သင့်ချစ်သူက သင့်ကို တကယ်ဂရုစိုက်ပေးတာလား၊ ချုပ်ချယ်နေတာလားဆိုတာကို ခွဲခြားသိနိုင်မယ့်အချက် (၈) ချက်

ဂရုစိုက်တာနဲ့ ချုပ်ချယ်တာရဲ့ကြားမှာ အလွှာပါးပါးလေးပဲ ခြားပါတယ်။ တစ်ခါတရံမှာ သင့်ချစ်သူက သင့်ကို တကယ်ပဲ ဂရုစိုက်ပေးနေတာလား၊ ချုပ်ချယ်နေတာလားဆိုတာ ခွဲခြားရခက်ပါတယ်။ သင်က ဂရုစိုက်ခံနေရတာလား၊ ချုပ်ချယ်ခံနေရတာလားဆိုတာကို ဒီအချက်လေး‌တွေကနေ သိနိုင်ပါတယ်။

၁။ တစ်ဖက်သတ်ဆုံးဖြတ်ခြင်း

စုံတွဲတွေကြားမှာ အဆင်ပြေဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတာ၊ သဘောတူညီချက်တွေထားတာ စသဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။ သင့်ကို တကယ်ဂရုစိုက်သူဆိုရင် နှစ်ယောက်စလုံးအတွက် အဆင်အပြေဆုံးဖြစ်မယ့်အရာကို ရွေးချယ်မှာပါ။

အဲဒီလိုမဟုတ်ဘဲ သင့်ရဲ့ခံစားချက်တွေကို ထည့်သွင်းမစဉ်းစားဘဲ သူ့အမြင်သူ့သဘောနဲ့ပဲ ဆုံးဖြတ်ရင်တော့ သင့်ကို ချုပ်ချယ်နေတာပါ။

၂။ မမျှတခြင်း

စုံတွဲတွေကြားမှာ အချင်းချင်းသဘောတူညီထားတဲ့ ကတိတွေ၊ စည်းမျဉ်းတွေ ရှိကြပါတယ်။ ဒါပေမယ့် သင့်ချစ်သူက အဲဒီကတိတွေ၊ စည်းမျဉ်းတွေကို အရင်စဖောက်ပြီး သင့်ကိုတော့ ကတိတွေတည်ရမယ်၊ စည်းမျဉ်းတွေ လိုက်နာရမယ်လို့ ပြောနေရင်တော့ တကယ်ထိန်းချုပ်ချင်နေတာပါ။

၃။ သူ့ဘက်ကပဲ အမြဲမှန်တယ်လို့ ယူဆခြင်း

ဂရုစိုက်တတ်သူဆိုတာ သင့်ရဲ့ခံစားချက်တွေ၊ လိုအပ်ချက်တွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးနိုင်သူဖြစ်ပြီး သင့်အပေါ် စိတ်လုံခြုံမှုကို ခံစားရစေသူပါ။

အဲဒီလိုမဟုတ်ဘဲ သင့်ဘက်က စကားမှားသွားမှာကိုတောင် အရမ်းကြောက်နေရတယ် ဆိုရင်တော့ သူဟာ ချုပ်ချယ်ရတာကို သဘောကျသူပါ။ ချုပ်ချယ်တတ်သူဟာ သူတို့ကိုယ်သူတို့ အမြဲမှန်တယ်ထင်ပြီး သူတို့ရဲ့လုပ်ရပ်အပေါ် တာဝန်ယူမှု မရှိပါဘူး။

၄။ သူ့သဘောဆန္ဒကို လိုက်လျောပေးနေရခြင်း

ဥပမာအားဖြင့် သင့်ချစ်သူက သင့်ကို ခန္ဓာကိုယ်လှပဖို့ အစားထိန်းခိုင်းတာ၊ လေ့ကျင့်ခန်းလုပ်ခိုင်းတာဟာ သင့်ကို တကယ် ဂရုစိုက်လို့ပါ။ ဒါပေမယ့် သင်မလုပ်ချင်တဲ့အရာတွေကို သူကျေနပ်ဖို့အတွက်နဲ့ လိုက်လုပ်ပေးနေရတယ် ဆိုရင်တော့ သင့်ဖက်ကို ထည့်သွင်းမစဉ်းစားပေးတာပါပဲ။

၅။ ကိုယ်ရေးကိုယ်တာကို စွက်ဖက်ခြင်း

ချစ်သူရည်းစားတွေကြားမှာ တစ်ယောက်အကြောင်းကို တစ်ယောက်က ထဲထဲဝင်ဝင်သိတာက သဘာဝပါပဲ။ ဒါပေမယ့် သင်မသိစေချင်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို သူ့ဘက်က အရမ်းသိချင်နေတာ၊ စွက်ဖက်ချင်နေတာဆိုရင်တော့ သူဟာ ချုပ်ချယ်ရတာကို ကျေနပ်နေသူပါ။

၆။ သင့်ရဲ့ရည်မှန်းချက်တွေကို မကူညီပေးခြင်း

သင့်မှာ ရည်မှန်းချက်တွေ ကြီးကြီးမားမား ရှိတယ်ဆိုရင် တကယ်ဂရုစိုက်တတ်သူဟာ သင့်ကို အားပေးတာ၊ ပံ့ပိုးတာတွေ ပြုလုပ်ပါတယ်။ ချုပ်ချယ်တတ်သူကတော့ သင်လိုအပ်တာတွေကို လမ်းညွှန်ပေးတာ၊ ကူညီပေးတာတွေ ပြုလုပ်မှာမဟုတ်ပါဘူး။ သင့်ရဲ့ဆုံးဖြတ်ချက်တွေ ဝေဝါးသွားအောင်ပဲ ပြုလုပ်မှာပါ။

၇။ သင့်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေကြားကို စွက်ဖက်ခြင်း

အမြဲတမ်းချုပ်ချယ်ချင်သူက သင့်ကို မိသားစုနဲ့ သီးသန့်ဖြစ်သွားအောင်၊ သူငယ်ချင်းတွေနဲ့ ဝေးသွားအောင် ပြုလုပ်တတ်ကြပါတယ်။ တကယ်ဂရုစိုက်တတ်သူကတော့ သင့်ကို အခြားသူတွေရန်ကနေ ကာကွယ်ပေးပြီး ပေါင်းသင်းဆက်ဆံရေး တိုးတက်လာအောင် ကူညီပေးမှာပါ။

၈။ ခြယ်လှယ်ခံရတယ်လို့ ခံစားရခြင်း

စစ်မှန်တဲ့သူဆိုတာ သူ့အနားကို ရောက်တာနဲ့ လုံခြုံသွားတာ၊ နွေးထွေးသွားတာ၊ အချစ်ခံရတာ၊ ပျော်ရွှင်သွားတာ စတဲ့ကောင်းမွန်တဲ့ ခံစားချက်လေးတွေကိုပဲ ပေးသူပါ။ ဒါပေမယ့် သင်ချစ်ရသူနဲ့ပတ်သက်ပြီး အမြဲပူပန်နေရရင်၊ လွှမ်းမိုးခံနေရရင်၊ မပျော်ရွှင်ရရင်တော့ စစ်မှန်သူမဟုတ်ဘဲ ချုပ်ချယ်သူပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments