လူသားတွေအပေါ်မှာ သစ္စာအရှိဆုံး ကြောင်အမျိုးအစား (၁၀) မျိုး

ခွေးတွေကပဲ သခင်အပေါ်မှာ သစ္စာရှိတာ မဟုတ်ပါဘူး။ ကြောင်လေးတွေကလည်း လူသားတွေအပေါ်မှာ သစ္စာရှိပါတယ်။ ခွေးနဲ့ကြောင်ဟာ အကျင့်စရိုက်ချင်းမတူကြသလို သခင်အပေါ် သံယောဇဉ်တွယ်တာမှုကို ပြသပုံချင်း မတူကြပါဘူး။

ကြောင်လေးတွေက သီးသန့်နေတတ်ပေမယ့် သခင်တွေအပေါ်မှာ သစ္စာမရှိတာ မဟုတ်ပါဘူး။ အဲဒါကြောင့် သခင်တွေအပေါ်မှာ သစ္စာရှိတဲ့ ကြောင်အမျိုးအစားတွေအကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Siamese

Siamese ကြောင်အမျိုးအစားတွေက လူသားတွေကို ချစ်ခင်တတ်ပြီး စကားလည်း အရမ်းများပါတယ်။ ဒီကြောင်လေးတွေက အိမ်မှာ တစ်ကောင်တည်း အထီးကျန်နေရတာကို မကြိုက်ပါဘူး။ သူတို့အတွက် လူသားပဲဖြစ်ဖြစ် ကြောင်တစ်ကောင်ပဲဖြစ်ဖြစ် ရှိနေရင် ပျော်နေတတ်ကြပါတယ်။

Siamese ကြောင်တွေက သူတို့ကိုယ်သူတို့ တစ်အိမ်လုံးရဲ့အိမ်ကြီးရှင်လို့ ယူဆထားကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့သခင်ကိုလည်း မမေ့ပါဘူး။ သူ့ကို စောင့်ရှောက်တဲ့သခင်ကို ဒုတိယအရေးကြီးတဲ့အရာလို့ သတ်မှတ်ထားပါတယ်။ မိသားစုဝင်တွေထဲက တစ်ယောက်လောက်ကိုပဲ Siamese ကြောင်တွေက တွယ်တာကြပါတယ်။

၂။ Syhynx

Syhynx ကြောင်အမျိုးအစားက လူသားတွေနဲ့ အရမ်းကို ရင်းနှီးတဲ့ကြောင်ပါပဲ။ သူတို့က စကားတွေအများကြီး ပြောတတ်ကြပြီး အဆော့လည်း သန်ပါတယ်။ သခင်နဲ့ သခင်ရဲ့မိသားစုအပေါ်မှာလည်း အရမ်းကို သစ္စာရှိတတ်ကြပါတယ်။ သူတို့ရဲ့ပုံစံက တခြားကြောင်တွေနဲ့ မတူပေမယ့် သစ္စာရှိတာတော့ အမှန်ပါပဲ။

၃။ Persian

လူသားတွေအပေါ် သစ္စာအရှိဆုံး ကြောင်အမျိုးအစားထဲမှာ Persian ကြောင်လည်း ပါဝင်ပါတယ်။ ဒါပေမယ့် Persian ကြောင်က သူတို့ကို ဂရုစိုက်ပေးတဲ့ သခင်တစ်ယောက်ထဲကိုပဲ သစ္စာရှိတာပါ။

သူနဲ့အတူတူ အချိန်ကုန်ဆုံးပေးလေလေ သင့်ကို ပိုချစ်လေလေပါပဲ။ ဒီကြောင်လေးက သင်အလုပ်လုပ်နေတယ်ဆိုရင်တောင် စိတ်ရှည်လက်ရှည်နဲ့ သင့်ပေါင်ပေါ်မှာ ထိုင်စောင့်ပေးမယ့် ကြောင်လေးပါ။

၄။ မြန်မာကြောင်

မြန်မာကြောင်လေးတွေ ချစ်စရာလည်းကောင်း၊ လှလည်းလှသလို သစ္စာလည်း ရှိကြပါတယ်။ မြန်မာကြောင်လေးတွေကို နည်းနည်းလောက် ဂရုစိုက်ပေးလိုက်ရင်တောင် သင့်အပေါ် အများကြီးပိုချစ်ပေး၊ သစ္စာစောင့်သိပေးကြပါတယ်။ မြန်မာကြောင်လေးတွေက သူစိမ်းတွေကို သိပ်သဘောမကျပါဘူး။ မိသားစုဝင်တွေနဲ့ ပွတ်သီးပွတ်သပ်နေချင်ကြပါတယ်။

