ဝဋ်ကြွေး

"အမေ ဒီမှာ ခဏနေဦးနော်။ သား ဆေးလိပ် သွားဝယ် လိုက်ဦးမယ်" "အမေတို့ ဘယ်ရောက်နေပြီလဲ သား"

အမေအိုက စကား ပြန်မရလိုက် သော်လည်း မျက်ရည်တွေ စီးကျလာသည်။ ညကတည်းက သူအိပ်ပျော်နေပြီ ထင်ပြီး သားနှင့်ချွေးမ ပြောကြသည့် စကားကို ကြားပြီး ဖြစ်သည်။

"ရှင့်အမေ အကန်းကို ကျွန်မက ပြုစုဖို့ ရှင့်ကို ယူခဲ့တာ မဟုတ်ဘူး။ မနက်ဖြန်မှ ရှင် ဒီအကန်းကို သွားပြီးတော့ တနေရာရာမှာ မထားခဲ့ဘူး ဆိုရင် ရှင်လည်း ပြန်မလာနဲ့။ ကျွန်မ အဆိုးလည်း မဆိုနဲ့နော်"

အမေအို မျက်ရည်တွေကို သုတ်လိုက်ပြီး ခြေသံကို နားစွင့်နေသည်။ သူ့သားလေးက ဆိုးမည် မထင်။ သူ့ကို စွန့်ပစ်ခဲ့တာ ဟုတ်မည် မထင်။

အချိန်တွေ ကြာသွားသည်။ ခြင်တွေ ကိုက်လာသည်။ မျက်နှာသုတ် ပဝါလေးကို ရမ်းရင်းက ခြေသံ ကြားလိုက်ရသဖြင့် "သားလားဟင်။ အမေ ဗိုက်ဆာနေပြီသား။ အမေ့ကို မုန့်လေး တခုလောက် ကျွေးပါလား"

"ဒကာမကြီး ဘယ်က လာတာလဲ။ ဒီမှာ တယောက်တည်း ဘာလုပ်နေတာလဲ။ မျက်စေ့ မမြင်ဘူးနဲ့ တူတယ်" "သား သားလားဟင်" ဟု မေးလိုက်သည်။

"ဒကာမကြီး သားမဟုတ်ဘူး။ ဦးဇင်းပါ ဒီကျောင်းကပါ" "အလို သံဃာတော် ပါလား။ ကန်တော့ပါ ဘုရား။ သားလေးမှတ်လို့ပါ" "ဒကာမကြီးရဲ့ သားက ဘယ်သွားလို့လဲ"

"ဆေးလိပ် သွားဝယ်ဦးမယ် ဆိုပြီး ထွက်သွားတာ ကြာလှပေါ့ ဘုရား။ ပြန်လည်း မလာဘူး။ တပည့်တော် ဆာလှပြီ ဘုရား။ ထင်ပါတယ် သူတို့ တပည့်တော်ကို ပစ်သွားပြီနဲ့ တူတယ်" "အကြောင်းစုံ ပြောပြပါလား ဒကာမကြီး"

အမေအိုက သူမ၏ အကြောင်းများကို ဦးဇင်းအား ပြောပြနေသည်။ မျက်မမြင် လူပိုတယောက် ဖြစ်နေသည့် သူ့ကို နောက်ဆုံးတွင် မကြည်ဖြူသဖြင့် စွန့်ပစ်မည် ထင်ကြောင်း ပြောကာ ငိုချ လိုက်သည်။

"အို ကြီးလှတဲ့ ဒုက္ခတွေ ပါလား။ အေးလေ ဒကာမကြီးသား လာပြီးတော့ ပြန်ခေါ်မှာပါ။ တရက် နှစ်ရက်လောက် ဦးဇင်းကျောင်းမှာ စောင့်ကြည့်ပါလား။ လာ လာ ဆွမ်းကျန်လေး မရှိလည်း ဌက်ပျော်သီးလေး လောက်တော့ စားလို့ရမယ် ထင်တယ်"

ဦးဇင်းလေးက အမေအိုကို တွဲကာ ကျောင်းထဲကို ခေါ်ရန် ပြင်လိုက်သည်။ အမေအိုက ထလိုက်ရာတွင် အင်္ကျီထဲက မှတ်ပုံတင် ထွက်ကျ သွားသည်။ ဦးဇင်းလေးက မှတ်ပုံတင်ကို ကောက်ကြည့်လိုက်ပြီး ငေးငိုင်နေသည်။

အမည်၊ နေရပ် အားလုံး ကျွမ်းဝင်ဖူးသည့် နေရာများ ဖြစ်နေသည်။ သေချာသွားပြီ။ တွေ့လိုက် ကတည်းက စိတ်ထဲတွင် ရင်းနှီးနေသလို ဖြစ်နေသည်မှာ အခုတော့ ရှင်းသွားသည်။

"ဒကာမကြီး လွန်ခဲ့တဲ့ ၁၅ နှစ် လောက်က သားတယောက်ကို လက်ဖက်ရည်ဆိုင်မှာ ရောင်းစားသွား ဖူးသလား" "ဟင်၊ ကိုထွေး။ ကိုထွေးလေး လာဟင်"

"ဒကာမကြီး၊ ဦးဇင်း ဘွဲ့အမည်က ဝိမလလို့ ခေါ်ပါတယ်။ ဘုရားသားတော်ပါ ဒကာမကြီး။ ချမ်းသာစွာ နေပါ။ ကပ္ပိယကြီးက ထမင်း လာပေး ပါလိမ့်မယ်" တင်ညွန့်

Post a Comment

0 Comments