အမှားထဲက သင်ခန်းစာ

ဂျပန်နိုင်ငံဟာ ကလေးတွေကို သင်ကြားတဲ့ သင်ရိုးထဲမှာ တချိန်က သူတို့လူမျိုးတွေ ကမ္ဘာလှည့်၊ နယ်ချဲ့ သိမ်းပိုက်ခဲ့တဲ့ အကြောင်းတွေ ပါသတဲ့။

ဒါပေမဲ့ ကလေးတွေကို သင်တာက သူတို့ နယ်ချဲ့ သိမ်းပိုက်ခဲ့တဲ့ အကြောင်းကို ဂုဏ်ယူ အားကျအောင် သင်တာ မဟုတ်ပါဘူး။ သူတို့ မှားခဲ့တဲ့ အကြောင်းကို သင်တာပါ။ သူတို့ရဲ့ ဖက်ဆစ်ဝါဒ အမှားကြောင့် တကမ္ဘာလုံးက သူတို့ကို စိတ်နာနေတယ် ဆိုပြီး သင်တာပါ။

ဒါကြောင့် သူများ အပြစ်တင်လာတဲ့ အခါတောင် ကိုယ့်နိုင်ငံက မှားခဲ့တာကြောင့် သည်းခံနိုင်ဖို့၊ ခွင့်လွတ်နိုင်ဖို့၊ အဲ့ဒီ အမှားတွေ အတွက် တတ်နိုင်သလောက် သူတို့နိုင်ငံကို ပြန်လည် အကောင်းမြင်လာဖို့ အတွက် ကလေးတွေကို ပြန်လည် ပေးဆပ်ကြဖို့ကို သင်ကြားပါတယ်။

ကိုယ်ပိုင် ဦးနှောက်တွေကို အသုံးပြုပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာကို ကလေးတွေကို စဉ်းစားခိုင်း ပါသတဲ့။ ဒါကြောင့် ကလေးတွေဟာ သူတို့သမိုင်းကို ဂုဏ်ယူသင့်တာ ကိုသာ ဂုဏ်ယူပြီး အမှားတွေ ကိုတော့ နောက် မမှားရအောင် သင်ခန်းစာ ယူကြပါတယ်။

ဂျာမနီမှာလည်း ဘယ်ကလေးမှ ဟစ်တလာရဲ့ လူမျိုးသုဉ်း သတ်ဖြတ်ပွဲ အကြောင်းကို သင်ကြား မခံရပဲ အထက်တန်း မပြီးပါဘူးတဲ့။ အချက်အလက် တွေချည်း သင်တာ မဟုတ်ပဲ ဘာကြောင့် ဖြစ်တယ်၊ ဘယ်လို ဖြစ်တယ်၊ ဘာအဓိပ္ပါယ် ဆိုတဲ့ အကြောင်းရင်းကို သေသေ ချာချာ သင်ပြပေး ပါသတဲ့။

ဂျာမန်တွေ အားလုံး ဒီကိစ္စ အပြစ်ရှိတယ် ဆိုတာ သိရင်း ကြီးပြင်း လာကြ သတဲ့။ ဒါကြောင့် တောင်းပန်ဖို့လည်း ဘယ်တော့မှ ဝန်မလေး ကြပါဘူးတဲ့။

ဗြီတိန် ကျောင်းတွေ မှာလည်း သူတို့ရဲ့ ကိုလိုနီ နယ်ချဲ့ ဝါဒ၊ နေမဝင် အင်ပါယာ အကြောင်းကို အဲသလို ပုံစံနဲ့ပဲ သင်ပါသတဲ့။ အဲ့ဒါဟာ ဂုဏ်ယူစရာ မဟုတ်ပဲ မှားယွင်းတဲ့ အကြောင်း၊ ရှက်စရာ ဖြစ်တဲ့ အကြောင်း၊ သူတို့ဘိုးဘေတွေ ရှက်စရာ ကောင်းတဲ့ ကိစ္စကို ကျူးလွန် ခဲ့ကြတယ် လို့ သင်ခန်းစာ ယူဖို့ သင်ပါ သတဲ့။

သူများ နိုင်ငံက ကလေးတွေ ကတော့ အမှားအမှန် ခွဲခြားသိပြီး ဂုဏ်ယူစရာနဲ့ ရှက်စရာကို တွေးတောတတ်ဖို့ ဉာဏ်ပညာနဲ့ ယှဉ်ပြီး တဖြေးဖြေး ကြီးပြင်းလာ ကြတယ်။

ကျနော်တို့ ကတော့ သင်ခန်းစာ ယူစရာလား၊ ဂုဏ်ယူစရာလားတောင် ခွဲခြား မသိနိုင်ပဲ တဖက်သတ် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ရင်း ချီးမွှမ်း သင်ပြ ခံရရင်းနဲ့ပဲ ကြီးပြင်းခဲ့ ကြပါတယ်။

အဲ့ဒီလို သင်ပြမူတွေကြောင့် တကယ်လည်း ကိုယ့်ဘိုးဘေတွေကို အားကျ ဂုဏ်ယူရင်း ဘဝင်ရူးပြီး ကြီးပြင်း လာခဲ့ကြပါတယ်။ ဝါလုံးခေါင်းမှာ လ သာ နေခဲ့ကြတယ်။ ဝါးလုံးခေါင်းက ထွက်လာချိန် မှာတော့ တကမ္ဘာလုံးဟာ လင်းထိန်ပြီး ကိုယ်တွေကမှ အမှောင်ထဲ ရောက်နေတာကို သိခဲ့ရပါတယ်။ Crd

Post a Comment

0 Comments