လက်သည်းမှိုဝင်နေသူတွေအတွက် ကျန်းမာလှပတဲ့လက်သည်းရရှိစေဖို့ နည်းလမ်း (၈) ခု

လက်သည်းခြေသည်းလေးတွေကလည်း သင့်ရဲ့အလှတရားကို ပိုပြီး ထင်ပေါ်စေပါတယ်။ လက်သည်းခြေသည်းတွေမှာ မှိုဝင်နေတဲ့အခါ နာကျင်တဲ့အပြင် ကြည့်လို့လည်း မလှတော့ပါဘူး။

အဲဒါကြောင့် ကျန်းမာလှပတဲ့ လက်သည်းခြေသည်းလေးတွေ ရဖို့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဘိုင်အိုတင်ပါဝင်သော အစားအစာများ

လက်သည်းအရှည်မြန်ပြီး လက်သည်းတွေ မကျိုးလွယ်ဖို့အတွက် ဘိုင်အိုတင်ပါဝင်တဲ့အစားအစာတွေ လိုအပ်ပါတယ်။ ဘိုင်အိုတင်ကို ပုံမှန်စားပေးရင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ လက်သည်းတွေက ပြန်လည် ကျန်းမာလာပါတယ်။ အစေ့အဆန်၊ ပန်းမုံလာ၊ ကြက်ဥပြုတ်၊ ငှက်ပျောသီး၊ မှိုတို့ဟာ ဘိုင်အိုတင် ကြွယ်ဝတဲ့အစားအစာတွေပါပဲ။

၂။ လက်သည်းကို ညှိပေးပါ။

လက်သည်းညှပ်ပြီးတဲ့အခါမှာ လက်သည်းကို မညှိပေးရင် ခဏခဏကျိုးတတ်ပါတယ်။ အဲဒါကြောင့် လက်သည်းညှပ်ပြီးတဲ့အခါတိုင်း လက်သည်းကို စိတ်ရှည်လက်ရှည် ညှိပေးပါ။

၃။ လက်သည်းကို ခဏခဏဆေးမဆိုးသင့်ပါဘူး။

လက်သည်းခြေသည်းလေးတွေက ဆေးဆိုးထားရင် ကြည့်လို့ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့မဆိုးထားသင့်ပါဘူး။ ခြေသည်းလက်သည်းတွေအတွက် အနားပေးဖို့လည်း လိုအပ်ပါတယ်။ လက်သည်းခြေသည်းကို ရက်သတ္တပတ် အနည်းငယ်ဆိုးထားပြီးရင် ခဏလောက် အနားပေးပြီးမှ ပြန်ဆိုးပါ။

၄။ လက်သည်းကို အရှည်ကြီးမထားသင့်ပါဘူး။

လက်သည်းအမြဲကျန်းမာနေဖို့၊ ပိုးမဝင်ဖို့၊ မှိုမဝင်ဖို့အတွက် လက်သည်းကို အရှည်ကြီးမထားသင့်ပါဘူး။ လက်သည်းရှည်သူတွေမှာ လက်သည်းကြား အညစ်အကြေးတွေဝင်ပြီး အခြားကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါ့အပြင် လက်သည်းကိုက်တတ်တဲ့အကျင့်ကိုလည်း ဖျောက်သင့်ပါတယ်။

၅။ အုန်းဆီ

အုန်းဆီက လက်သည်းခြေသည်းလေးတွေကို ရေဓာတ်ဖြည့်ပေးပါတယ်။ လက်သည်းခြေသည်းလေးတွေပေါ်မှာ အုန်းဆီအနည်းငယ်တင်ပြီး စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ အဲဒီအခါ လက်သည်းတွေ ကျန်းမာလာပြီး ခဏခဏ မကျိုးတော့ပါဘူး။ မှိုဝင်တာကိုလည်း တားဆီးပြီးသားဖြစ်စေပါတယ်။

၆။ လက်သည်းကို ပစ္စည်းဖောက်ဖို့အတွက် အသုံးမပြုသင့်ပါဘူး။

သံဘူးတွေ၊ အိတ်တွေကို ဖောက်တဲ့အခါ လက်သည်းကို အသုံးပြုကြပါတယ်။ လက်သည်းကို အသုံးပြုပါများရင် အားနည်းလာပါတယ်။အဲဒါကြောင့် လက်သည်းကို ပစ္စည်းဖောက်ဖို့အတွက်ဆိုရင် ရှောင်ကြဉ်သင့်ပါတယ်။

၇။ လက်သည်းအတု

လက်သည်းအတုတွေက အရမ်းလှပါတယ်။ ဒါပေမယ့် လက်သည်းအတုမှာ ပါဝင်တဲ့ပစ္စည်းတွေက လက်သည်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ လက်သည်းအတုကို ခွာလိုက်ပြီးရင်လည်း လက်သည်းတွေ အားနည်းပြီး ကျိုးလွယ်လာပါတယ်။

၈။ လက်သည်းခြေသည်းရင်းမှာရှိတဲ့ အရေအမာရစ်ကို မဖယ်ရှားသင့်ပါဘူး။

လက်သည်းခြေသည်းရင်းမှာရှိတဲ့ အရေအမာရစ်က ပိုးမဝင်အောင် ကာကွယ်ပေးထားတဲ့ သဘာဝကပေးတဲ့လက်ဆောင်ပါ။ အရေအမာရစ်ကို ဖယ်ရှားလိုက်ရင် ဘက်တီးရီးယားနဲ့ ရောဂါပိုးတွေ ဝင်လွယ်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments