အလုပ်ကြိုးစားသောမြည်း

တခါတုန်းက လူတယောက်မှာ မြည်းနှစ်ကောင် ရှိပါတယ်။ အဲဒီ မြည်းနှစ်ကောင်ကို နာမည် ပေးရမယ် ဆိုရင် ပထမမြည်းကို မောင်နီလို့ နာမည်ပေးပြီး ဒုတိယမြည်း ကိုတော့ မောင်ဖြူလို့ နာမည် ပေးလိုက်ပါမယ်။

မောင်နီဟာ အလုပ်ကို အလွန် ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့ မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင် လိုတဲ့စိတ်၊ သခင်ဖြစ်သူရဲ့ ချီးကျူး တာကို ခံချင်တဲ့ စိတ်တွေ အမြဲ ရှိပါတယ်။

ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေ သမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက် တက်တက် ကြွကြွ အားကြိုး မာန်တက် လုပ်သလို၊ ကုန်စည် စလှယ်တွေ သယ်ပိုး ကြပြန် တော့လည်း ဘယ်လောက် လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုး ထားရသည် ဖြစ်စေ မောင်ဖြူထက်ကို ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်းထားတွေနဲ့ အရှေ့ကို လျှောက်လေ့ ရှိပါတယ်။

ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို သာမန်နှုန်း အတိုင်းဘဲ ပုံမှန် လှမ်းသလို သူသယ်ပိုး နိုင်တဲ့ အတိုင်း အတာ အတွင်းမှာဘဲ ကုန်တွေကို သယ်ဆောင်လေ့ ရှိပါတယ်။

စိတ်ထဲမှာ သူ့သခင်ဆီက မျက်နှာသာရဖို့ ဘယ်လို လုပ်မယ်လို့ မစဉ်းစား မိသလို၊ အတွေးများများလည်း တွေးလေ့ မရှိဘဲ ပုံမှန်အတိုင်းသာ သူလုပ်စရာ ရှိတာကို လုပ်နေတတ်သူက မောင်ဖြူ ပါ။

မောင်နီ ကတော့ ကုန်ပစ္စည်းတွေ ကိုလည်း အများကြီး သယ်သလို ခြေလှမ်းကိုလည်း အပြေးတပိုင်း သွက်လက်စွာ လှမ်းလေ့ ရှိပါတယ်။ ဒီလိုနဲ့ သူတို့ မြည်းနှစ်ကောင်ရဲ့ မတူညီတဲ့ အလုပ် လုပ်ပုံကို အချိန် အနည်းငယ် ကြာတော့ သခင်ဖြစ်သူက သတိထားမိ လာပါတယ်။ အဲဒီတော့ အလုပ်ကို ပုံမှန်သာ လုပ်လေ့ရှိတဲ့ မောင်ဖြူကို ပိုင်ရှင်ဖြစ်သူက အပြစ်မြင်လာ ပါတယ်။

မောင်နီ လိုဘဲ အလုပ်ကို တက်တက် ကြွကြွလုပ်ဖို့၊ ကုန်တွေ သယ်ပိုးပြီး ခြေလှမ်း မြန်မြန်လျှောက်ဖို့ အော်ဟစ် ဆူပူ တတ်လာ တယ်။

ပုံမှန်ခြေလှမ်း လှမ်းနေတဲ့ မောင်ဖြူကို နှေးတယ်၊ မောင်နီက ပိုပြီး အလုပ် လုပ်တယ် ဆိုပြီး ကြိမ်လုံးတွေနဲ့ ရိုက်နှက် အပြစ် ပေးပြီး ခြေလှမ်း မြန်လာဖို့၊ အလုပ်ပို ကြိုးစားဖို့ သူ့သခင်က ဖိအားပေး ပါတယ်။ ဒီလိုနဲ့ မောင်ဖြူဟာ ကြိမ်လုံးနဲ့ အမြဲတမ်း အရိုက်ခံ၊ အော်ဟစ်ခံ နေရ ပါတော့တယ်။

တရက်တော့ အလုပ် နားကြတဲ့ည မောင်နီနဲ့ နှစ်ကောင်သား အေးအေး ဆေးဆေး တွေ့ရချိန်မှာ မောင်ဖြူဟာ မျက်ရည်တွေ ကျပြီး "သူငယ်ချင်း မောင်နီရေ ဒီအလုပ်မှာ ငါတို့ နှစ်ယောက်တည်း ရှိတာ၊ ဘာဖြစ်လို့ တယောက်နဲ့ တယောက် ယှဉ်ပြိုင် နေမလဲ၊ ဘာဖြစ်လို့ တယောက်ထက် တယောက် သာချင်တဲ့ စိတ်တွေ မွေးနေမလဲကွာ။

