ယုတ်မာမည့်သူ

တခါက ဘုရင်တပါး ရှိခဲ့တယ်။ သူ့မှာ အမဲလိုက်ခွေး ဆယ်ကောင် မွေးထားတယ်။ သူ့ဝန်ကြီးတွေ ထဲက တယောက်ယောက် အမှား လုပ်ပြီဆို အဲ့ဒီခွေးတွေ ရှေ့မှာ ပစ်ချခိုင်းလေ့ ရှိတယ်။ ခွေးတွေက အဲ့ဒီဝန်ကြီးကို အရိုးအသား တခြားစီ ဖြစ်အောင် လုပ်ပစ်လိုက်တယ်။

တနေ့ ဘုရင့်ရဲ့ အထူးအရေးပါတဲ့ ဝန်ကြီး တဦးက ဘုရင်ကို မှားယွင်းစွာ အကြံပေး မိတယ်။ ဒီအကြံကို ဘုရင်က မနှစ်မျို့ခဲ့ဘူး။ ဒါနဲ့ အဲ့ဒီဝန်ကြီး ကိုလည်း ခွေးတွေ ရှေ့မှာ ပစ်ချဖို့ အမိန့်ချ လိုက်တယ်။ ဝန်ကြီးက ဘုရင်ဆီမှာ တောင်းဆိုမှု တခု ပြုတယ်။

"ဘုရင်ကြီးခင်ဗျား။ ကျွန်တော် ဘုရင်ကြီးဆီမှာ နေ့မှန်းမသိ ညမှန်းမသိ အလုပ်အကြွေး ပြုခဲ့တယ်။ ခုဘုရင်ကြီး ကတော့ ကျွန်တော့ အမှား တခုလေး အပေါ်မှာ ဒီလောက် ကြီးမားတဲ့ ပစ်ဒဏ်ကို ပေးနေတယ်။ ဘုရင့် အမိန့်အတိုင်း နာခံဖို့ အသင့်ပါပဲ။

ဒါပေမယ့် ကျွန်တော် အနွံတာခံ အလုပ်အကျွေး ပြုစုခဲ့တာလေးကို ထောက်ထားပြီး ဆယ်ရက်လောက် ကျွန်တော့်ကို အခွင့်အရေး ပေးပါ။ ပြီးရင် မုချ ကျွန်တော့်ကို ခွေးတွေရှေ့မှာ ပစ်ချလိုက်ပါ"

အဲဒါနဲ့ ဘုရင်ကလည်း ဆယ်ရက် အခွင့်အရေး ပေးလိုက်တယ်။ ဝန်ကြီးလည်း ဘုရင့်ဆီကနေ တန်းတန်း မတ်မတ် ခွေးတွေကိုထိန်းသိမ်း စောင့်ရှောက်တဲ့ သူဆီကို ထွက်လာတယ်။ ပြီးတော့ ခွေးထိန်းကို ပြောတယ်။

"ငါဒီခွေးတွေနဲ့ ဆယ်ရက်လောက် အတူ နေချင်တယ်။ သူတို့ရဲ့ ဝေယျာဝစ္စ အားလုံးလည်း တာဝန်ယူမယ်" ခွေးထိန်းက ဝန်ကြီးစကား ကြားတော့ အံသြမင်သက် သွားတယ်။ ဒါပေမယ့် ခွင့်ပြုပေး လိုက်တယ်။

အဲ့ဒီ ဆယ်ရက်အတွင်း ဝန်ကြီးက ခွေးတွေရဲ့ စားသောက်ဖို့ အိပ်ဖို့ ရေချိုးပေးဖို့က အစ အလုပ်အားလုံးကို သေချာ တာဝန်ယူလုပ်ကိုင်တယ်။ ဆယ်ရက် ပြည့်တော့ ဘုရင်က သူ့အခိုင်းအစေတွေ ဝန်ကြီးကို ခွေးတွေ ရှေ့မှာ ပစ်ချဖို့ အမိန့်ပေးတယ်။

ဒါပေမယ့် အဲ့ဒီမှာ ရပ်ကြည့်နေတဲ့ သူတွေအားလုံး မြင်ကွင်းကို ကြည့်ပြီး အံ့အားသင့် သွားကြတယ်။ ဘာလို့လဲ ဆိုတော့ ဒီနေ့ ဒီအချိန်ထိ ဒီခွေးတွေရှေ့မှာ မရေမတွက် နိုင်အောင် ဝန်ကြီးတွေ အသက်ပေး သွားခဲ့ပြီးပြီ။ ဝန်ကြီးတိုင်းကို အဲ့ဒီခွေးတွေက အပိုင်းပိုင်း အစစ လုပ်ပစ်ခဲ့တယ်။

ဒါပေမယ့် အဲ့ဒီခွေးတွေပဲ ဒီနေ့ဒီဝန်ကြီးရဲ့ ခြေထောက်တွေကို ယက်ပေးနေကြတယ်။ ဘုရင်ကလည်း ဒါကိုမြင်တော့ အံသြပြီးမေးတယ်။ "ခွေးတွေ ဒီတခါ ဘယ်လို ဖြစ်သွားကြရတာလဲ" ဆိုတော့မှ ဝန်ကြီးက ပြန်ဖြေတယ်။

"ဘုရင်ကြီး ကျန်းမာပါစေ။ ကျွန်တော် ဘုရင်ကြီးကို ဒီမြင်ကွင်းကိုပဲ ပြချင်နေတာပါ။ ကျွန်တော် ဆယ်ရက်ပဲ ဒီခွေးတွေကို ပြုစုခဲ့တယ်။ ဒါပေမယ့် ဒီခွေးတွေက ဒီနေ့ ကျွန်တော် ပြုစုစောင့်ရှောက် ခဲ့တဲ့ ကျေးဇူးတွေကို မေ့မသွားခဲ့ဘူး။

ကျွန်တော်ဟာ ဘုရင်ကြီးဆီမှာ နေ့ရောညပါ ဆယ်နှစ်ထိ ပြုစုစောင့်ရှောက် ခဲ့တယ်။ ဒါပေမယ့်လည်း ဘုရင်ကြီးက ကျွန်တော့်ရဲ့ အမှားတခုအတွက် ကျွန်တော့်ရဲ့ နှစ်ပေါင်းများစွာ ပြုစုခဲ့တာတွေကို ကျောခိုင်းပစ် လိုက်တယ်"

ဘုရင်က သူ့ရဲ့ အမှားအပေါ်မှာ ပြင်းပြင်းထန်ထန် ခံစားမိသွားတယ်။ ဝန်ကြီးကို အဲ့ဒီနေရာ ကနေ ထသွားခိုင်းပြီး မိကျောင်းကန်ထဲကို ပစ်ချခိုင်း လိုက်တယ်။

ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ကဗျာလေးကို သတိရသွားတယ်။ မတရား လုပ်ဖို့ကိုပဲ စိတ်ပိုင်းဖြတ်ထားတဲ့ သူတယောက်ကို အထောက်အထား သက်သေ သာဓကတွေ ပြနေရင်လည်း အလကားပါပဲ။ ယုတ်မာတဲ့သူဟာ ယုတ်မာဖို့ကိုပဲ ကြိုးစားနေပါလိမ့်မယ်။ Crd

Post a Comment

0 Comments