ကလေးတွေရဲ့ကျန်းမာရေးအတွက် ရေချိုးပေးတဲ့နည်းလမ်းက အရေးပါပါတယ်။ ကလေးတွေကို ရေချိုးပေးတဲ့အခါ မိဘအများစု သတိမထားမိတဲ့အချက်တွေ ရှိပါတယ်။
၁။ ကလေးတွေကို တစ်ရက်တစ်ခါ ရေချိုးပေးသင့်လား။
မိဘအများစုကတော့ ကလေးတွေကို တစ်ရက်တစ်ခါ ရေချိုးပေးကြပါတယ်။ ဒါပေမယ့် ကလေးတွေကို ၃ ရက်တစ်ခါ ရေချိုးပေးရင်လည်း လုံလောက်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေထက် အများကြီးနူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် ကလေးပေါ်မှာ မူတည်ပြီး ရေချိုးပေးနိုင်ပါတယ်။
ကလေးတွေကို ရေမချိုးပေးဖြစ်ရင် ခြေထောက်နဲ့ လက်ကို သန့်ရှင်းရေးလုပ်ပေးတာ၊ မျက်နှာကို သန့်ရှင်းရေးလုပ်ပေးတာ၊ အခြားအစိတ်အပိုင်းတွေကို သန့်ရှင်းရေးလုပ်ပေးတာတွေကို ပြုလုပ်နိုင်ပါတယ်။
၂။ ကလေးကို ဘယ်လိုရေချိုးပေးသင့်လဲ။
မွေးကင်းစကလေးတွေရဲ့အသားအရေက အရမ်းထိလွယ်ရှလွယ်ဖြစ်တာကြောင့် ရေချိုးပေးတဲ့အခါ နူးညံ့တဲ့ဖော့လေးတွေကိုသုံးသင့်ပါတယ်။ ဖော့လေးတွေက သန့်ရှင်းရေးလုပ်ရတာ၊ ကိုင်ရတာ လွယ်ကူပါတယ်။
၃။ ကလေးတွေကို ရေချိုးပေးတဲ့အခါ ဘယ်နေရာတွေကို သတိထားပြီး သန့်ရှင်းပေးသင့်လဲ။
ကလေးလေးတွေကို ရေချိုးပေးတဲ့အခါ ချိုင်းကြားနေရာ၊ ပေါင်ခြံနေရာ၊ နားအနောက်၊ လည်ပင်းနဲ့ မျိုးပွားအင်္ဂါနေရာတွေကို အထူးသတိထားပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါမှာလည်း ခြောက်သွေ့အောင် ပြုလုပ်ပေးပါ။
၄။ ကလေးရဲ့မျက်လုံးနဲ့ နားထဲကို ခေါင်းလျှော်ရည်တွေ၊ ရေတွေမဝင်အောင် ဘယ်လိုကာကွယ်မလဲ။
ကလေးကို ခေါင်းလျှော်ပေးတဲ့အခါ ဦးခေါင်းနေရာကို သင့်ရဲ့လက်ချောင်းလေးတွေနဲ့ ဖြည်းဖြည်းချင်းနှိပ်နယ်ပြီး ခေါင်းလျှော်ပေးပါ။ ကလေးရဲ့နဖူးမှာ လက်ကို ကာပြီးရေချိုးပေးရင် ခေါင်းလျှော်ရည်တွေ၊ ရေတွေက မျက်လုံးနဲ့ နားထဲကို မဝင်တော့ပါဘူး။
ဒါမှမဟုတ် ကလေးတွေရေချိုးရင်အသုံးပြုဖို့ ထုတ်လုပ်ထားတဲ့ ဦးထုပ်လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
၅။ ကလေးတွေရဲ့မျက်လုံးကို သန့်ရှင်းရေးလုပ်နည်း
အရင်ဆုံး သင့်ရဲ့လက်ကို သေချာဆေးပြီး သန့်ရှင်းတဲ့အဝတ်နဲ့ ခြောက်သွေ့အောင်သုတ်ပါ။ အဲဒီနောက် သာမန်အပူချိန်ရှိတဲ့ရေထဲကို သန့်ရှင်းတဲ့ ပိတ်စလေးခဏလောက်နှစ်ပြီး ကလေးရဲ့မျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပေးပါ။ ကလေးရဲ့မျက်လုံးတစ်ဖက်အတွက် ပိတ်စတစ်စကိုသာ အသုံးပြုပါ။
၆။ ကလေးတွေရဲ့နှာခေါင်းကို သန့်ရှင်းရေးလုပ်နည်း
ကလေးတွေရဲ့နှာခေါင်းထဲမှာ သန့်ရှင်းစေဖို့ အထူးထုတ်လုပ်ထားတဲ့ နှာခေါင်းသန့်ရှင်းရေး ကိရိယာလေးတွေကို အသုံးပြုပါ။ တစ်ရှူး၊ နားကြပ်တံနဲ့ အခြားအရာတွေကို ကလေးရဲ့နှာခေါင်းကို သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးမပြုသင့်ပါဘူး။
၇။ ကလေးတွေရဲ့ နားထဲကို သန့်ရှင်းရေးလုပ်နည်း
နားက သူ့ဘာသာသူ သန့်ရှင်းရေးလုပ်ပါတယ်။ နားထဲမှာ နာကျင်တာ၊ ပိတ်မိနေတာ၊ မသက်မသာ ဖြစ်နေတဲ့အချိန်မှသာ သန့်ရှင်းရေးလုပ်သင့်ပါတယ်။
ကလေးတွေရဲ့နားထဲကို သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နားဖာချေးဖယ်ရှားပေးတဲ့ ဆေးရည်ကို ထည့်တာပါ။ ဒါပေမယ့် အဲဒါကိုလည်း ဆရာဝန်ရဲ့ခွင့်ပြုချက်နဲ့သာ အသုံးပြုသင့်ပါတယ်။
၈။ ကလေးတွေကို လက်သည်းဘယ်လိုညှပ်ပေးမလဲ။
ကလေးတွေရဲ့လက်သည်းက အရှည်မြန်တာကြောင့် ပုံမှန်ညှပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ လက်သည်းညှပ်ကိုသာ အသုံးပြုပါ။ ကလေးရဲ့လက်သည်းညှပ်နဲ့ လူကြီးရဲ့လက်သည်းညှပ်ကို ရောပြီးမသုံးသင့်ပါဘူး။
Zombie (lovemedia)
0 Comments