြီးဟာ အများကြီး ပူဆွေးဒုက္ခ ရောက်ရတာပေါ့လေ။

ဒါပေမယ့် တနေ့ကျတော့ ပုဏ္ဏားကြီးဟာ နွားနို့ခွက်ကြီးကို ယူပြီး ခြတောင်ပို့က လယ်စောင့်နတ်ကြီးကို ချီးကျူး ပူဇော်ပြန်သတဲ့။ ပုဏ္ဏားကြီးက ဘယ်လို ချီးကျူးပေမယ့် မြွေကြီးဟာ ရုတ်တရက် ထွက်မလာဘူး။ အတော်ကြာကြာ အထပ်ထပ် ချီးကျူးတော့မှ မြွေကြီးဟာ တွင်းဝက ခေါင်းကလေး ပြုပြီး ပုဏ္ဏားကြီးကို စကားဆိုသတဲ့။

"ဟယ် ပုဏ္ဏားမိုက်၊ အသင် ယခု ငါ့ထံ လာတာဟာ လောဘက တိုက်တွန်းလို့ လာတာပဲ။ သား သေတာကိုတောင် သတိမရနိုင်ဘူး။ ယနေ့က စပြီး အသင်နဲ့ ငါဟာ မိတ်ဆွေခင်ပွန်း မဟုတ်တော့ဘူး ဆိုတာကို မှတ်လိုက် ပါတော့။

အသင်ရဲ့ သားဟာ ငယ်ရွယ်သူမို့ ငါ့ကို တင်းပုတ်နဲ့ ထုပြီး သတ်ဖို့ရန် ကြံစည်တယ်၊ ငါလည်း အမျက်ထွက်လို့ ပေါက်သတ် လိုက်တယ်။ ဒီတော့ ငါက တင်းပုတ်ကြီးကို မေ့နိုင်ပါ့မလား၊ အသင်ကော သားဆုံးတာကို မေ့နိုင်ပါ့မလား"

အဲဒီလို ပြောပြောဆိုဆိုနဲ့ မြွေကြီးဟာ ပုဏ္ဏားကြီးကို ပုလဲတလုံး ပေးပြီး တွင်းထဲကို ဝင်သွားရောတဲ့။ မဝင်ခင်မှာ "ပုဏ္ဏားကြီး၊ နောက်ကို မလာနဲ့တော့" လို့ မှာလိုက်သေးသတဲ့။ ပုဏ္ဏားကြီးလည်း ဝမ်းနည်းပက်လက်နဲ့ မလိမ္မာတဲ့ သားမိုက်ကို ကျိန်ဆဲပြီး ပြန်သွားရ ရှာသတဲ့။ ကမ္ဘာကျော်ပုံပြင်များ

Post a Comment

0 Comments