အားနည်းချက်ဆိုတာ လူတိုင်းမှာရှိတယ်

တခါတုန်းက လူတယောက်ဟာ မိန်းမလှ တယောက်နဲ့ လက်ထပ် လိုက်တယ်။ ရုပ်လှတဲ့ အပြင် စိတ်ထား ကလည်း အရမ်း ကောင်းတော့ အမျိုးသမီးကို အရမ်း ချစ်ရှာတယ်။

တနေ့မှာ အမျိုးသမီးဟာ အရေပြား ရောဂါ စတင် ခံစားလာ ရတယ်။ အကြောင်း တိုက်ဆိုင် ချင်တော့ တရက်မှာ အမျိုးသား ကလည်း အလုပ် ကိစ္စနဲ့ ခရီးထွက် ရတယ်။ ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး မျက်စိ နှစ်လုံး စလုံး ကွယ်သွား ခဲ့တယ်။

ဒီနေရာမှာ ခဏလောက် ရပ်ပြီး စဉ်းစားကြည့် ရအောင်။ အရေပြား ရောဂါသည်နဲ့ မျက်မမြင် တယောက်ရဲ့ အိမ်ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံ ခရီးဆက် ကြမလဲ။ ဘာတွေ ဆက်ဖြစ်မယ် လို့ ထင်ပါသလဲ။ တကယ်တော့ သူတို့ ၂ ယောက်ကြားမှာ ဘာပြောင်းလဲမှုမှ မရှိခဲ့ ပါဘူး။ အရင်လို ပျော်စရာ ကောင်းပြီး ချစ်ချစ် ခင်ခင် နေတုန်းပဲ။

အချိန်တွေ ကုန်လာတာနဲ့ အမျှ အမျိုးသမီးရဲ့ အရေပြား ရောဂါ ဟာလည်း တစတစနဲ့ ပိုဆိုး လာတယ်။ မျက်မမြင် ယောက်ကျားက သူ့မိန်းမ အရေပြား ရောဂါကြောင့် ရုပ်ပျက် ဆင်းပျက် ခံစား နေရတာကို မသိရှာဘူး ထင်ပါရဲ့။ သူတို့ ၂ ယောက် ရဲ့ အိမ်ထောင်ရေးဟာ ဟိုး အရင်က ထက်တောင် တိုးပြီး ပိုလို့ ချစ်မြဲ ချစ်စဲ ကြင်နာဆဲပဲ။

နောက်ဆုံးမှာတော့ အမျိုးသမီးဟာ အရေပြား ရောဂါနဲ့ ဆုံးသွားရှာတယ်။ သူ့အတွက်တော့ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီး တခုပဲလို့ ခံစား ရတယ်။ မိရိုးဖလာ အတိုင်း ဇနီးရဲ့ အလောင်းကို မြေချပြီး နောက်တနေ့မှာ အမျိုးသားဟာ ဇနီးသည် ခေါင်းချခဲ့တဲ့ မြို့ ကနေ အပြီးအပိုင် ထွက်သွားဖို့ ဆုံးဖြတ် လိုက်တယ်။

အဲ့ဒီချိန်မှာ အိမ်နီးနားချင်း လူတယောက်က စကား လှမ်းပြောတယ်။ "ခင်ဗျား မျက်စိ မမြင်တဲ့ ကာလ တလျှောက်လုံး ခင်ဗျားရဲ့ ဝေရာ ဝိစ္စတွေ အကုန်လုံးကို ခင်ဗျား အမျိုးသမီးက မငြီးမငြူ လုပ်ပေး ခဲ့တာ အခု ခင်ဗျားတယောက်ထဲ ဘယ်လို လုပ်မလဲ။ ခင်ဗျားတော့ ဒုက္ခ လှလှကြီး တွေ့တော့မယ်"

အမျိုးသားက ပြန်ပြောတယ်။ "ဒီမှာ မိတ်ဆွေ အမှန်က ကျွန်တော် မျက်စိ မကန်းပါဘူး။ မမြင်ချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့် အမျိုးသမီးဟာ သူမရဲ့ ရုပ်ဆိုး အကြည်း တန်နေတဲ့ မျက်နှာကို နေ့တိုင်း ကျွန်တော် မြင်နေရတယ် လို့ သူသိရင် အဲ့ ခံစားမှုဟာ သူ ရောဂါဝေဒနာ ခံစားမှုထက် ပိုပြီး နာကျဉ် လိမ့်မယ်။ ဒါကို ကျွန်တော် မမြင်ချင်ဘူး။

ရုပ်ပိုင်းဆိုင်ရာ မလှတော့ ပေမဲ့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာမှာ အမြဲ လှနေသူ တယောက်ပါ။ စိတ်ထား ဖြူစင်သူ တယောက်မို့ ကျွန်တော့် အတွက် ဇနီးကောင်း တယောက်ပါ။ ကျွန်တော်က သူအမြဲတမ်း ပျော်ရွှင်ပြီး စိတ်ချမ်းသာ နေတာကိုပဲ မြင်ချင်တဲ့ လူတယောက်မို့ အခုလို ဟန်ဆောင် ရခြင်း ဖြစ်ပါတယ်။

သင်ခန်းစာ။ ။ လောကကြီးမှာ ၂ ဦး ၂ ဖက် ပြေလည် ကောင်းစားဖို့ အတွက် တချို့သော အရာတွေကို မမြင်ချင်ယောင် ဆောင်ပေးရ ပါတယ်။ အားနည်းချက် ချွတ်ယွင်းချက် ဆိုတာ လူတိုင်းမှာ ရှိစမြဲပါ။ ဒါကြောင့် no one is perfect လို့ ဆိုကြတာကိုး။

လူတယောက်ရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်ကို ထောက်ပြီး အနိုင်ယူတာ လူညံ့ လူ့ပျော့ တွေရဲ့ လုပ်ရပ်ပါ။ အဲ့ထဲမှာ ကိုယ် မပါမိ ပါစေနဲ့။

တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က အပြန်အလှန် ဖြည့်ဆည်း ပေးရင်း ရင်ထဲက စစ်မှန်တဲ့ မေတ္တာ တရားနဲ့သာ ပေါင်းသင်း ဆက်ဆံကြမယ် ဆိုရင် အရမ်း ပျော်ရွှင်စရာ ကောင်းတဲ့ ပတ်ဝန်းကျင် တခု၊ အဖွဲ့အစည်း တခု ဖြစ်လာမှာ သေချာပါတယ်။ MayGrace 

Post a Comment

0 Comments