နံရံနဲ့ မျက်နှာကျက်တွေပေါ်မှာ စွဲကပ်နေတတ်တဲ့ အမည်းရောင်မှိုတွေကို ဖယ်ရှားနည်း

စိုထိုင်းဆများတဲ့ အခန်းတွေထဲမှာဆိုရင် နံရံတွေမှာ မှိုတွေ ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် ရေချိုးခန်း၊ မီးဖိုချောင်၊ မြေအောက်ခန်းလို နေရာတွေမှာ စိုထိုင်းဆများတာကြောင့် နံရံတွေမှာ မှိုတွေ ပေါ်ပေါက်လာပါတယ်။

မှိုတွေက လျင်လျင်မြန်မြန် ပျံ့နှံ့လွယ်တာကြောင့် လူသားတွေရဲ့ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အဲဒါကြောင့် အခန်းနံရံတွေပေါ်မှာ ရှိနေတတ်တဲ့ မှိုတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

ပြင်ဆင်ပုံ

- နံရံက မှိုတွေကို ဖယ်ရှားသန့်ရှင်းတော့မယ်ဆိုရင် အရင်ဆုံး ရာဘာလက်အိတ်ကို ဝတ်ပါ။ မှိုမျိုးမှုန်တွေ အသက်ရှူလမ်းကြောင်းထဲ မဝင်စေဖို့ mask တပ်ပါ။

- လေဝင်လေထွက်ကောင်းဖို့အတွက် ပြူတင်းပေါက်တွေကို ဖွင့်ထားပါ။

- သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ အဝတ်တွေကို ရေနွေးနဲ့စိမ်ထားပြီးလျှော်ပါ။

နံရံနဲ့ မျက်နှာကျက်က မှိုတွေကို ဖယ်ရှားနည်း

- ဇလုံတစ်လုံးထဲမှာ ကလိုရင်းအရောင်ချွတ်ဆေး ၁ ဆ၊ ရေ ၄ ဆရောပါ။

- ရောထားတဲ့ဇလုံတစ်လုံးထဲကို အဝတ်ဟောင်းတစ်ထည်နှစ်လိုက်ပြီး အဲဒီအဝတ်ဟောင်းနဲ့ နံရံနဲ့ မျက်နှာကျက်တွေကို သန့်ရှင်းရေးလုပ်ပါ။

- နံရံနဲ့ မျက်နှာကျက်တွေမှာ မှိုတွေ မရှိတော့တဲ့အခါ အဝတ်ခြောက်တစ်ခုနဲ့ လိုက်သုတ်ပါ။ အဝတ်စိုရော အဝတ်ခြောက်ကိုပါ အိတ်တစ်လုံးထဲထည့်ပြီးနောက် လွှင့်ပစ်လိုက်ပါ။ မှိုတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် brush ကို အသုံးမပြုသင့်ပါဘူး။ Brush ကိုသုံးရင် မှိုတွေကို ပိုများလာအောင် လှုံ့ဆောက်ပေးသလိုပါပဲ။

- အဲဒီနောက် တစ်ခန်းလုံးကို လေမှုတ်စက်နဲ့ သန်ရှင်းရေးလုပ်ပါ။

ကလိုရင်းအရောင်ချွတ်ဆေးနဲ့ မှိုတွေမပြောင်ရင် မှိုတွေကို နှိမ်နင်းပေးတဲ့ ဆပ်ပြာရည်ကို အသုံးပြုပါ။

ရေချိုးခန်းထဲက မှိုအမည်းတွေကို ဖယ်ရှားနည်း

နည်းလမ်း ၁

- မှိုနှိမ်နင်းပေးတဲ့ဆပ်ပြာရည်ကို မှိုတွေရှိတဲ့နေရာမှဦ ဖျန်းထားပါ။

- အဲဒီနောက် ကလိုရင်းအရောင်ချွတ်ဆေး ၁ ဆ၊ ရေ ၁ ဆရောပြီး ထပ်ပြီးဖျန်းပါ။ မိနစ်အနည်းငယ်ကြာအောင်စောင့်ပြီးနောက် ပွတ်တိုက်ပေးဆေးကြောပေးပါ။

- မှိုအသစ်တွေ ဖြစ်လာမအောင်လို့ ရှာလကာရည်ကို လောင်းပါ။

- ရှာလကာရည်တွေ ခြောက်သွားရင် ခြောက်သွေ့တဲ့အဝတ်စနဲ့ သုတ်လိုက်ပါ။

နည်းလမ်း ၂

- ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေကို ဆတူရောပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အစား မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို သုံးလို့ရပါတယ်။

- မှိုတွေများနေတဲ့နေရာကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေရောထားတာကို ဖျန်းလိုက်ပြီး မိနစ်အနည်းငယ်ထားပါ။ အဲဒီနောက် ရေများများနဲ့ လောင်းချပါ။

- လောင်းချပြီးတဲ့နောက် ရှာလကာရည်ကို ထပ်ပြီးလောင်းပါ။ ခြောက်သွေ့သွားရင်တော့ ရပါပြီ။

နံရံနဲ့ မျက်နှာကျက်တွေမှာ မှိုတွေဖြစ်မလာအောင် ဘယ်လိုကာကွယ်မလဲ။

- အခန်းထဲမှာ စိုထိုင်းဆ များနေလားဆိုတာကို သိဖို့အတွက် hygrometer နဲ့တိုင်းပါ။ စိုထိုင်းဆက ၆၀ ရာခိုင်နှုန်းထက် ပိုမများသင့်ပါဘူး။

- အခန်းထဲမှာ လေဝင်လေထွက်ကောင်းအောင်လို့ ပြူတင်းပေါက်တွေကို ဖွင့်ထားပါ။ အိမ်သာနဲ့ ရေချိုးခန်းထဲမှာလည်း လေထွက်ပေါက်လေးတွေကို အနည်းငယ် ဟထားပေးပါ။

Zombie (lovemedia)

Post a Comment

0 Comments