အချစ်စစ်ကို ရှာဖွေတဲ့အခါ လူအများစု လွဲမှားလုပ်မိတတ်တဲ့အချက် (၈) ချက်

ဘဝအတွက် လက်တွဲဖော်ဆိုတာ မဖြစ်မနေ လိုအပ်တဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် အချို့တွေက အချစ်စစ်ကို ရှာမတွေ့ဘဲ အသည်းကွဲရင်းဘဲ ကျန်ရစ်နေတတ်ပါတယ်။ အဲဒါကြောင့် အချစ်စစ်ကို ရှာဖွေတဲ့အခါ လူအများစုလွဲမှားလုပ်မိတတ်တဲ့ အချက်လေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အခြားသူရဲ့အကြိုက်ကို လိုက်နေခြင်း

တစ်ခါတရံမှာ သင်ချစ်တဲ့သူ ငြိုငြင်မှာစိုးလို့ သူ့အကြိုက်၊ သူ့သဘောအတိုင်း လိုက်မိတာ ရှိပါလိမ့်မယ်။ အဲဒီအခါ သင့်ရဲ့ဖြစ်တည်မှုက ပျောက်ဆုံးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း နည်းလာမှာပါ။ အချစ်ရေးကလည်း ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့ဖြစ်တည်မှုအတိုင်းပဲ နေထိုင်ပြီး အခြားသူရဲ့ပုံစံခွက်အတိုင်း လိုက်နေစရာမလိုပါဘူး။

၂။ စံနှုန်းတွေကို မြှင့်ထားခြင်း သို့မဟုတ် နိမ့်ထားခြင်း

ဘဝလက်တွဲဖော်ရွေးတော့မယ်ဆိုရင် စံနှုန်းတွေသတ်မှတ်တာ လိုအပ်ပါတယ်။ ဒါပေမယ့် သင့်ကိုယ်သင် အရမ်းနှိမ့်ချပြီး သူနဲ့ဆိုရင် မဖြစ်နိုင်လောက်ပါဘူးလို့တွေးနေရင်လည်း အချစ်စစ်က မတွေ့နိုင်ပါဘူး။ ဒါမှမဟုတ် သင်လိုချင်တဲ့စံနှုန်းတွေကို အရမ်းမြှင့်ထားပြီး ပြည့်စုံသူကို လိုက်ရှာနေရင်လည်း အချစ်စစ်နဲ့ လွဲချော်နေဦးမှာပါ။

၃။ မိတ်ဆွေအသစ်တွေနဲ့ တွေ့ရမှာကို ကြောက်ရွံ့ခြင်း

အချစ်စစ်ကို ရှာတွေ့ဖို့အတွက် လူအများကြီးကို သုံးသပ်လေ့လာဖို့ လိုပါတယ်။ မိတ်ဆွေအသစ်၊ သူငယ်ချင်းအသစ်ဖွဲ့တဲ့အခါမှာ သင်လိုချင်တဲ့ အချစ်စစ်ကို ရှာဖွေ့တွေ့နိုင်ပါတယ်။ အတွေ့အကြုံတွေလည်း အများကြီးရလာမှာပါ။

၄။ သင့်ရဲ့ခံစားချက်တွေကို ဖော်ပြဖို့ ကြောက်ရွံနေခြင်း

သင်ရဲ့စိတ်ခံစားချက်တွေကို အမြဲတမ်းမြိုသိပ်ပြီးနေတာက ပျော်စရာကောင်းတဲ့ အချစ်ရေးကို ရရှိစေမှာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပွင့်လင်းရိုးသားဖို့က အရေးကြီးပါတယ်။ တစ်ခါတရံမှာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ဖလှယ်တာက ရင်းနှီးမှုတွေ ပိုရစေပါတယ်။

၅။ သင့်ဘေးနားက လူတွေကို လျစ်လျူရှုထားခြင်း

သင့်ရဲ့သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေထဲကနေ သင့်ကို သဘောကျနေတာ၊ သတိထားကြည့်နေတာလည်း ရှိကောင်းရှိနိုင်ပါတယ်။ အဲဒါကြောင့် အဝေးကြီးကို မကြည့်ဘဲ အနီးကလူတွေကိုလည်း သတိထားပြီး ကြည့်ကြည့်ပါ။ သင့်အတွက် အချစ်စစ်တွေ ပေးနိုင်မယ့်သူကို တွေ့နိုင်ပါတယ်။

၆။ တစ်ယောက်တည်း သီးသန့်နေထိုင်ခြင်း

အပေါင်းအသင်းလည်း မရှိ၊ သဘောကျတဲ့ဝါသနာလည်း မရှိဘဲ သီးသန့်နေထိုင်ခြင်းက သင့်ကို အထီးကျန်စေမှာပါ။ အဲဒါကြောင့် စိတ်ဝင်စားတဲ့ဝါသနာ၊ အသင်းအဖွဲ့လုပ်ဆောင်မှုတွေမှာ ပါဝင်ပါ။ အဲဒီအခါ ယုံကြည်မှုတွေ မြင့်လာပြီး အချစ်စစ်လည်း တွေ့လာနိုင်ပါတယ်။

၇။ သင့်အပေါ်လေးစားမှုမရှိတဲ့သူနဲ့ တွဲခြင်း

သင့်ရဲ့ချစ်သူက သင့်အပေါ် လေးစားမှုထားလား၊ သင့်ဘဝကို တိုးတက်အောင် ပံ့ပိုးပေးမယ့်သူလား၊ သင့်ရဲ့ရွေးချယ်မှုတွေကို အလေးထားသူလားဆိုတာ ကွဲပြားအောင် သိဖို့လိုပါတယ်။ အချိန်တိုင်းထိန်းချုပ်ပြီး သူ့သဘောကို လိုက်လျောပေးရတာ အချစ်စစ်မဟုတ်ပါဘူး။

၈။ ကိုယ့်ကိုယ်ကိုယ် မချစ်ခြင်း

ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် မချစ်တဲ့အခါ အခြားသူက သင့်ကို ချစ်ပေးဖို့ မျှော်လင့်လို့မရနိင်ပါဘူး။ အဲဒါကြောင့် သင့်မှာရှိတဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေပါ။

ပြီးနောက် အားသာချက်တွေကို တိုးတက်အောင်ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့လာနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့အခါ အချစ်စစ်က ရှာတွေ့ဖို့မခက်တော့ပါဘူး။

အောင်မြင်ပျော်ရွှင်တဲ့အချစ်ရေးကို ရရှိဖို့

- တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမပြီး အောင်မြင်မှုတွေကို အတူတူစံစားပါ။ သင့်ဘက်က ဆုံးရှုံးမှုတွေရှိနေရင်တောင် သင်ချစ်တဲ့သူက အမြဲရှိနေပေးမှာပါ။

- သံသယစိတ်မထားဘဲ အပြည့်အဝချစ်ပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments