သန့်စင်ခန်းထဲကို ဝင်တဲ့အခါ ခွေးလေးတွေ၊ ကြောင်လေးတွေ အပြင်မှာ လာစောင့်နေရတဲ့အကြောင်းအရင်း (၈) ခု

သန့်စင်ခန်းဝင်တဲ့အခါ၊ ရေချိုးတဲ့အခါ ခွေးလေးတွေ၊ ကြောင်လေးတွေက အပြင်ကနေ စောင့်နေတာမျိုးကို အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်အချို့ ကြုံရလေ့ရှိပါတယ်။ အိမ်မွေးတိရစ္ဆာန်တိုင်းက သူတို့သခင်ကို လာစောင့်တတ်တာတော့မဟုတ်ပါဘူး။

အမျိုးအစား၊ တစ်ကောင်ချင်းစီရဲ့ အပြုအမူပေါ်မူတည်ပြီးတော့လည်း ကွဲပြားပါသေးတယ်။ အဲဒါကြောင့် သန့်စင်ခန်းဝင်တဲ့အခါ၊ ရေချိုးတဲ့အခါ ခွေးလေးတွေကြောင်လေးတွေ အပြင်မှာ လာစောင့်နေရတဲ့အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စိတ်မချတဲ့အခါ

ခွေးလေးက သင်သွားတဲ့နောက်ကို တကောက်ကောက်လိုက်နေတယ်ဆိုရင်တော့ သင့်ကို စိတ်မချလို့ ကာကွယ်ပေးချင်တာကြောင့် ဖြစ်နိုင်ပါတယ်။ ခွေးလေးတွေရဲ့စိတ်ထဲမှာ သူတို့ချစ်တဲ့သခင်ကို အမြဲတမ်းကာကွယ်ပေးရမယ်လို့ ယူဆထားကြပါတယ်။ ခွေးလေးတွေအပြင် ကြောင်လေးတွေကလည်း သင့်နောက်ကို တကောက်ကောက်လိုက်တတ်ကြပါတယ်။

၂။ ပိုပြီး ရင်းနှီးချင်တဲ့အခါ

ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့စိတ်ထဲမှာ သင့်ကို မိဘလို့ သဘောထားလေ့ရှိကြပါတယ်။ သင့်အပေါ် ပိုသံယောဇဉ်ရှိတဲ့အခါမှာတော့ ဘယ်သွားသွား နောက်ကနေ အမြဲလိုက်ပါတော့တယ်။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်လေးတွေကို အရွယ်ရောက်ပြီးတဲ့အချိန်မှ မွေးစားရင်တော့ သင်နဲ့ ပိုပြီးရင်းနှီးချင်တာကြောင့် နောက်ကနေ လိုက်တတ်ပါတယ်။

၃။ စပ်စုချင်တဲ့အခါ

ခွေးတွေက ပင်ကိုအားဖြင့် အရမ်းကို စပ်စုတတ်ကြပါတယ်။ အထူးသဖြင့် သန့်စင်ခန်းဝင်နေတဲ့အချိန် တံခါးကို ပိတ်ထားတဲ့အခါမှာ ပိုပြီး စပ်စုတတ်ကြပါတယ်။ အပြင်မှာလည်း ထိုင်စောင့်ပြီး အသံကို နားစွင့်ကြပါတယ်။ ကြောင်လေးတွေမှာလည်း စပ်စုချင်စိတ်တွေ ရှိကြပါတယ်။ ကြောင်လေးတွေက သခင်ကိုသာမက သူစိမ်းတွေကိုပါ စပ်စုတတ်ကြပါတယ်။

၄။ ပျင်းရိတဲ့အခါ

ကြောင်လေးတွေ၊ ခွေးလေးတွေက အရမ်းပျင်းရိလာတဲ့အခါမှာတော့ သင့်ကို မျက်စိအောက်ကနေ အပျောက်မခံကြတော့ပါဘူး။ အဲဒါကြောင့် သွားလေရာကို နောက်ကနေ လိုက်တတ်ကြပါတယ်။ အပြင်ကနေ ထိုင်စောင့်ပေးနေရတာက သူတို့အတွက် စိတ်လှုပ်ရှားစရာ အခွင့်အရေးကြီးတစ်ရပ် ဖြစ်နေတတ်ပါတယ်။

၅။ သူတို့ရဲ့အပြုအမူကို အသိအမှတ်ပြုတဲ့အခါ

သန့်စင်ခန်းထဲ ခွေးလေးတွေ လိုက်လာတာကို သင်က အသိအမှတ်ပြုဖူးရင် သူတို့စိတ်ထဲမှာ မှတ်ထားလေ့ရှိကြပါတယ်။ သူတို့လိုက်လာပေးတာကို သခင်တွေ သဘောကျမယ်ထင်ပြီး အမြဲတမ်းလိုက်လာပေးတတ်ပါတယ်။ ဒါပေမယ့် ခွေးလေးတွေ၊ ကြောင်လေးတွေ သန့်စင်ခန်းထဲကို အမြဲလိုက်မလာအောင် လေ့ကျင့်ပေးလို့လည်း ရပါတယ်။

၆။ စိုးရိမ်စိတ်များတဲ့အခါ

ခွေးလေးတွေ၊ ကြောင်လေးတွေ သင့်နောက်ကို လိုက်လာရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ သူတို့စိတ်ထဲမှာ ပူပန်စိုးရိမ်စိတ်တွေ ရှိနေလို့ပါ။ သင်နဲ့အတူ ရှိနေရင် စိတ်ပူပန်မှုတွေ လျော့ကျတယ်လို့ ခံစားရတာကြောင့် သွားလေရာ တကောက်ကောက်ပါလာတတ်ပါတယ်။

၇။ လူနားကပ်ရတာကို သဘောကျတဲ့အခါ

အချို့ခွေးအမျိုးအစားတွေက လူနားမှာ အမြဲကပ်နေရတာကို သဘောကျပါတယ်။ Golden retrivers, pugs, chihuahua, German shepherds, Dobermens တို့လို ခွေးအမျိုးအစားတွေက သခင်နားမှာ အမြဲကပ်နေလေ့ရှိပါတယ်။ Ragdoll, Persian, Scottish Fold, Maine coon ‌ကြောင်အမျိုးအစားတွေကလည်း သခင်နားမှာ ပွတ်သီးပွတ်သပ်နေရတာကို ပိုနှစ်သက်ပါတယ်။

၈။ သန့်စင်ခန်းထဲမှာ ပိုပျော်တဲ့အခါ

သန့်စင်ခန်းက ခွေးလေးတွေ၊ ကြောင်လေးတွေအတွက် စူးစမ်းလို့ကောင်းတဲ့နေရာဖြစ်နေတတ်ပါတယ်။ သန့်စင်ခန်းထဲက အနံ့အချို့က ခွေးလေးတွေအတွက် ဆွဲဆောင်မှုရှိနေတတ်ပါတယ်။

ဒါ့အပြင် တစ်ရှူးလိပ်၊ ရေချိုးကန်၊ တဘက်၊ ရေပန်း စတဲ့အရာတွေက သူတို့အတွက် ဆော့ဖို့ကောင်းတဲ့နေရာလို့ ခံစားရတာကြောင့် သန့်စင်ခန်းသွားရင် အရမ်းလိုက်ချင်နေတတ်ကြပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments