ကိုယ့်အားကိုယ်ကိုးပြီး ယုံကြည်မှုရှိတဲ့ ကလေးတစ်ယောက် ဖြစ်လာစေဖို့အတွက် နည်းလမ်း (၁၀) ခု

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကလေးတွေကို တင်းတင်းကြပ်ကြပ် ပြောသင့်သလို တစ်ခါတရံမှာလည်း လွတ်လပ်ခွင့်တွေ ပေးဖို့လိုပါတယ်။

ကလေးတွေဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်သွားတဲ့အခါမှာတော့ အများကြီးထိန်းချုပ်စရာ မလိုတော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ့်ကိုယ် အားကိုးတတ်ပြီး ယုံကြည်မှုရှိတဲ့ လူတစ်ယောက်အဖြစ် ကြီးပြင်းလာစေဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုပါ။

၁။ နေရာတကာ လိုက်လုပ်ပေးစရာမလိုပါဘူး။

တစ်ခါတရံမှာ သင်က အလုပ်များနေပြီး သင့်ကလေးက သူကိုယ်တိုင်လုပ်နိုင်တဲ့အရာကို သင့်ကို စောင့်နေတာမျိုး ရှိနိုင်ပါတယ်။ ဒီလိုအပြုအမူက ရေရှည်မှာတော့ မကောင်းပါဘူး။ ကလေးတွေက အမှားတွေကို လုပ်ရင်းကိုင်ရင်းနဲ့ ပြုပြင်သွားနိုင်ပါတယ်။

အဲဒါကြောင့် အချို့အရာတွေက မိဘက နေရာတကာလိုက်မလုပ်ပေးဘဲ သူတို့ကိုယ်တိုင်လုပ်ခိုင်းပြီး လွဲမှားနေတဲ့အခါ ပဲ့ပြင်ပေးပါ။ အဲဒီအခါ ကလေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးပြီး ကိုယ်တိုင်လုပ်ကိုင်သွားနိုင်ပါတယ်။

၂။ နေ့စဉ်လုပ်ဆောင်မှုတွေကို ချီးကျူးပေးပါ။

ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ သန်မာဖို့အတွက်၊ ပျော်ရွှင်ဖို့အတွက် ချီးကျူးပေးတာက တကယ်ကို လိုအပ်ပါတယ်။ သင်က အလုပ်များကောင်း များနေနိုင်ပေမယ့် နေ့စဉ်သူတို့လုပ်ဆောင်တတ်တဲ့အရာတွေကို အသိအမှတ်ပြုပေးပါ။ အိမ်စာပြီးတာ၊ ပန်းကန်ဆေးတာ၊ အခြားသူတွေကို ကူညီတာ စတဲ့အပြုအမူတွေပေါ်မူတည်ပြီး ချီးကျူးစကားဆိုပေးပါ။

၃။ အိမ်အလုပ်တွေကို လုပ်ကူခိုင်းပါ။

ကလေးတွေက သင့်ရဲ့အတွေ့အကြုံတွေကို အိမ်အလုပ်လုပ်ကူခြင်းကနေ ရနိုင်ပါတယ်။ အိမ်မှုကိစ္စတွေ လုပ်ကိုင်တဲ့နေရာမှာ လုပ်ကူခိုင်းတဲ့အခါ တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှုကိုပါ ထည့်သွင်းသင်ကြားနိုင်ပါတယ်။ အဲဒါကြောင့် အသက်အရွယ်ကိုလိုက်ပြီး ကလေးတွေကို အိမ်မှုကိစ္စတွေ တာဝန်ပေးသင့်ပါတယ်။

၄။ သေးငယ်တဲ့ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်ခိုင်းပါ။

ရင့်ကျက်ပြီး ပြည့်ဝသူတစ်ယောက်ဖြစ်ဖို့ ငယ်စဉ်ကတည်းက ဆုံးဖြတ်ချက်ချတတ်တဲ့ အရည်အချင်းဟာ အရေးကြီးတဲ့အရာပါ။ ဥပမာအားဖြင့် သူတို့ကြိုက်တဲ့မုန့်ကို ကိုယ်တိုင်ရွေးချယ်ခိုင်းတာ၊ ဒီနေ့ဝတ်မယ့်အဝတ်အစားကို ကိုယ်တိုင်ရွေးခိုင်းတာက ကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးစေတဲ့အရာပါ။