သယ်စရာ ရှိတဲ့ ကုန်တွေကို ငါတို့ နှစ်ယောက်သား ညီညီ မျှမျှ သယ်ယူ ကြပြီး ငါတို့ လုပ်နိုင်တဲ့ အတိုင်းအတာ အတွင်းကနေ ငါတို့ လှမ်းနိုင်တဲ့ ခြေလှမ်း တွေနဲ့လျှောက် ကြပြီး တာဝန်ကျေ အောင် လုပ်ကြ ရအောင်လေ။

ကိုယ် တတ်နိုင်တာထက် ပိုပြီး လုပ်ပေးလို့ရော ငါတို့ သခင်က ငါတို့ကို ဘာမှ ပိုပြီး သိတတ်မှာ မဟုတ်ပါဘူး။ ငါတို့ အတွက် ဘာအကျိုး ခံစားခွင့်မှ ရမှာ မဟုတ်ဘူးလေ။ ငါတို့သာ မတန်တဆ ပင်ပန်း ကြဖို့သာ ရှိတယ်" လို့ ပြောဆို တိုင်ပင် ပါတယ်။ မောင်နီ ကတော့ မောင်ဖြူ ပြောတာကို နားထောင် နေပေမဲ့ ဘာမှ တုံ့ပြန် ပြောဆိုခြင်း မရှိပါဘူး။

နောက်တနေ့ ရောက်လို့ ကုန်ပစ္စည်းတွေ သယ်ကြတဲ့ အခါ မောင်နီဟာ ခါတိုင်း သယ်တဲ့ နှုန်းထက် ပိုပြီး ပစ္စည်းတွေကို သယ်တဲ့ အပြင် ပိုပြီး သယ်နိုင်ကြောင်း ပြတဲ့ အနေနဲ့ ခါတိုင်း ထက်တောင် အပြေးကလေး လျှောက်သွား ပါသေးတယ်။ ဒီတော့ ပိုင်ရှင် ဖြစ်သူက ပုံမှန်သာ သွားနေတဲ့ မောင်ဖြူကို ပိုပြီး စိတ်ဆိုး ဒေါသတွေ ထွက်ပြန် ပါတယ်။ ရိုက်နှက် ပြန်ပါတယ်။

နောက်တနေ့ ရောက်ပြန်တော့ မောင်နီရော မောင်ဖြူရဲ့ ကျောပေါ် ကိုရော ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး ထပ်တင် ပေးပြန်ပါတယ်။ မောင်နီကတော့ ထုံးစံအတိုင်း အရှေ့ ကနေ မြန်သထက် မြန်အောင် လျှောက်နေပေမဲ့ မောင်ဖြူကတော့ များလွန်း လှတဲ့ကုန်စည် စလှယ်တွေကြောင့် အရင်ကလောက်တောင် မလျှောက် နိုင်တော့ဘဲ ဖြစ်နေ ပါတယ်။

ဒါကို ကြည့်ပြီး မြည်းပိုင်ရှင် ဟာ မောင်ဖြူ့ကို ဒေါသ ထွက်လွန်းတဲ့ အတွက် ရက်ရက် စက်စက် ရိုက်နှက် ပြီး မြန်မြန် လျှောက်ဖို့ အော်ဟစ် ဆဲဆို ကြိမ်းမောင်းပါတယ်။

ဒါပေမဲ့ မောင်ဖြူက ဘယ်လိုမှ မြန်မြန် မလျှောက်နိုင် သလို သယ်ရတဲ့ ပစ္စည်းတွေ များလွန်း လေးလွန်းလို့ ခြေလှမ်းတောင် အနိုင်နိုင် ဖြစ်နေရ ပါတယ်။ ပိုပိုပြီး ဒေါသ ထွက်လာတဲ့ မြည်းပိုင်ရှင်ဟာ မောင်ဖြူ မြန်မြန် လျှောက်ဖို့ နည်းမျိုးစုံနဲ့ ရိုက်နှက် ကန်ကျောက် ပါတော့တယ်။ နောက်ဆုံးတော့ မြည်းပိုင်ရှင်ရဲ့ နှိပ်စက်မှုကို ဘယ်လိုမှ မခံနိုင်တော့တဲ့ မောင်ဖြူဟာ မြေပြင် ပေါ်မှာ လဲကျ သေဆုံးသွား ပါတော့တယ်။

အခုအခါမှာ ပြိုင်ဘက် မရှိတော့ပြီ ဖြစ်တဲ့ မောင်နီဟာ သူ့သခင်တော့ သူကို ပိုပြီး အားထား တော့မှာဘဲ ဆိုတဲ့ စိတ်နဲ့ ပျော်ရွှင် ဝမ်းမြောက်စွာ ကုန်စည်တွေကို သယ်ပိုးပါတယ်။

မြန်သထက် မြန်အောင်လည်း ကြိုးစား လျှောက်သလို ကုန်တွေကိုလည်း များနိုင်သမျှ များများ သယ်ပေးပါတယ်။ ဒါပေမဲ့ သူ့သခင်က သေသွားတဲ့ မောင်ဖြူ အစားပါ ပစ္စည်းတွေကို နှစ်ကောင်စာ သယ်ယူ ခိုင်းပါတယ်။

နေ့စဉ် မတန်တဆ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့ အပြင် ကုန်တွေများလို့ ပင်ပန်းလွန်း တာကြောင့် အပြေးသွား နေတဲ့ ခြေလှမ်းလေး တွေက မလှမ်းနိုင်တော့ဘဲ ပုံမှန်အတိုင်း လှမ်းလိုက် ရင်တောင် မြည်းပိုင်ရှင်က မောင်နီကို အလုပ်မှာ ခိုကပ် တယ်၊ အရင်လို အလုပ်ကို မကြိုးစားဘူး ဆိုပြီး မြည်တွန် တောက်တီးကာ ရိုက်နှက် ကန်ကျောက် ပါတယ်။

ဒီလိုနဲ့ ကုန်တွေကို နေ့စဉ် မတန်တဆ သယ်ပိုး လာရတဲ့ မောင်နီဟာ မြည်းပိုင်ရှင် စိတ်ကျေနပ် လောက်တဲ့ အတိုင်းအတာကို ရောက်အောင် မသယ်ပိုးနိုင်ဘူး ဆိုပြီး ပိုင်ရှင် နှိပ်စက် သမျှကိုလည်း ခံရရှာ ပါတယ်။

အချိန်တွေ ကြာလာတော့ မြည်း ပိုင်ရှင် ရိုက်နှက် နှိပ်စက် ကန်ကျောက်တာ တွေကြောင့် တကိုယ်လုံးမှာ ဒဏ်ရာတွေ ဗရပွနဲ့ ဖြစ်လာတဲ့ အပြင် ကုန်တွေ အများအပြား သယ်ရလို့ ပင်ပန်းလွန်းတဲ့ ဒဏ်တွေ ဖိစီးပြီး အားနည်း ပိန်ချုံးကာ ချိနဲ့ လာပါတော့တယ်။

သူ တတ်နိုင်တဲ့ အင်အားနဲ့ ကုန်တွေကို သယ်ပိုးပေမဲ့ လိုချင် လောဘကြီးလှတဲ့ မြည်းပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှု ရအောင် ဘယ်လိုမှ မစွမ်းဆောင် နိုင်တော့တာကြောင့် မြည်းပိုင်ရှင်က ဒေါသတွေ ထွက်ပြီး မောင်နီရဲ့ အမြီး ကို မီးနဲ့ရှို့၊ အရေပြားကို လှီးဆွ၊ အသားကို ဓါးနဲ့ထိုး စသဖြင့် နည်းမျိုးစုံနဲ့ မြည်းကို မြန်မြန် သွားအောင် ကြိုးစား ပြန်ပါတယ်။

ပိုင်ရှင်က ဘယ်လိုဘဲ နှိပ်စက် ခိုင်းစေပေမဲ့ ဒဏ်ရာတွေနဲ့ ချိနဲ့နေပြီ ဖြစ်တဲ့ မောင်နီမှာ အရင်နှုန်းထား အတိုင်း ဘယ်လိုမှ အလုပ် လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဒေါသရော လောဘပါ ကြီးလွန်းတဲ့ မြည်းပိုင်ရှင်ဟာ မောင်နီကို သတ်ပစ် လိုက်ပြီး တခြား မြည်းအသစ် တကောင် ဝယ်ယူဖို့ လိုက်ရှာ ပါတော့တယ်။

ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူး ကြမှာပါ။ အလုပ်ရှင်ရဲ့ မျက်နှာသာ ရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစား လုပ်ပြသူတွေ၊ အချင်းချင်း ခြေခံ ထိုးတတ်သူ မျိုးတွေ၊ သူဌေးကို ဖားပြီး အောက်က ဝန်ထမ်းတွေကို ဖိနင်း တတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာ တွေကို သိုဝှက် သိမ်းဆည်းပြီး လက်တွဲ ခေါ်ဖို့ စိတ်ကူး မရှိဘဲ တကိုယ်ကောင်း ဆန်စွာ တယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင် စေဖို့ အတွက် အလုပ်ပို ကြိုးစား လုပ်ပြတတ်သူတွေ အများကြီး ရှိတတ် ကြပါတယ်။

မြည်းပိုင်ရှင်နဲ့ တူသော သူဌေးတွေ ကတော့ ဝန်ထမ်းတွေ ဘယ်လောက် ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ် မပြုတတ် သူတွေ၊ တန်ဖိုး ထားရ ကောင်းမှန်း မသိနိုင်တာ မျိုးတွေလည်း ရှိတတ်ကြ ပါတယ်။

ဘယ်လိုဘဲ ဖြစ်စေ ဒီလို လူမျိုး တွေနဲ့ ကြုံတဲ့ အချိန်မှာ အရာရာကို သင်ခန်းစာ ယူပြီး သူတို့ နေရာမှာ ကိုယ်သာ ရောက်လာခဲ့မယ် ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့ လိုပါတယ်။ ချော (အစိမ်းရောင် လွင်ပြင်)

Post a Comment

0 Comments