အဝတ်က ဘယ်လောက်ပဲကောင်းကောင်း အလျှော်မတတ်ရင် ကြာရှည်မခံပါဘူး။ အထားအသိုမမှန်ရင်လည်း ယိုယွင်းနိုင်သလို အသိမ်းလွန်ရင်လည်း အလကားဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ဘယ်လိုအပြုအမှုတွေက သင့်အဝတ်အစားတွေကို ထိခိုက်စေနိုင်သလဲဆိုတာကို love media နဲ့ တူတူကြည့်လိုက်ရအောင်။

ကျောပိုးအိတ်လွယ်ခြင်း

အထည်အများစုက ဆေးရိုက်ထားတာတွေ များပါတယ်။ အထည်တွေ အချင်းချင်း ပွတ်တိုက်ပြီး အရောင်တွေကျွတ်နိုင်သလို အင်္ကျီသက်တမ်းကို တိုစေနိုင်ပါတယ်။အထည်အများစုကို သိုးမွှေး၊ ချည်၊ polyester နှင့် acryl တို့နဲ့ ပြုလုပ်ထားတာကြောင့် ဒီလိုအဝတ်အစားတွေဝတ်ရင် ကျောပိုးအိတ် ဒါမှမဟုတ် အိတ်ကို မလွယ်တာက ပိုကောင်းပါတယ်။

ရေမွှေးဆွတ်ခြင်း

ရေမွှေးအများစုက အဝတ်တွေကို စွန်းထင်းအောင် မလုပ်နိုင်ပေမယ့်လည်း ရေမွှေးမှာပါတဲ့ ပါဝင်ပစ္စည်းတွေကတော့ အထည်တွေကို အရောင်ပြောင်းစေနိုင်ပါတတယ်။ ဒါကိုရှောင်ဖို့အတွက် ရေမွှေးကို အရေပြားမှာ အရင်လိမ်းပြီး ခြောက်သွားတဲ့အထိစောင့်ပြီးမှ အဝတ်အစားလဲသင့်ပါတယ်။

ပုံမှန်အဝတ်လျှော်ခြင်းက အဝတ်အစားပေါ်မှာရှိတဲ့ ရေမွှေးအစွန်းအထင်းတွေကို ဖယ်ရှားပေးပါတယ်။ အဓိကကတော့ အစွန်းအထင်းတွေကို ရေအေးနဲ့ အရင်ဆေးချဖို့ပါပဲ။ အစွန်းအထင်းဟောင်းတွေကို ဖယ်ရှားဖို့အတွက် ဂလစ်ဆရင်းနှင့် ရေကို တူတူရောမွှေပြီး အစွန်းအထင်းပေါ် လိမ်းပြီး တစ်နာရီခန့် ထားပြီး ဆေးကြောလိုက်ပါ။

အင်္ကျီအတွင်းပိုင်းကိုပဲ မီးပူတိုက်ပါ။

တချို့သော အင်္ကျီတွေက အပြင်ပိုင်းကို မီးပူတိုက်လို့ မရပါဘူး။ အစပိုင်းမှာ အဆင်ပြေနေပေမယ့်လည်း နောက်ပိုင်းမှာ ကျုံ့သွားတာတွေ၊ အရောင်ကျွတ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မီးပူတိုက်ရင် အင်္ကျီအတွင်းပိုင်းကိုပဲ တိုက်ပါ။

အဝတ်လျှော်ရင် ခွဲလျှော်ပါ။

အဝတ်လျှော်ရင် အရောင်ခွဲရုံသာမကပဲ အထည်အမျိုးအစားအလိုက် စီဖို့ အကြံပြုထားပါတယ်။ ထူထဲတဲ့အထည်တွေက ပါးလွှာတဲ့အထည်တွေကို ပျက်စီးစေပြီး စုတ်ပြဲစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်ရာခင်းနှင့် အတွင်းခံတွေကို တွဲလျှော်ခြင်း ဒါမှမဟုတ် တီရှပ်နှင့် ဂျင်းဘောင်းဘီတွေကို တွဲလျှော်ခြင်းတွေကို မလုပ်သင့်ပါဘူး။

အင်္ကျီအနက်​ရောင်တွေကို လျှော်ခြင်း

သင့်ရဲ့ အနက်ရောင်အဝတ်အစားတွေ အရောင်မကျွတ်သွားဖို့ အပူချိန်နိမ့်ပြီး လျှော်တာက ပိုကောင်းပါတယ်။ ဆပ်ပြာအရည်ကို အသုံးပြုဖို့လည်း အကြံပြုထားပါတယ်။ ဆပ်ပြာမှုန့်ကတော့ ရေအေးမှာ လုံးဝပျော်ဝင်မှာ မဟုတ်ပါဘူး။