၅။ Abyssinian

Abyssinian ကြောင်လေးတွေကလည်း သစ္စာရှိတဲ့ ကြောင်အမျိုးအစားထဲမှာ အပါအဝင်ပါပဲ။ သူတို့က ဉာဏ်ရည်မြင့်ပြီး အရမ်းစပ်စု၊ အရမ်းဆော့ကြပါတယ်။ Abyssinian ကြောင်လေးတွေ သူတို့သခင်နဲ့ အနီးအနားမှာနေဖို့ အမြဲလိုလို ကြိုးစားနေတတ်ကြပါတယ်။

သင်က အလုပ်လုပ်နေတယ် ဆိုရင်တောင် သင့်အနားမှာ မခွာဘဲ စောင့်ပေးတတ်ကြပါတယ်။ Abyssinian ကြောင်လေးတွေက သခင်ကို အကောင်းဆုံးသူငယ်ချင်းလို့ ယူဆထားကြပါတယ်။

၆။ Exotic Shorthair

Exotic Shorthair ဟာ Persian နဲ့ American Shorthair ရောထားတဲ့ ကြားထဲက အမျိုးအစားပါ။ သူတို့က အရမ်းကို ချစ်စရာကောင်းပြီး အဆော့မက်ပါတယ်။ သူတို့ကိုယ်သူတို့ အိမ်ကို ကာကွယ်ပေးတတ်သူလို့ ယုံကြည်ထားကြပါတယ်။

၇။ Maine Coon

Maine Coon ကြောင်လေးတွေက လူသားတွေကို အရမ်းသံယောဇဉ်ရှိပြီး သခင်နားမှာ အမြဲနေချင်ကြပါတယ်။ ဒီကြောင်လေးတွေက သူစိမ်းတွေကိုတောင် ကောင်းကောင်းမွန်မွန်ဆက်ဆံနိုင်တဲ့ ဆက်ဆံရေးကောင်းတဲ့ ကြောင်တွေပါပဲ။ အထူးသဖြင့် ကလေးတွေ၊ အခြားအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ရတာကို သဘောကျကြပါတယ်။

၈။ Russian Blue

Russian Blue က သစ္စာအရှိဆုံး ကြောင်အမျိုးအစား ၃ မျိုးထဲမှာ တစ်မျိုးအပါအဝင်ပါ။ သူတို့တွေက အေးအေးဆေးဆေးနေတတ်ကြပြီး အနည်းငယ် ရှက်တတ်ကြပါတယ်။ ဒီကြောင်လေးတွေက အမြင့်နေရာမှာ နေကြပြီး လူသားတွေကို အမြင့်ကနေ ကြည့်တတ်ကြပါတယ်။

သူစိမ်းတွေကို ဂရုမစိုက်သလို ရှိတယ်လို့တောင် မထင်ကြပါဘူး။ ဒါပေမယ့် သခင်နဲ့ မိသားစုဝင်ကိုတော့ ရင်းရင်းနှီးနှီး ဆက်ဆံတတ်ကြပါတယ်။ Russian Blue တွေက ဆတ်ဆတ်ထိမခံကြပါဘူး။ နည်းနည်းမှ ဂရုမစိုက်ပေးရင် သင့်ကိုလည်း စိမ်းကားနေမှာပါ။

၉။ Ragdoll

Ragdoll ကြောင်လေးတွေက ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ တခြားအရာတွေထက် သခင်ကိုပဲ ပိုတွယ်တာကြပါတယ်။ သခင်နောက်ကို တကောက်ကောက်လိုက်ပြီး ပြောစကားလည်း နားထောင်တတ်ကြပါတယ်။ သခင်အပေါ်မှာလည်း အရမ်းသစ္စာရှိတတ်ကြပါတယ်။

၁၀။ Egyptian Mau

Egyptian Mau ကြောင်ကတော့ သစ္စာအရှိဆုံးကြောင်တွေထဲမှာ ထိပ်ဆုံးကပါပဲ။ သူတို့တွေက ကလေးတွေကို ချစ်တတ်ပြီး ကလေးတွေကိုလည်း စောင့်ရှောက်တတ်ကြပါတယ်။ ပုံစံက လှပရုံတင်မကပါဘူး။ သတ္တိလည်း ရှိကြပါတယ်။

ကြောင်လေးတွေအားလုံးမှာ ကိုယ်ပိုင်အကျင့်စရိုက်တွေ ရှိကြပါတယ်။ သင့်ကြောင်လေးတွေက ဒီစာရင်းထဲမှာ မပါလည်း စိတ်မကောင်းမဖြစ်ပါနဲ့နော်။ သင့်ကြောင်လေးက သင့်အတွက် သစ္စာအရှိဆုံးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments