ဝက်ခြံကို မညှစ်သင့်တဲ့အကြောင်းအရင်း (၄) ချက်

မျက်နှာပေါ်က ဝက်ခြံတွေကို ဘယ်သူမှ သဘောမကျကြပါဘူး။ ဒါပေမယ့် အချို့က မျက်နှာမှာ ဝက်ခြံတွေပေါ်လာတဲ့အခါ ညှစ်တတ်ကြပါတယ်။ တကယ်တော့ ဝက်ခြံညှစ်တာက ပိုပြီးတော့ ဆိုးဝါးသွားစေပါတယ်။ အဲဒါကြောင့် ဝက်ခြံမညှစ်သင့်တဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ဟော်မုန်းအပြောင်းအလဲ သို့မဟုတ် အသားအရေမှာ အဆီတွေအရမ်းများတဲ့အခါတွေမှာ ဝက်ခြံတွေ ပေါက်လာပါတယ်။ ဆယ်ကျော်သက်တွေအပြင် အရွယ်ရောက်ပြီးသူတွေမှာလည်း ဝက်ခြံပေါက်ကြပါတယ်။ အစားအသောက်၊ စိတ်ဖိစီးမှုတွေကြောင့်လည်း ဝက်ခြံတွေက ပိုဆိုးလာတတ်ပါတယ်။

ဝက်ခြံမညှစ်သစ်တဲ့နေရာများ

နှာခေါင်းနဲ့ နှုတ်ခမ်းတစ်ဝိုက်ကို တြိဂံပုံဆွဲလိုက်ပါ။ အဲဒီတြိဂံနေရာမှာ ဝက်ခြံပေါက်လာရင် မညှစ်သင့်ပါဘူး။ သွေးကြောလေးတွေက အဲဒီတြိဂံနေရာမှာ ရှိတာကြောင့် အခြားကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်လို့ပါ။

ဝက်ခြံမညှစ်သင့်တဲ့အကြောင်းအရင်းများ

၁။ ဝက်ခြံညှစ်လိုက်လို့ ဝက်ခြံတွေက မပျောက်သွားပါဘူး။

ဝက်ခြံညှစ်တာက ချွေးပေါက်တွေကို ပွင့်သွားစေပြီး ဘက်တီးရီးယားတွေကို အရေပြားအတွင်းထဲထိ ဝင်သွားအောင် တွန်းပေးလိုက်သလိုပါပဲ။ ဝက်ခြံညှစ်တာကြောင့် ပိုပြီးရောင်ကိုင်းလာတာနဲ့ နီမြန်းလာတာကို ကြုံတွေ့ရမှာပါ။

၂။ အမာရွတ်

ဝက်ခြံညှစ်ပြီးနောက်ပိုင်း မျက်နှာပေါ်မှာ အမာရွတ်တွေက ကျန်ရစ်နေမှာပါ။ တစ်ခါတရံမှာ ဝက်ခြံအမာရွတ်တွေက ပျောက်သွားဖို့ ခဲယဉ်းနေတတ်ပါတယ်။

၃။ ဝက်ခြံသက်သာဖို့ ပိုကြာလာပါတယ်။

ပုံမှန်အားဖြင့် ဝက်ခြံပေါက်ပြီးနောက်ပိုင်း ၃ ရက်ကနေ ၇ ရက်အတွင်း ဝက်ခြံက သက်သာသွားပါတယ်။ ဝက်ခြံကို သွားညှစ်လိုက်မယ်ဆိုရင်တော့ သက်သာဖို့ ၂ပတ်လောက်အထိ ကြာမြင့်တတ်ပါတယ်။

၄။ ဝက်ခြံတွေကို ပိုပြီးပွားလာစေပါတယ်။

ဝက်ခြံကို ညှစ်လိုက်တာနဲ့ ဘက်တီးရီးယားတွေ၊ အဆီတွေက ထွက်လာပြီး အခြားချွေးပေါက်တွေအထိ ပျံ့နှံ့သွားပါတယ်။ အဲဒီကနေ ဝက်ခြံတွေက ပိုပွားလာတာပါ။

ဝက်ခြံတွေ မပွားလာအောင် ဘယ်လိုကာကွယ်မလဲ

ဝက်ခြံတွေကို ထပ်ပြီးမပွားလာအောင် မျက်နှာကို လက်နဲ့ခဏခဏ သွားကိုင်တာ၊ ဆံပင်က မျက်နှာနား ခဏခဏ ဝဲကျနေတာကို ရှောင်ကြဉ်ပါ။ ပြီးတော့မျက်နှာကို သေသေချာချာ သန့်ရှင်းရေးလုပ်ပါ။

ဝက်ခြံတွေကို ဖုံးကွယ်ဖို့

ဝက်ခြံကို အသားအရောင်ပေါ်မူတည်ပြီး concealer သို့မဟုတ် dry foundation နဲ့ဖုံးကွယ်ပါ။ ဝက်ခြံထွက်လာရင် သူ့အလိုလို ပျောက်ကင်းသွားစေဖို့ သွားမညှစ်သင့်ပါဘူး။ စိတ်ရှည်တဲ့အခါ ဝက်ခြံအမာရွတ်တွေလည်း မကျန်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments