လိုရာခရီးကို ရောက်ဖို့အတွက်

တနေ့မှာ ဘုန်းကြီးကျောင်း အတွင်း အမျိုးသမီးကြီး တဦး ဝင်လာသည်။ ဆရာတော်ကား ကျောင်းထဲတွင် တံမြက်စည်း လှည်းနေလေ၏။ အမျိုးသမီးက ဆရာတော်ကို ဦးချ လိုက်သည်။ "ဒကာမကြီး ကျန်းမာရဲ့နော်" "လူက ကျန်းမာပါတယ် ဘုရား"

"လူက ကျန်းမာတယ် ဆိုတော့ အခြား ဘာဖြစ်နေလို့လဲ"

"စိတ်က ဆင်းရဲနေရ ပါတယ် ဘုရား။ တပည့်တော် အတော်လေးကိုပဲ စိတ်ညစ်နေပါတယ် ဘုရား။ တပည့်တော်ကို စိတ်ချမ်းသာအောင် တရား ပြပေးတော်မူပါ ဘုရား"

"ဪ စိတ်ဆင်းရဲ နေတာကိုး"

"တင်ပါ့ဘုရား"

"တရားပြ ရမယ်ပေါ့"

"တင်ပါ့ဘုရား"

"ကိုင်း တရားပြမယ် ဒကာမကြီး။ ဒီမှာတော့ မဟုတ်ဘူး။ ဟိုး တောင်ကုန်းပေါ်က ဘုရားပေါ် ရောက်မှ"

"တပည့်တော် လိုက်ခဲ့ပါ့မယ် ဘုရား"

ဆရာတော်က တံမြက်စည်းကို သစ်ပင်တပင်တွင် ထောင်ထားလိုက် ပြီးနောက် ရှေ့က ကြွသွားသည်။ တောင်ကုန်း ထက်တွင် စေတီလေး တဆူ ရှိသည်။ ဆရာတော်က တောင်ကုန်းကို တက်ရမည့် လှေကားရင်းကို ရောက်သည့်အခါ အုတ်နီခဲ တွေကို ဆင့်လိုက်ပြီး မရန် ပြင်လိုက်သည်။

"အို ဆရာတော်ဘုရား တပည့်တော် သယ်လာပေးပါ့မယ် တပည့်တော်ကို ပေးပါဘုရား"

"တောင်ကုန်းပေါ်မှာ ဇရပ် ပြင်နေတယ်။ အဲဒါကြောင့် တောင်ကုန်းပေါ် တက်ရင် အုတ်နီခဲ တွေကို နိုင်သလောက် သယ်သွားရတယ်"

"တပည့်တော် သယ်ပေးပါ့မယ် တပည့်တော် ခေါင်းပေါ် တင်ပေးပါ ဘုရား"

အမျိုးသမီးကြီးက ပါလာသည့် တဘက်ကို ခွေလိုက်ပြီး ခေါင်းပေါ်ကို တင်လိုက်သည်။ ဆရာတော် ကလည်း အမျိုးသမီးခေါင်းပေါ်ကို အုတ်ခဲ သုံးလုံး တင်လိုက်သည်။

"ဒကာမကြီး ရပြီလား"

"ထပ်တင်ပါ ဘုရား တပည့်တော် နိုင်ပါတယ်"

"လေးလုံး တင်လိုက်တယ် ရရဲ့လား"

"ငါးလုံး တင်ပါ ဘုရား ရပါတယ်"

ဆရာတော်က အမျိုးသမီးခေါင်းပေါ် အုတ်ခဲ ငါးလုံး တင်ပေးလိုက်ပြီး ရှေ့က ကြွသွားသည်။ တောင်က မတ်စောက်သည်။ လှေခါးထစ်တွေ ကလည်း မညီမညာ ဖြစ်သောကြောင့် မနည်း ထိန်းတက် နေရသည်။

ဝေးကလည်း ဝေးသည်။ ခရီးသုံးပုံ တပုံခန့်အရောက်တွင် ဆရာတော်က နောက်လှည့် ကြည့်သည်။ ရဟန်း အမကြီးကား မောဟိုက် နေလေပြီ။

"ဒကာမကြီး ရရဲ့လား"

"တောင်က မတ်တော့ နည်းနည်း မောတယ် ဘုရား"

"ပင်ပန်းလွန်းရင် အုတ်ခဲတခဲ လျှော့လိုက်လေ"

"တင်ပါ့ ဘုရား"

ရဟန်းအမကြီးက အုတ်ခဲ တခဲကို လမ်းဘေး ချလိုက်သည်။ ထို့နောက် ဆက်တက်သည်။ ခရီးတဝက် ရောက်မှ နားရ ပြန်သည်။ "ဒကာမကြီး ဖြစ်ပါ့မလား"

"ချွေးတော့ ပြန်နေပြီ ဘုရား"

"အုတ်ခဲတခဲ လျှော့လိုက်ပါလား"

အုတ်ခဲတခဲကို လမ်းဘေးတွင် ချခဲ့ကာ ဆက်တက် ကြသည်။ ခရီးတဝက် အရောက်တွင် ရဟန်း အမကြီး နားနေပြန်သည်။

"ဒကာမကြီး ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် ဘုရား"

"အုတ်ခဲ လျှော့လိုက်ပါ ကိစ္စမရှိပါဘူး။ ကျောင်းသားတွေ နောက်က လိုက်လာပြီး ကောက်လာကြ ပါလိမ့်မယ်" သို့နှင့် တခဲ လျှော့လိုက် ပြန်သည်။

ဤသို့ဖြင့် နောက်ဆုံးတွင် တောင်ပေါ်သို့ ရောက်သည့်အခါ ရဟန်းအမကြီး ထံတွင် အုတ်ခဲ တခဲသာ ပါတော့သည်။ တောင်ပေါ်ရောက်သည်နှင့် ရဟန်းအမကြီးက ဘုရားကို ဝတ်ပြုသည်။ ဇရပ်ပျက် ထဲတွင် ထိုင်နေသည့် ဆရာတော်ကို ဦးချပြီးနောက်

"အရှင်ဘုရား တပည့်တော်ကို တရားပြပါ ဘုရား"

"တရားပြ ပြီးပြီလေ ဒကာမကြီး"

"ခုမှ ထိုင်တာလေ ဘုရား ဘယ်မှာ တရားဟောရ သေးလို့လဲ"

"ဒကာမကြီး"

"ဘုရား"

"တောင်အောက် ကနေ အုတ်ခဲ စသယ်တော့ ဘယ်နှလုံး သယ်လာသလဲ"

"ငါးလုံးပါ ဘုရား"

"တောင်ပေါ်ကို ဘယ်နှလုံး ပါလာသလဲ"

"တလုံးတည်းပါ ဘုရား"

"အုတ်ခဲတွေကို တလုံး လျှော့လိုက်တိုင်း ဘယ်လို ခံစားရသလဲ"

"ပေါ့သွားပါတယ် ဘုရား"

"ခုဆိုရင် ဒကာမကြီး ခေါင်းပေါ်မှာ ရွက်ပိုးထားတာ ဘယ်နှလုံး ရှိသေးလဲ"

"တလုံးမှ မရှိတော့ပါ ဘုရား"

"တလုံးမှ မရှိတော့ ဘယ်လို နေသလဲ မောသေးလား ပင်ပန်းသေးလား"

"မမောတော့ပါ ဘုရား မပင်ပန်းတော့ပါ ဘုရား"

"အင်း ဒကာမကြီး ကိုယ့်အပေါ်ကို ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့နိုင်သမျှ လျှော့တော့ ဟုတ်ပြီလား လျှော့နိုင်လေ ခရီးရောက်လေ မလျှော့နိုင်လေ ပင်ပန်းလေ။ ဘာဖြစ်လို့ ဝန်ထုပ်ဝန်ပိုးတွေကို ဆက်ရွက်နေချင် သေးသလဲ။

မနိုင်ရင် ချထားခဲ့။ ခရီးရောက်အောင် ဘာမှမပါဘဲ တက်နိုင်လေ မြန်မြန် ရောက်လေပဲ။ အခု လက်တွေ့ ပဲ မဟုတ်လား" "တင်ပါ့ဘုရား တပည့်တော် သဘောပေါက်ပါပြီ ဘုရား" "သာဓု သာဓု သာဓု" Crd and phoomyatchal

Post a Comment

0 Comments