နတ်မိမယ်

တခါက နတ်ပြည်မှာ နတ်သားတပါး စုတေပြီး လူ့ပြည်မှာ လူကလေး အဖြစ် မွေးဖွားရတော့မယ့် အချိန် ရောက်လာသတဲ့။ နတ်သက် ကြွေတော့မယ့် နတ်သားက နတ်မင်းကြီးကို မေးတယ်။ "အကူညီမဲ့တဲ့ ကလေးပေါက်စ ဘဝနဲ့ လူ့ဘဝမှာ ကျွန်တော် ဘယ်လို နေရမှာလဲ" တဲ့။

နတ်မင်းကြီးက "နတ်မိမယ်တွေ အများကြီး ရှိတဲ့ အထဲက မင်းအတွက် နတ်မိမယ် တပါးကို ငါ ရွေးချယ် ပေးပါ့မယ်။ သူက မင်းကို စောင့်ရှောက် လိမ့်မယ်" လို့ ပြောတယ်။

နတ်သားက "ကျွန်တော်က နတ်ပြည်မှာ ပျော်ရွှင် ရယ်မောတာနဲ့ တေးသီချင်း ဆိုတာပဲ လုပ်ပြီး ကျေနပ် ပျော်ရွှင်နေ ခဲ့တယ်။ လူ့ပြည် ရောက်ရင်ရော" လို့ မေးတယ်။

အဲ့ဒီတော့ နတ်မင်းကြီးက "လူ့ပြည် ရောက်ရင် နတ်မိမယ်က မင်းကို တေးသီချင်းတွေ ဆိုပြမယ်။ ချိုမြတဲ့ အပြုံးတွေနဲ့ နေ့စဉ်ပြုံးပြမယ်၊ နတ်မိမယ်ရဲ့ ချစ်ခြင်းမေတ္တာကို ခံယူရပြီး မင်း အရမ်း ပျော်ရွှင်ရ ပါလိမ့်မယ်"

နတ်သားက "လူ့ပြည် ရောက်ရင် လူတွေက ကွိကွိကွကွ အမျိုးမျိုး လာပြောကြတဲ့ အခါ ကျွန်တော်က သူတို့ ပြောတဲ့ဘာသာစကား မပြောတတ်ရင် ဘယ်လို လုပ်ရမလဲ" လို့ မေးတယ်။

နတ်မင်းကြီးက "မင်းဘဝမှာ တခါမှ မကြားဖူးတဲ့ အင်မတန် ချိုသာအေးမြတဲ့ လေသံလေးနဲ့ ချစ်စဖွယ် စကားလုံး လှလှလေးတွေကို နတ်မိမယ်က ပြောလိမ့်မယ်။

နတ်မိမယ်ကပဲ မင်းကို ကာကွယ်စောင့်ရှောက် ပေးပါလိမ့်မယ်။ သူ့အသက်ကို စွန့်ရမယ် ဆိုရင်တောင်မှ အသက်နဲ့ ရင်းပြီး မင်းကို ကာကွယ် ပါလိမ့်မယ်" လို့ နတ်မင်းကြီးက ဖြေတယ်။

"နတ်မင်းကြီးနဲ့ တွေ့ရမှာ မဟုတ်တော့လို့ ဝမ်းနည်းမိတာ အမှန်ပါ" လို့ နတ်သားက ပြောတော့ နတ်မင်းကြီးက "ဝမ်းမနည်းပါနဲ့၊ နတ်မိမယ်က မင်းကို ကောင်းမှု ကုသိုလ်တွေ ဘယ်ပုံဘယ်နည်း လုပ်ရမယ် ဆိုတာ သင်ပြပေး ပါလိမ့်မယ်။ ကောင်းတဲ့ အမှုပြုရင် တို့နဲ့ မဝေးပါဘူး"

အဲ့ဒီလို ပြောနေဆဲမှာ နတ်သားဟာ စုတေလို့ နတ်သက်ကြွေချိန် ကျရောက်လာတယ်။ နတ်သားက ခပ်မြန်မြန်ပဲ "အို နတ်မင်းကြီး၊ ကျွန်တော် ခုပဲ သွားရတော့မယ်။

ကျွန်တော် မသွားသေးခင်မှာ နတ်မိမယ်ရဲ့ အမည်ကို ဘယ်လို ခေါ်ရမလဲ။ ခပ်မြန်မြန် ပြောပါ" ဆိုတော့ နတ်မင်းကြီးက တခွန်းထဲ ပြန်ပြောလိုက်တယ်။ "အမေ" တဲ့။

လူ့ဘဝမှာ လူတိုင်း ကိုယ်ပိုင်ဆိုင်ခွင့် ရတဲ့ နတ်မိမယ်ကို တန်ဖိုးထား ချစ်မြတ်နိုးနိုင် ကြပါစေ။

Post a Comment

0 Comments