တခါတုန်းက လင်းယုန်မနှင့် မြေခွေးမတို့ဟာ မိတ်ဆွေ ဖြစ်ကြ ပြီးနောက် နီးကပ်စွာ နေထိုင်ကြလျှင် ပိုမို ရင်းနှီးကြလိမ့်မယ် ဆိုတဲ့ စိတ်ကူးနဲ့ သစ်ပင်တပင်မှာ နေကြတယ်။
သစ်ပင် အပေါ်မှာ လင်းယုန်မက အသိုက် လုပ်တယ်။ မြေခွေးမက အပင်အောက် ချုံထဲမှာ ကလေးတွေ နေဖို့ နေရာ လုပ်ထားတယ်။
တနေ့တော့ မြေခွေးမ အစာရှာ ထွက်တုန်း ဗိုက်ဆာနေတဲ့ လင်းယုန်မဟာ ချုံထဲ ထိုးဆင်းခဲ့ပြိး မြေခွေးပေါက် ကလေးတွေကို ချီသွား ပါရောတဲ့။ ဒါကြောင့် လင်းယုန်မနဲ့ သူ့ကလေးတွေ အဖို့ အစာရလိုက်တယ်။
မြေခွေးမ ပြန်ရောက် လာတဲ့အခါ အဖြစ်မှန်ကို သိရပြီး ကလေးတွေ ဆုံးရှုံးတာက တမျိုး လင်းယုန်မကို ကလဲ့စား မချေနိုင်တာက တမျိုးနဲ့ အတော် ခံစား ခဲ့ရတယ်။
မြေကြီးပေါ်မှာပဲ သွားလာနိုင်သူက လင်းယုန်ကို ဘယ်နည်းနဲ့ ဖမ်းနိုင်ပါ့ မလဲ။ သူတတ်နိုင်တာက ခပ်လှမ်းလှမ်း ကနေ ဆဲဆို ရေရွတ် နေရုံပါပဲ။
ဒါပေမယ့် သိပ်တော့ မကြာလိုက်ပါဘူး။ မြေခွေးမဟာ မိတ်ဆွေကျင့်ဝတ် ချိုးဖောက်တဲ့ လင်းယုန်မကို အပြစ်ဒဏ် ပေးနိုင်ခဲ့ပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ လူတချို့ဟာ ဆိတ်တကောင်ကို ယဇ်ပူဇော်ထား ကြတယ်။ ဒါကို လင်းယုန်မက တဟုန်ထိုး ဆင်းလာပြီး နတ်စင်ပေါ်က မီးမြှိုက်လောင်နေတဲ့ ဝမ်းတွင်း ကလီစာ တွေကို သူ့အသိုက်ဆီ ချီသွားတယ်။
အဲဒီအချိန်မှာ လေပြင်း ကျလာတဲ့ အတွက် လေယပ်သလို ဖြစ်ပြီး အသိုက် ပြုလုပ်ထားတဲ့ သစ်ခြောက် ကလေးတွေကို မီးစွဲလောင် ပါလေရောတဲ့။ အတောင် မစုံ မပျံနိုင်သေးတဲ့ ငှက်ပေါက်ကလေး တွေဟာ မီးလောင် ခံလိုက်ရ ပြီးတော့ အောက်ကို ကျသွားတယ်။
ဒီအချိန်မှာ မြေခွေးမဟာ ငှက်ပေါက် ကလေးတွေဆီ ပြေးလာပြီး လင်းယုန်မရဲ့ မျက်စိအောက် မှာပဲ အားလုံးကို စားပစ်လိုက်တယ်။
ဒီအကြောင်းအရာလေးက မိတ်ဆွေ ကျင့်ဝတ်ကို ချိုးဖောက်ရင် ကိုယ်က အားနည်းချက် ရှိလို့ ဒဏ်မခတ်နိုင် ပေမယ့် ကံတရားရဲ့ အပြစ်ပေးမှု ကိုတော့ မလွတ်မြောက်နိုင် ပါဘူးလို့ ပြောချင်တာပါ။ Crd
0 Comments