အကျင့်စရိုက်ဆိုး

တခါတုန်းက ဆရာကြီးတဦးက အကျင့်စရိုက်ဆိုးတွေ ရစ ပြုနေတဲ့ တပည့်တဦးကို ခေါ်ပြီး တောလမ်းကလေး အတိုင်း လျှောက်လာတယ်။

လျှောက်လာရင်းက အညွန့် အညှောင့် ပေါက်စ သစ်ပင်ကလေး တပင်ကို တွေ့တော့ ဆရာကြီးက "တပည့်၊ ဟောဟိုက အပင်လေးကို နုတ်ကြည့်စမ်း" လို့ ခိုင်းတယ်။

တပည့်ကလည်း သွားပြီး အလွယ်ကလေးပဲ လက်ညှိုးနဲ့ လက်မ ကြားထဲ ညှပ်ပြီး ဆွဲနုတ် လိုက်တယ်။ ဒါနဲ့ ဆက်လျှောက် လာခဲ့ကြ ပြန်တယ်။ မကြာခင် အတော်လေး အမြစ် ခိုင်ခိုင် တွယ်မိနေပြီ ဖြစ်တဲ့ သစ်ပင်ငယ် တပင်ကို တွေ့တယ်။

ဒီအခါမှာလည်း ဆရာကြီးက "တပည့်၊ ဟော ဟိုက သစ်ပင်ကို နုတ်ပါအုံး" လို့ ခိုင်းတယ်။ တပည့်က သွားပြီး နုတ်တယ်။ လက်နှစ်ဖက်နဲ့ တော်တော်ကလေး အားစိုက်ပြီး နုတ်လိုက်တော့ သစ်ပင်က အမြစ် ကျွတ်ပြီး ပါလာတယ်။

ဆရာတပည့် နှစ်ယောက် ဆက်ပြီး လျှောက်လာကြ ပြန်တယ်။ လျှောက်လာရင်း တပည့် လူငယ်က "ဘာမှ အသုံးမချဘဲ သူ့ကို သစ်ပင် နုတ်ခိုင်းနေတာ ငါ့ ဆရာကြီး စိတ်တွေမှ မူမှန်သေး ရဲ့လား" လို့ တွေးလာတယ်။

မကြာခင် လူတပိုက် တဖက်လောက် လုံးပတ် ရှိတဲ့ သစ်ပင်ကြီး တပင်ကို တွေ့ရတယ်။ ဒီအခါမှာလည်း ဆရာကြီးက "တပည့် ဟောဟိုက သစ်ပင်ကြီးကို နုတ်စမ်းပါ" လို့ ခိုင်းပြန်တယ်။

နုတ်လို့ မရမှန်း သိပေမယ့် ဆရာက ခိုင်းနေတော့ တပည့် လူငယ်က လက်နှစ်ဖက်နဲ့ သစ်ပင်ကြီးကို ပိုက်ဖက်ပြီး အသားကုန် နုတ်တယ်။ ချွေးဒီဒီးသာ ကျတယ် သစ်ပင်ကြီး ကတော့ တုတ်တုတ်တောင် မလှုပ်ဘူး။

ဒီတော့မှ ဆရာကြီးက "တပည့် မင်းကို ဆရာက အကြောင်းမဲ့ သစ်ပင်တွေကို နုတ်ခိုင်းနေတာ မဟုတ်ပါဘူး။ သစ်ပင်တွေကို သာဓက ထားပြီး ပြောပြစရာ ရှိလို့ပါ။ အကျင့်စရိုက်ဆိုးတွေ ဆိုတာ နုစဉ်အချိန်၊ အကျင့်စရိုက် ဆိုးတွေ ကိုယ့်မှာ ဖြစ်လာစ အချိန်မှာ (သစ်ပင်ကလေး ဖြစ်စမှာ လွယ်လွယ်နဲ့ နုတ်ပယ်ပစ်လို့ ရသလို) နုတ်ပယ်ပစ်လို့ ရတယ်။

နုတ်ပယ် မပစ်ဘဲ ဆက်ပြီး အကျင့်ဆိုးတွေကို ကြီးပွား စေရင်တော့ အထုအထယ် ကြီးလာပြီး (သစ်ပင်ကြီး ဖြစ်လာတော့ နုတ်ပစ်လို့ မရတော့ သလိုပဲ) နုတ်ပယ်ပစ်လို့ မဖြစ်နိုင် တော့ဘူး။ အဲဒီအခါမှာ ဘဝဟာ ဆုံးရှုံး ပျက်စီး သွားနိုင်တယ် ဆိုတာ ဆရာ ပြောချင် လို့ပဲ" လို့ ရှင်းပြတယ်။

ဟုတ်ပါတယ်။ ဧရာမ အခိုင်အခံ့ တိုက်တာ အဆောက်အအုံကြီး ပေါ်မှာ ညောင်စေ့ကလေး ကျလို့ ပေါက်လာတဲ့ ညောင်ပင် ကလေးကို စောစော နုတ်ပယ်မပစ်ဘဲ ကြီးထွားအောင် ထားရင် ကြာတဲ့အခါ အမြစ်တွေက အုတ်ကြားထဲ တိုးဝင်ပြီး အဆောင်အအုံကြီး ကို ဖြိုချ ပစ်နိုင်သလို၊ အကျင့် စရိုက်ဆိုးတွေဟာ ကြာရင် ဘဝ တခုလုံးကို ဖြိုချ ဖျက်ဆီးပစ် နိုင်တာပဲ။

ဒါကို မြော်မြင်ပြီး အကျင့်စရိုက်ဆိုးတွေ မဝင်အောင်၊ ဝင်လာရင်လည်း နုစဉ်က နုတ်ပယ် နိုင်အောင် ကျနော်တို့မှာ အစဉ်ပဲ သတိရှိနေဖို့ လိုတယ်လို့ ထင်ပါတယ်။ နန္ဒာသိန်းဇံ (ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း) မှ ကောက်နုတ်ပါသည်။

Post a Comment

0 Comments