Expiration date ကျော်သွားပေမယ့် စားလို့ရသေးတဲ့အစားအစာ (၁၀) မျိုး

ကျန်းမာရေးအတွက် လတ်ဆတ်တဲ့အသီးအနှံ၊ အစားအစာတွေက အသင့်တော်ဆုံးပါ။ ရက်လွန်နေတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွက် အကျိုးမပြုနိုင်ပါဘူး။ ဒါပေမယ့် ကုန်ဆုံးရက်ကျော်လွန်သွားပေမယ့် စားလို့ရတဲ့ အစားအစာအချို့လည်း ရှိပါသေးတယ်။

၁။ ကြက်ဥ

ကြက်ဥကို ရေခဲသေတ္တာထဲမှာ ၃ ပတ်ကနေ ၅ ပတ်အထိ သိမ်းထားလို့ရပါတယ်။ သိမ်းထားတာ ၅ ပတ်ကျော်သွားရင်တောင် ကြက်ဥကို စားလို့ရပါသေးတယ်။ ကြက်ဥရဲ့အရောင်နဲ့ အနံ့ကို စစ်ဆေးကြည့်ပါ။ ကြက်ဥက အရောင်မလှတော့တာ၊ အနံ့က ပုပ်သိုးသိုးဖြစ်သွားတာဆိုရင်တော့ မစားသင့်တော့ပါဘူး။

၂။ ချိစ်နဲ့ ထောပတ်

ချိစ်အခဲမှာ ရေပါဝင်မှုနည်းတာကြောင့် အမျိုးအစားပေါ်မူတည်ပြီး ရေခဲသေတ္တာထဲမှာ ၆ ပတ်အထိ သိမ်းလို့ရပါတယ်။ လေလုံတဲ့ဘူးထဲမှာ ထည့်ထားရင် ၆ ပတ်ကျော်တဲ့အထိ အထားခံပါတယ်။

ထောပတ်ကို မဖောက်ရသေးဘူးဆိုရင် ၂ လကျော် ၃ လလောက်အထိ သိမ်းထားလို့ရပါတယ်။ ထောပတ်ကို ကြာရှည်ခံဖို့ဆိုရင် မဖောက်ရသေးတဲ့ ထောပတ်ကို ခဲပြားနဲ့ ထပ်ပတ်ပြီး သိမ်းထားလို့ရပါတယ်။

၃။ နွားနို့နဲ့ ဒိန်ချဉ်

နွားနို့ကို ရက်ကျော်သွားရင် မသောက်သင့်တော့ဘူးလို့ လူအများက ယူဆကြပါတယ်။ ဒါပေမယ့် နွားနို့ကို ရေခဲသေတ္တာထဲထည့်ထားပြီး သေသေချာချာသိမ်းထာရင်၊ အနံ့ကလည်း အဆင်ပြေနေသေးရင် တစ်ပတ်လောက်အထိ သောက်လို့ရပါတယ်။

ဒါပေမယ့် နွားနို့က ချဉ်လာရင်တော့ ချက်ပြုတ်တဲ့အထဲ သို့မဟုတ် မုန့်ဖုတ်တဲ့အထဲမှာ ထည့်သုံးလို့ရပါတယ်။ ဒိန်ချဉ်ကတော့ ဘူးပေါ်မှာရေးထားတဲ့ ရက်စွဲထက် နောက်ထပ် ၂ ပတ်လောက်အထိ ရေခဲသေတ္ထာထဲမှာ သိမ်းထားလို့ရပါတယ်။

၄။ Cereal

မဖောက်ရသေးတဲ့ Cereal တစ်ထုပ်က ၆ လကနေ ၁၂ လအထိ သိမ်းထားလို့ရပါတယ်။ ဖော်ထားပြီးတဲ့ Cereal ကိုတော့ ၄ လကနေ ၆ လအထိ ထားလို့ရပါတယ်။ စားဖို့မသင့်တော့တဲ့ Cereal ကတော့ အနံ့အသက် မကောင်းတော့ပါဘူး။ မှိုတွေလည်း တက်နေတတ်ပါတယ်။

၅။ မြေပဲထောပတ်

ဖောက်ထားတဲ့မြေပဲထောပတ်က ၃ လအထိ အထားခံပါတယ်။ ဒါပေမယ့် သဘာဝမြေပဲထောပတ်က ပိုပြီး အထားခံပါတယ်။ စားဖို့မသင့်တော်တဲ့ မြေပြထောပတ်က အရသာက အရမ်းဆိုးရွားပြီး အနံ့အသက်လည်း မကောင်းတော့ပါဘူး။

၆။ ဆော့စ်

ဆော့စ်ဘူးကို ဖောက်ပြီးနောက် ရေခဲသေတ္တာထဲမှာ သိမ်းထားရင်တောင် တစ်နှစ်အထိ အထားခံပါတယ်။ ဒါပေမယ့် ဆော့စ်ရဲ့အမျိုးအစားပေါ်လည်း မူတည်ပါသေးတယ်။ ဖောက်ထားတဲ့ မရောနိစ်ကတော့ ၃ လအထိ ရေခဲသေတ္တာထဲမှာ သိမ်းထားနိုင်ပါတယ်။

၇။ ကွတ်ကီး

ကွတ်ကီးအိတ်ပေါ်မှာ ရေးထားတဲ့ သက်တမ်းထက် တစ်လခန့်ပိုပြီး စားလို့ရပါသေးတယ်။ ဒါပေမယ့် ကြွပ်ကြွပ်လေးတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ ခြောက်သွေ့တဲ့နေရာမှာ သိမ်းထားရင်တော့ အချိန်အကြာကြီး အထားခံပါတယ်။

၈။ အသားနဲ့ ငါး

အသားနဲ့ ငါးက ဝယ်ပြီးနောက် ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၅ ရက်ခန့် သိမ်းထားလို့ရပါတယ်။ အသားအမျိုးအစားပေါ်မူတည်ပြီး အေးခဲထားတာဆိုရင် လပေါင်းများစွာ ကြာရှည်ခံပါတယ်။

လတ်ဆတ်တဲ့ငါးကိုတော့ ရေခဲသေတ္တာထဲမှာ ၂ ရက်ခန့် သိမ်းထားလို့ရပါတယ်။ ငါးတွေကိုလည်း ရေခဲနဲ့ အေးခဲထားရင် လပေါင်းများစွာ ကြာရှည်ခံပါတယ်။

၉။ ကိတ်

ကိတ်ကို ခြောက်သွေ့ပြီး အေးတဲ့နေရာမှာ သိမ်းထားရင် ရက်များစွာ ကြာရှည်ခံပါတယ်။ ဒါပေမယ့် ကိတ်ပေါ်မှာ မှိုလေးတွေ ပေါ်လာရင်တော့ မစားသင့်တော့ပါဘူး။

၁၀။ ပျားရည်

ပျားရည်က စစ်ပြီးတော့ ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင် အချိန်အကြာကြီး အထားခံပါတယ်။ အဓိကက ပျားရည် ဖန်ဘူးထဲမှာထည့်ပြီး ဘူးအဖုံးကို တင်းတင်းကြပ်ကြပ် ပိတ်ထားဖို့ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments