သားရေအသုံးအဆောင်ပစ္စည်းတွေကို ကြာရှည်ခံအောင် ထိန်းသိမ်းနိုင်မယ့်နည်းလမ်း (၆) ခု

ခေတ်တွေ ပြောင်းလဲသွားပေမယ့် သားရေအဝတ်အစားတွေကတော့ ဘယ်တော့မှ ရိုးမသွားပါဘူး။ သားရေနဲ့ ချုပ်လုပ်ထားတဲ့ အသုံးအဆောင်တွေကို သေသေချာချာထိန်းသိမ်းတဲ့အခါ နှစ်ပေါင်းများစွာ ကြာရှည်ခံပါတယ်။

အဲဒါကြောင့် တန်ဖိုးကြီးတဲ့ သားရေအဝတ်အစား၊ အသုံးအဆောင်တွေ ကြာရှည်ခံစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သန့်ရှင်းခြင်း

သားရေအင်္ကျီပေါ်က အစွန်းထင်းတွေကို ဖယ်ရှားဖို့အတွက် မလိုင်ထုတ်ထားပြီးတဲ့ နွားနို့နဲ့ပွတ်တိုက်ပေးပါ။ ဆီ၊ မိတ်ကပ်တို့ စွန်းသွားတဲ့အခါမှာတော့ ချက်ချင်းဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဆီတွေ၊ မိတ်ကပ်တွေ ပေသွားရင် ဆီစုပ်တဲ့စက္ကူကို အသုံးပြုပါ။

၂။ ထိန်းသိမ်းခြင်း

သားရေအင်္ကျီပေါ်မှာ အစက်အပြောက်တွေ မရှိဘူးဆိုရင် နူးညံ့တဲ့ပိတ်စလေးနဲ့ တစ်လကိုတစ်ကြိမ်ခန့် သန့်ရှင်းရေးလုပ်ပေးပါ။ သားရေအဝတ်အစားတွေအတွက် အထူးထုတ်လုပ်ထားတဲ့ conditioner ကိုတော့ တစ်နှစ်တစ်ခါခန့် အသုံးပြုပြီး ပွတ်တိုက်ပေးပါ။ အဲဒီအခါ သားရေအဝတ်အစားတွေက မွဲခြောက်မသွားဘဲ တောက်ပြောင်နေစေပါတယ်။

၃။ ရေဓာတ်ဖြည့်ခြင်း

ခြောက်သွေ့တဲ့ရာသီဥတုတွေမှာ သဘာဝသားရေ အဝတ်ထည်တွေကို ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် သားရေအဝတ်အစားတွေအတွက် ထုတ်လုပ်ထားတဲ့ moisturizer ကို အသုံးပြုပြီး နူးညံ့တဲ့ပိတ်စလေးနဲ့ ပွတ်တိုက်ပေးပါ။

ဒါမှမဟုတ် ရေနံဂျယ်လီကိုလည်း အသုံးပြုလို့ရပါတယ်။ အဲဒီနောက် သားရေအဝတ်အစားကို လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။ နေရောင်နဲ့ အခြောက်ခံလို့မရပါဘူး။ သားရေအဝတ်အစားတွေကို တစ်နှစ်ကို နှစ်ကြိမ် ရေဓာတ်ဖြည့်ပေးလို့ရပါတယ်။

၄။ သိမ်းဆည်းခြင်း

သားအရေအဝတ်အစားတွေ ပုံပျက်တာ၊ လျော့ရွဲတာတွေမဖြစ်ဖို့အတွက် ခေါက်မသိမ်းဘဲ ချိတ်နဲ့သိမ်းပါ။ ချိတ်တဲ့အခါ တစ်ထည်နဲ့တစ်ထည် မပွတ်တိုက်မိအောင် ခပ်ခွာခွာအနေအထားနဲ့ ချိတ်ပါ။ သားရေအဝတ်အစားတွေကို နေရောင်မဝင်ဘဲ လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါ။

နေရောင်က သားရေအဝတ်အစားရဲ့အရောင်ကို မှိန်သွားစေပါတယ်။ သားရေအဝတ်အစားတွေပေါ်မှာ ပလက်စတစ်အုပ်ပြီးတော့လည်း သိမ်းလို့မရပါဘူး။

၅။ ဖိနပ်

သားရေဖိနပ်ကို စီးပြီးတဲ့အခါတိုင်း သန့်ရှင်းရေးလုပ်ပေးပါ။ သားရေဖိနပ်ကို ရေမထိအောင် ရှောင်ပြီး ရေထိသွားတဲ့အခါ လေနဲ့သာ အခြောက်ခံပါ။

၆။ အိတ်

သားရေအိတ်တွေကို အဝတ်လျှော်စက်ထဲကို ထည့်မလျှော်သင့်ပါဘူး။ အဝတ်လျှော်စက်ထဲ ထည့်လျှော်လိုက်ရင် ပုံပျက်သွားပြီး ကြာရှည်လည်း မခံတော့ပါဘူး။ သားရေအိတ်တွေကို သုံးပြီးတဲ့အခါ ပုံမပျက်စေဖို့ အိတ်ထဲမှာ စက္ကူတွေကို လုံးပြီး ထည့်ထားပါ။ အိတ်ထဲမှာ ပစ္စည်းတွေ မနိုင်မနင်းထည့်သယ်တဲ့အခါ တန်ဖိုးကြီးတဲ့သားရေအိတ်က ပုံစံမလှဖြစ်သွားမှာပါ။

သားရေအသုံးအဆောင်တွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ မလုပ်သင့်တဲ့အချက်များ

- သားရေအဝတ်အစားတွေဟာ ရေနဲ့တိုက်ရိုက်ထိတွေ့လို့မရပါဘူး။

- သားရေတွေက နူးညံ့တာကြောင့် ကြမ်းတမ်းတဲ့အဝတ်စတွေနဲ့ သန့်ရှင်းရေးမလုပ်သင့်ပါဘူး။

- သားရေအသုံးအဆောင်တွေကို ရေမွှေး၊ မိတ်ကပ်၊ အလှကုန်ပစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့တာကို ရှောင်ကြဉ်ပါ။

- သားရေအသုံးအဆောင်တွေကို သိမ်းမယ်ဆိုရင် လုံးဝခြောက်သွေ့နေဖို့ လိုအပ်ပါတယ်။ အစိုဓာတ်အနည်းငယ်ကျန်တာက သားရေအသုံးအဆောင်တွေကို အလကားဖြစ်သွားစေပါတယ်။

Bonus

- သားရေအင်္ကျီကို သန့်ရှင်းရေးလုပ်တော့မယ်ဆိုရင် သန့်ရှင်းရေးသုံးပစ္စည်းတွေကို အနည်းငယ်စမ်းသပ်ပြီးမှ ပြုလုပ်ပါ။

- တန်ဖိုးကြီး သားရေအသုံးအဆောင်တွေကို ပြုပြင်မယ်ဆိုရင် ကျွမ်းကျင်သူနဲ့သာ ပြုလုပ်သင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments