အချစ်ကြီးတော့ အမျက်ကြီး

တခါတုန်းက ပင်လယ် ကမ်းစပ် တခုမှာ ရှဉ့်ဇနီးမောင်နှံ နှစ်ကောင် နေကြတယ်။ သူတို့က အရမ်းချစ်ကြသတဲ့။ တရက် ရှဉ့်မလေးက အုန်းပင်ပေါ်ကနေ ရေသောက်ဖို့ အောက်ကို ဆင်းသွားတယ်။

အဲ့အချိန်မှာ မမျှော်လင့်ပဲ ရေလှိုင်း တခုက ကမ်းစပ်ကို ရိုက်ပြီး ရှဉ့်မလေးကို ရေထဲ ပါသွားစေ ခဲ့တယ်။ ရှဉ့်မလေးက အကောင် သေးသေးလေး ဆိုတော့ ရေတွေ မွန်းပြီး သေရှာတာပေါ့။ ဒီလိုနဲ့ ရေဆင်းသောက်တဲ့ ရှဉ့်မလေး ပြန်တတ်မလာတော့ ရှဉ့်ဖိုလေးက အတော် စိတ်ပူ ရှာတာပေါ့။

ဆောက်တည်ရာ မရ ကမ်းခြေမှာ ပြေးလွှားနေသတဲ့။ သူ့ချစ်တဲ့ ရှဉ့်မလေး ပင်လယ်လှိုင်းထဲ ပါသွားတာကို သူတွေးစ မိတဲ့ အချိန် ရင်ကျိုးမရ သောကတွေနဲ့ သူကြံရှာသတဲ့။

သူ ရေထဲကို ပြေးဆင်းသွားတယ်။ ပြီးတော့ သူ့အမှီးလေးကို ရေစိမ်လိုက်တယ်။ ပြီးတော့ ကုန်းပေါ် သူပြေးတယ်။ အမှီးလေးကို ခါပြီး ရေတွေ ကုန်အောင် လုပ်တယ်။ နောက်တခါ ရေထဲ ပြေးဆင်းသွားတယ်။ သူ့အမှီး ရေစိမ်လိုက်တယ်။ ကုန်းပေါ် ပြေးတတ် သွားပြန်တယ်။ ရေတွေကို ခါချပြီး သူရေထဲ ပြန်ဆင်းသွားတယ်။

ဒီလိုနဲ့ အချစ်ကြောင့် ပြေးလွှားပြီး သောကတွေနဲ့ ပူလောင်နေတဲ့ ရှဉ့်ကလေးရဲ့ အဖြစ်ကို ကမ်းစောင့်နတ်ကြီးက မြင်သတဲ့။ ကမ်းစောင့်နတ်ကြီးက သနားတာကြောင့် ကိုယ်ရောင် ဖန်ဆင်းပြီး ရှဉ်ကလေးကို မေးတယ်။

"ရှဉ့်ကလေး မင်း ဘာလုပ်နေတာလဲ" "ကျွန်တော်ချစ်တဲ့ ရှဉ့်မလေး ဒီပင်လယ်ထဲမှာ ရှိတယ်။ သူ့ကို ကယ်မလို့ ဒီရေတွေ ခန်းသွားအောင် ကျုပ် လုပ်နေတာ" လို့ ဖြေရှာတယ်။

"သြော် မင်း မှားနေပြီ မဖြစ်နိုင်ဘူးနော်။ ဒီရေတွေ မင်းကုန်အောင် မစွမ်းဆောင်နိုင်ဘူး။ မင်း အချစ်ကြောင့် မောပန်းနေပြီ" လို့ ကမ်းစောင့်နတ်ကြီးက ရှဉ့်ကလေးကို ပြောပြတယ်။ ဒါပေမယ့် ရှဉ့်ကလေးက ချစ်စိတ်တွေကြောင့် မမှုဘူး။ ထပ်ပြီး ပြေးလွှားနေ ပြန်တယ်။

အဲဒါနဲ့ ကမ်းစောင့်နတ်ကြီးက သနားလို့ ပြောပြ ရှာတယ်။ "မင်းကသာ ဒီလိုလုပ်နေ မင်းချစ်တဲ့ ရှဉ့်မလေးက သေလို့ အခု ဘဝ ပြောင်းသွားပြီ။ သူက ဒီပင်လယ်ကြီးကို အစိုးရတဲ့ နဂါးမင်းကြီးရဲ့ နတ်မိဖုရားလေး ဖြစ်နေပြီ ကွ" လို့ ပြောလိုက်သတဲ့။

ဒါပေမယ့် ရှဉ့်ဖိုလေးက မယုံဘူးတဲ့။ အဲ့ဒါနဲ့ ကမ်းစောင့်နတ်ကြီးက တန်ခိုးနဲ့ ပင်လယ်ထဲ ပျော်နေတဲ့ သူ့ဇနီး နတ်မိဘုရားပုံကို ဖန်ဆင်းပြ လိုက်တယ်။ ထိုအချိန်မှာ ရှဉ့်ဖိုကလေး အရမ်း ဝမ်းနည်းပြီး အရမ်း ချစ်ရာကနေ အမုန်းကြီး မုန်းသွား ရှာတယ်။

ဒီအခါမှာတော့ ရှဉ့်ကလေးဟာ ဒီအခါမှာတော့ အစောကနဲ့ ပြောင်းပြန် အလုပ်ကို လုပ်တယ်။ ကမ်းပေါ်ကို ပြေးတတ်သွားပြီးတော့ သူ့လက် သေးသေးလေးနဲ့ သဲတွေကို ကျုံးယူလာတယ်။ ပြီးတော့ ပင်လယ်ထဲကို ပစ်ချတယ်။ ကမ်းပေါ် ပြေးတတ်သွားပြန်တယ်။ သဲတွေ ကျုံးယူလာပြီး ပင်လယ်ထဲကို အဆက်မပျက် ပစ်ချနေပြန်တယ်။

ထို အချင်းအရာကို မြင်တော့ ကမ်းစောင့်နတ်ကြီးက "ဟိတ်ကောင် ရှဉ့်လေး မင်းဘာလုပ်ပြန် ပြီတုန်း" လို့ မေးတယ်။ ရှဉ့်လေးက ဖြေတယ်။ "သူတို့ ကို မမြင်ချင်လို့ ဒီပင်လယ်ကြီး ခမ်းသွားအောင် သဲတွေနဲ့ ဖို့နေတာ" လို့ ဖြေတယ်။

ဒီလိုပါပဲ အချစ်နဲ့ အမုန်းကြောင့် လူသားတွေလည်း ရှဉ့်ကလေး နည်းတူ ပြေးလွှားပြီး စိတ်ခံစားချက် နောက်ကို လိုက်ရင်း မောပန်းနေ ကြရတာ ပါပဲ။ ဘယ်အရာမှ မတည်မြဲ အာမခံချက် မရှိတဲ့ ဘဝထဲမှာ အချစ်မုန်းတွေက သံသရာကို ရှည်စေခဲ့ပြီလေ။ ဦးဥတ္တမ

Post a Comment

0 Comments