တခါက ရွာတရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦး ရှိတယ်။ တနေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှ ထဲက တန်ဖိုးအရှိဆုံး ဖြစ်တဲ့ မြင်းကို ရောင်းပြီး လိုအပ်တာတွေ ဝယ်ဖို့ ဆုံးဖြတ်လိုက် ကြတယ်။
ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့၊ ငန်းကို ကြက်နဲ့၊ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။
အဘိုးအိုက ပစ္စည်း တခုကနေ တခု လဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲ ဖြစ်တယ်။ အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင် တဆိုင်မှာ နားနေတုန်း အင်္ဂလိပ် နှစ်ယောက်နဲ့ ဆုံခဲ့တယ်။
အလာပ သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေ အကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ် ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့ အဆူခံရမယ် ဆိုတဲ့ အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။
ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို မခံရရင် သူတို့မှာ ပါတဲ့ ငွေတွေ ပေးခဲ့မယ် ဆိုတဲ့ အကြောင်း လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ ယောက်သား အဘိုးအို အိမ်ကို ရောက်လာခဲ့ ကြတယ်။
အဘွားအိုက အဘိုးအို ပြန်လာတာ တွေ့တော့ ဝမ်းသာအားရ ထွက်ကြိုပြီး အဘိုးအို ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေ စေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။
ပစ္စည်းတခု ကနေ နောက်တခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့ အချိန်မှာ အဘွားအိုက ဝမ်းသာအားရနဲ့ "ဟာ ကျုပ်တို့ နွားနို့ သောက်ရပြီပေါ့" "အင်း ဆိတ်နို့လည်း မဆိုးပါဘူး" "အော် ဘဲငန်းမွှေးတွေက သိပ်လှတာ" "အင်း ကျုပ်တို့ ကြက်ဥ စားရပြီပေါ့" စတာတွေ ပြောတယ်။
နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကို ပြတော့ အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ "အင်း ဒီည ကျုပ်တို့ ပန်းသီးကိတ် လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက် ပါတော့တယ်။ ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာ မလိုတော့ပါဘူး။ အင်္ဂလိပ် နှစ်ယောက်ဟာ ပါသမျှငွေတွေ ပေးခဲ့ရပါတယ်။
ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ ပါဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို ကဲ့ရဲ့ ဝေဖန်ထားတာလား၊ ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက် ထားတာလားလို့ တွေးခဲ့မိတယ်။
တကယ်တော့ ပုံပြင်က အိမ်ထောင်တခုမှာ အခြေခံ ဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွှတ် သည်းခံခြင်း၊ လေးစား ယုံကြည်ခြင်းကို ပြချင်တာပဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ အနုပညာတမျိုး၊ ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့။
ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ် မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွှတ်မှုတွေက အိမ်ထောင် တည်မြဲဖို့အတွက် အကောင်းဆုံး နည်းတွေ ဖြစ်ပါတယ်။
တယောက်ရဲ့ အမှားကို တယောက်က နားလည်ပေးမယ်၊ အပြစ် မမြင်ဘူး ခွင့်လွတ်သည်းခံမယ် ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲက အတိုင်း လှပနေနိုင် ပါလိမ့်မယ်။ Crd
0 Comments