အဝတ်လျှော်ခြင်း

သင့်အဝတ်အစားတွေကို အလျှော်မတတ်ရင် ယိုယွင်းစေနိုင်ပါတယ်။ ချည်သား ဂျင်းဘောင်းဘီတွေက ဝတ်နေတဲ့အချိန်မှာ ပျော့ပျောင်းနေပေမယ့်လည်း အချိန်ကြာလာရင် ဆွဲဆန့်သွားနိုင်ပါတယ်။ ပုံမှန်လျှော်ပေးနေရင် ဒီလိုဖြစ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။

ဂျင်းဘောင်းဘီကို အလွန်ပူတဲ့ရေနဲ့ လျှော်တာကလည်း ကျုံ့နိုင်ပါတယ်။

အဝတ်အစားတွေကို အချိန်အကြာကြီး စိမ်ထားခြင်း

လူအများစုက အဝတ်မလျှော်ခင် အရင်ရေစိမ်ထားလေ့ရှိပါတယ်။ ဒါပေမယ့် အကြာကြီးစိမ်ထားရင်တော့ အရောင်နဲ့ ပုံစံ ပျက်သွားနိုင်ပါတယ်။ ဇာကို ၂-၃ မိနစ်သာ စိမ်ထားသင့်ပြီး ပိုးနှင့်သိုးမွှေးကို မိနစ် ၃၀ အထိ စိမ်ထားနိုင်ပါတယ်။ ချည်သားနှင့် အခြားနူးညံ့တဲ့အထည်တွေကိုတော့ တစ်နာရီထက်မပိုဘဲ စိမ်ထားနိုင်ပါတယ်။

ကော်တုံးကို သုံးခြင်း

လှိမ့်တုံးတွေက အဝတ်အစားမှာ ကပ်နေတဲ့ ဆံပင်တွေ၊ အစတွေကို ဖယ်ရှားနိုင်ပေမယ့်လည်း အထည်ပေါ်မှာ ကျန်ခဲ့တဲ့ ကော်ကျန်အကြွင်းအကျန်တွေက ဖုန်မှုန့်တွေကို ပိုကပ်စေနိုင်ပါတယ်။ ဒီအမှုန်တွေက အဝတ်တွေကို နွမ်းစေနိုင်ပါတယ်။

ဒလိမ့်တုံးအစား သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဘရပ်ရှ်ကို သုံးတာက ပိုကောင်းပါတယ်။

လည်ပင်းကနေ တီရှပ်အင်္ကျီကို ဆွဲချွတ်ခြင်း

တီရှပ်အဟောင်းတွေက လည်ပင်းမှာ ပုံပျက်ပြီး လျော့ရွဲနေတတ်ပါတယ်။ ဘာလို့ဒီလိုဖြစ်လဲဆိုတော့ တီရှပ်တွေကို ခေါင်းပေါ်ကနေ ချွတ်လေ့ရှိတာကြောင့်ပါ။ ပြန်တော့လုပ်လို့မရတော့ပေမယ့်လည်း တီရှပ်အသစ်တွေကို ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ပါသေးတယ်။ လက် ၂ ဖက်နဲ့ အောက်ကပင့်ယူပြီး ခေါင်းပေါ်ကနေ ချွတ်ပါ။

မီးပူတိုက်ခါနီးတိုင်း ရေဖြန်းပေးပါ

လုံးဝခြောက်နေတဲ့ အဝတ်ကို မီးပူတိုက်ရင် အဆင်မပြေပါဘူး။ မီးပူတိုက်တိုင်း အထည်မပျက်စီးစေချင်ရင် ကော်လာ၊ လက်ပတ်နဲ့ အိတ်ကပ်တွေကို မီးပူမတိုက်ခင် ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ရေနဲ့ဖြန်းပေးပါ။ မဝတ်မီ ၁၀-၁၅ မိနစ်ခန့်လောက် အခြောက်ခံထားပါ။ မဟုတ်ရင် ပြန်တွန့်သွားပါလိမ့်မယ်။

တကယ်လို့ သင်က အထည်ဖြန်းဆေးကို အသုံးပြုဖို့ ဆုံးဖြတ်ထားရင် အတွင်းဘက်ပခုံးပေါ်မှာ ဦးစွာ စမ်းသပ်သင့်ပါတယ်။ တချို့အဝတ်တွေမှာ အစွန်းအထင်းတွေ ကျန်ခဲ့တတ်လို့ပါ။

Zombie (lovemedia)