၅။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားခိုင်းပါ။

ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးပေးထားတာက အရမ်းကို အကျိုးရှိစေပါတယ်။ အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားရပြီဆိုရင် သူတို့အတွက် အစာကျွေးဖို့၊ ကစားပေးဖို့၊ စောင့်ရှောက်ပေးဖို့ စတဲ့တာဝန်ယူမှုတွေကို နားလည်လာမှာပါ။ ဒါ့အပြင် တိရစ္ဆာန်လေးတွေအ‌ပေါ် ကြင်နာတတ်တဲ့စိတ်လည်း ရရှိစေမှာပါ။

၆။ အနည်းဆုံးတစ်လတစ်ခါ စိန်ခေါ်မှုအသစ်တွေ ပေးပါ။

ကလေးတွေအတွက် စိန်ခေါ်မှုတွေဟာ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတဲ့အရာပါ။ အဲဒါကြောင့် သူတို့ရဲ့အသက်အရွယ်ကို လိုက်ပြီး ပုံဆွဲခိုင်းတာ၊ သီချင်းဆိုခိုင်းတာ၊ စာစီစာကုံးရေးခိုင်းတာ စတဲ့စိန်ခေါ်မှုတွေကို ဖန်တီးပေးပါ။

၇။ စိတ်ရှည်ပေးပါ။

တစ်ခါမှမလုပ်ဖူးတဲ့ အရာတစ်ခုကို ပထမဆုံးစလုပ်တဲ့အခါမှာ အမှားတွေ ရှိလာနိုင်ပါတယ်။ အဲဒီအခါ ကလေးတွေအပေါ် စိတ်ရှည်ပေးပြီး သူတို့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးပါ။ အမြဲလိုလို အပြစ်တင်ဝေဖန်တာက အမှားကို ပြုပြင်သွားနိုင်မှာမဟုတ်ဘဲ စိတ်ပျော်ရွှင်မှုကိုလည်း ထိခိုက်စေမှာပါ။

၈။ ရှေ့ကနေ သင်ကြားပေးပါ။

မိဘတွေက ကလေးရဲ့ပထမဆုံးဆရာပါ။ အဲဒါကြောင့် နေ့စဉ်အလုပ်တွေကို မိဘတွေက ရှေ့ကနေ သင်ကြားပေးပြီး နောက်ကနေ လိုက်‌လုပ်ခိုင်းပါ။ တစ်ဆင့်ချင်း သင်ကြားပြီးနောက်မှာတော့ ကလေးက သူတို့ရဲ့အလုပ်တွေကို တာဝန်ယူတတ်သွားပါတယ်။

၉။ ကလေးတွေ ကြောက်တတ်တဲ့အရာတွေကို မေးမြန်းပါ။

ကလေးအရွယ်မှာဖြစ်တတ်တဲ့ ကြောက်စိတ်က လုံးဝပုံမှန်ပါ။ ဒါပေမယ့် လူကြီးတွေက ကလေးတွေရဲ့ကြောက်စိတ်တွေကို သတိမူမိဖို့၊ ကြောက်စိတ်တွေကို ဖျောက်ပေးဖို့ လိုအပ်ပါတယ်။ ကြောက်စိတ်တွေကို ကျော်လွှားနိုင်သွားရင် ထင်ထားတဲ့အရာတွေက ကြောက်စရာ မကောင်းတော့ပါဘူး။

၁၀။ သူတို့လုပ်နိုင်ကြောင်း အားပေးပါ။

ကလေးတွေ လုပ်နိုင်ကြောင်း မိဘတွေက ယုံကြည်မှုပေးရင် ကလေးတွေအတွက် အားတက်စေပါတယ်။ ယုံကြည်မှုက ကလေး‌တွေရဲ့ အားအင်တွေ၊ ပြင်းပြတဲ့ဆန္ဒတွေကို ပိုမိုအရောင်တင်ပေးနိုင်ပါတယ်။ အားပေးတိုက်တွန်းခြင်းက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်အားကိုယ်ကိုးတတ်စေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments