မြေခွေးနဲ့ ငှက်ကျားဖြူ

တခါတုန်းက မြေခွေးတကောင်ဟာ ငှက်ကျားဖြူကို သူနဲ့အတူ ညစာ စားဖို့ ဖိတ်တယ်။ ငှက်ကျားဖြူ ကလည်း ဖိတ်ကြားခံရတာကို အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး နောက်တနေ့ လာခဲ့ပါမယ်လို့ ဆိုတယ်။

မြေခွေးဟာ လောဘ အလွန်ကြီးပြီး ယုတ်မာလှတဲ့ သတ္တဝါ ဖြစ်တယ်။ သူ့အနေနဲ့ ဖြစ်နိုင်မယ် ဆိုရင် ငှက်ကျားဖြူကို ညစာကောင်းကောင်း မကျွေးချင်ဘူး။ ဒါပေမယ့် သူကိုယ်တိုင် ကလည်း ညစာ ကောင်းကောင်း မစားဘဲ မနေချင်ပြန်ဘူး ဖြစ်နေတယ်။

ဒီတော့ သူအကြံရဖို့ စဉ်းစားခန်း ဝင်ရတော့တာပေါ့။ "ငါ အကြံရပြီ။ အရသာရှိရှိ စွပ်ပြုတ်လုပ်ပြီး ပန်းကန်ထဲ ထည့်ပေးရမယ်။ ငှက်ကျားဖြူရဲ့ နှုတ်သီးက ရှည်တော့ စွပ်ပြုတ် အများကြီး သောက်နိုင်မှာ မဟုတ်ဘူး။ ငါကတော့ အသာကလေး လျှာနဲ့ လျက်ပြီး ခပ်မြန်မြန် သောက်နိုင်တယ်" လို့ မြေခွေး အကြံ ရသွားတယ်။

ဒီတော့ မြေခွေးဟာ စွပ်ပြုတ်လုပ်ပြီး ပန်းကန်ပြားထဲ လောင်းထည့်ပြီး ငှက်ကျားဖြူ အလာကို စောင်နေတယ်။ မကြာခင် မှာဘဲ ငှင်ကျားဖြူ ရောက်လာပြီး ညစာ တည်းခင်းတာကို ကြည့်တယ်။

"လွတ်လွတ် လပ်လပ် သုံးဆောင်ပါ" လို့ ပြောပြီး မြေခွေးဟာ သူ့ပန်းကန်ပြား ထဲက စွပ်ပြုတ်ကို လျှာနဲ့ လျက်တော့တယ်။

ငှက်ကျားဖြူက သူ့နှုတ်သီးနဲ့ ပန်းကန်ပြားထဲက ညစာကို သုံးဆောင်တယ်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်း မြေခွေက တပန်းကန်လုံး ကုန်အောင် လျက်ပြီးချိန်အထိ သူ့ခမျာ နည်းနည်းဘဲ သောက်ရသေးတယ်။ ငှက်ကျားဖြူက ဘာမှ မပြောခဲ့ပေမယ့် သူ အိမ်ပြန်ရောက်တော့မှ ဒေါသအိုး ပေါက်ကွဲ ပါတော့တယ်။

မြေခွေးကို သင်ခန်းစာ ပေးဖို့ စိတ်ပိုင်းဖြတ် လိုက်တယ်။ "ငါကလည်း သူ့ကို ညစာ စားဖို့ ဖိတ်ရမယ်။ လည်တံ ရှည်ရှည် ကရားတလုံး ယူပြီး အရသာရှိရှိ အသားစင်းကော တွေကို ကရားအောက်ခြေနားမှာ ထည့်ထားမယ်။ ငါက နှုတ်သီး ရှည်တော့ အလွယ်တကူ စားလို့ ရတယ်။ ဒါပေမယ့် မြေခွေးကတော့ အများကြီး စားနိုင်မှာ မဟုတ်ဘူး" လို့ စဉ်းစားမိတယ်။

ငှက်ကျားဖြူဟာ သူစီမံကိန်း ချထားတဲ့ အတိုင်း လုပ်ဆောင်ပြီး တော့မှ မြေခွေးကို ညစာစားဖို့ ဖိတ်လိုက်တယ်။ ညစာ စားဖို့အတွက် အနံ့ခံရင်း မြေခွေး ရောက်လာတဲ့ အခါ ငှက်ကျားဖြူက

"လွတ်လွတ်လပ်လပ် သုံးဆောင်ပါ" လို့ ဆိုတယ်။ ငှက်ကျားဖြူကတော့ လည်တံရှည် ကရားထဲကို နှုတ်သီးနဲ့ နှိုက်ပြီး ညစာ စစားတယ်။

မြေခွေးမှာတော့ ကရားထဲကို သူ့နှုတ်သီး အဆုံးထိအောင် မဝင်နိုင် တာမို့ အပေါ်ပိုင်းမှာ ရှိတဲ့ အသားစ အနည်းငယ် လောက်ကိုဘဲ စားလို့ ရတယ်။

"ကျုပ်ရဲ့ အသားစင်းကောက အရသာ ရှိရဲ့လား။ ခင်ဗျား ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ငှက်ကျားဖြူက ဆိုတယ်။

ညစာ စားစရာတွေ အကုန် ကုန်သွားတဲ့ အချိန် မြေခွေးက စိတ်တိုလာပြီး ငှက်ကျားဖြူကို မကျေနပ်ကြောင်း ပြောတယ်။ "ဒါဟာ ခင်ဗျား ကျုပ်ကို ကစားခဲ့တဲ့ လှည့်ကွက်နဲ့ အတူတူ ပါဘဲ။ တော်တော် ကောင်းတဲ့ ဟာသတခုလို့ ခင်ဗျား ထင်မှာ သေချာပါတယ်" လို့ ငှက်ကျားဖြူက ပြန်ပြောပါတယ်။

ဒီတော့မှ မြေခွေးဟာ သူ အကျင့်မကောင်းခဲ့၊ လောဘကြီးခဲ့တာ တွေကို မြင်ယောင်လာပြီး တူညီတဲ့ ပြစ်ဒဏ်ပေးမှု ခံခဲ့ရတာ ဆိုတာကို သဘောပေါက် လာတယ်။

"ကောင်းပါပြီ၊ ကောင်းပါပြီ။ ဒါဟာ ကလဲ့စား ချေခံရတာ။ ကျုပ် မကျေမနပ် မဖြစ်သင့်ပါဘူး။ ဒါပေမယ့် နောက်ဆိုရင်တော့ ဝဋ်ဆိုတာ လည်တတ်တာမို့ ကျုပ် ဘယ်သူ့ကိုမှ ယုတ်မာတဲ့ လှည်စားနည်းနဲ့ မလှည့်စားတော့ ပါဘူးဗျာ" လို့ မြေခွေးက စိတ်မကောင်းစွာနဲ့ ဆိုပြီး အိမ်ပြန်သွား ပါတော့တယ်။ Crd

Post a Comment

0 Comments