သင့်ဘဝကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ လူ (၈) မျိုး

ပတ်ဝန်းကျင်မှာ အချို့သောလူတွေက ကောင်းကျိုးမပေးဘဲ အမြဲတမ်းစိတ်ဓာတ်ကျအောင် ပြုလုပ်တတ်ပါတယ်။ ကြိမ်ဖန်များစွာ များပြားလာတဲ့အခါမှာတော့ သင့်ဆီမှာ စိတ်အားငယ်တာ၊ ဒေါသထွက်တာ၊ ကြိတ်နိုင်ခဲမရဖြစ်တာ စတဲ့မကောင်းတဲ့အရာတွေပဲ ကျန်ရှိနေမှာပါ။ အဲဒါကြောင့် အဆိပ်အတောက်တွေပေးတဲ့ ရှောင်ကြဉ်သင့်တဲ့လူ ၈ မျိုးအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အမြဲတမ်း ညည်းညူနေသူ

ဒီလိုလူတွေက ကံမကောင်းတာတွေ၊ ကျရှုံးတာတွေကို သူတို့ပဲ အမြဲကြုံတွေ့နေရတယ်လို့ တွေးမြင်နေသူတွေပါ။ သူတို့တွေဟာ တစ်ခုခုကို အမြဲစိုးရိမ်နေတတ်ပြီး စိတ်မကျေမနပ် ဖြစ်နေတတ်သူတွေပါ။ ဝမ်းနည်းစရာတွေကို တွေးနေတတ်ပြီး အခြားသူတွေကိုလည်း စိတ်ညစ်အောင် ညည်းပြတတ်ကြပါတယ်။

၂။ မနာလိုတတ်သူ

မနာလိုတတ်သူတွေက အမြဲတမ်းမျက်လုံးစိမ်းကြီးတွေနဲ့ စောင့်ကြည့်နေတတ်ကြပါတယ်။ သူတို့ဟာ မနာလိုဖြစ်တတ်ကြတဲ့အပြင် အတင်းအဖျင်းပြောရတာ၊ အပုပ်ချရတာကိုလည်း ဝါသနာထုံကြပါတယ်။

အခြားတွေအပေါ်မှာတော့ သူတို့ဟာ ဘယ်လောက်သနားစရာကောင်းကြောင်း၊ ဘယ်လိုကံဆိုးကြောင်းပြောပြီး လူတွေဆီကနေ မေတ္တာလည်း ခံယူတတ်ကြပါတယ်။ မနာလိုသူတွေက သင့်ဘဝထဲမှာ မဖြစ်မနေ ကြုံတွေ့ရမယ့်သူတွေဖြစ်ပြီး သင့်ကို စိတ်ညစ်အောင် သေချာပေါက်လုပ်မယ့်သူတွေပါ။

၃။ သူများဆီကနေ အမြဲတမ်းအကူအညီယူတတ်သူ

သူတို့တွေကတော့ အခြားသူတွေဆီကနေ ဘယ်လိုအကူအညီ ယူရမလဲဆိုတာကို အမြဲတွေးပြီး ကိုယ့်စွမ်းကိုယ်စ မထုတ်ချင်ကြပါဘူး။ သူတို့တွေရဲ့ဘဝမှာ ပြဿနာတွေက အဆုံးမရှိများပြားနေသယောင် ထင်ရတတ်ပါတယ်။ အဲဒါကို အကြောင်းပြပြီး သင့်ဆီကနေ ငွေချေးတာ၊ အစအဆုံးအကုန်လုပ်ခိုင်းတာကို တစ်ဖက်သက်ဆန်ဆန်ပြုမူတတ်ကြပါတယ်။

၄။ ဆရာကြီးလုပ်တတ်သူ

ဆရာကြီးလုပ်တတ်သူတွေက ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို သိရှိကြပါတယ်။ သင်မမေးဘဲနဲ့လည်း သူကိုယ်တိုင်က ဆရာကြီးလုပ်နေတတ်ပါတယ်။ သူတို့တွေက ‌ဒေါသလည်း ကြီးတတ်ကြပြီး သင့်ရဲ့အမြင်တွေကို အလုံးစုံပြောင်းလဲသွားအောင် ပြုလုပ်တတ်ကြပါတယ်။ အခြားသူတွေကိုတော့ သူတို့လောက် မသိမတတ်လို့ ယူဆထားတတ်သူတွေပါ။

၅။ ကြွားလုံးထုတ်သူ

ကြွားလုံးထုတ်တတ်သူတွေဟာ စကားဝိုင်းထဲမှာ သူတို့ပဲ ပြောချင်ဆိုချင်ကြပါတယ်။ သူတို့လောက် ဘယ်သူမှ မသုံးနိုင်ကြောင်း၊ မသွားနိုင်ကြောင်း၊ မစားနိုင်ကြောင်း အထင်ရောက်တတ်ကြပါတယ်။ ကြွားလုံးထုတ်ရုံတင်မက အခြားသူတွေကိုပါ နှိမ့်ချပြောတတ်တာက သူတို့ဝါသနာပါ။ အဲဒီအကျင့်ကြောင့် ကြွားလုံးထုတ်တတ်သူနဲ့ ပေါင်းသင်းသူတွေမှာ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ လျော့ပါးသွားတတ်ကြပါတယ်။

၆။ တစ်ဖက်သတ်ဆန်သူ

ဒီလိုလူတွေကတော့ စကားပြောတဲ့အခါ သူများကို ပြောခွင့်မပေးဘဲ သူတစ်ယောက်ထဲပဲ ပြောနေတတ်တာပါ။ သင်က မမေးရင်တောင် သူ့ဘဝရဲ့အကြောင်းတွေကို အသေးစိတ်ပြောပြချင်နေတတ်ပါတယ်။ အခြားသူတွေရဲ့အမြင်ကိုလည်း စိတ်မဝင်စားဘဲ သူပဲ မှန်တယ်လို့ အထင်ရောက်နေတတ်သူပါ။

၇။ လိမ်ညာပြောတတ်သူ

လိမ်ညာပြောတတ်တာက ကိုယ့်ကိုယ်ကိုယ်သာမက အခြားသူတွေကိုပါ ဒုက္ခရောက်စေပါတယ်။ အချို့တွေက လိမ်ညာပြောလိုက်ရင် လွယ်လွယ်နဲ့ပြီးသွားမယ်ထင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေကို ထည့်သွင်းမစဉ်းစားတတ်ကြပါဘူး။ လိမ်ညာပြောတတ်သူကတော့ သင့်ဘဝမှာ မလွဲမသွေကြုံတွေ့ရမယ့်သူပါပဲ။

၈။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသူ

ဒီလိုလူတွေကတော့ သူတို့သူကိုယ်တို့ ဉာဏ်ကြီးရှင်လို့ ထင်တတ်ကြပါတယ်။ အခြားသူတွေကိုတော့ ဉာဏ်ရည်နိမ့်ပါးတယ်လို့ တွေးတတ်ကြပါတယ်။ တစ်ခါတရံမှာ ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ရင်တောင် "ငါတောင် မဖြေရှင်းနိုင်တာ။ တခြားသူတွေဆို ပိုလို့တောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး" လို့ တွေးထင်တတ်ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သူတွေက ဆတ်ဆတ်ထိမခံတဲ့သူတွေလည်း ဖြစ်ကြပါတယ်။ သူတို့နဲ့စကားပြောပြီးနောက်မှာတော့ စိတ်မသက်မသာဖြစ်တာပဲ ကျန်ခဲ့တတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments