တန်ဖိုးထားမြတ်နိုးပါ

တခါက ရှင်ဘုရင် တပါးဟာ ပန်းခြံထဲ ခြေစင်္ကြာ ဖြန့်နေတုန်း လှပတဲ့ မြွေလေးတကောင် စည်းရိုးနားက ဆူးခက်တွေ ကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင် လိုက်တယ်။

နောက်တနေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည် နေတုန်း အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တဦးကို တွေ့လိုက်တယ်။ "အသင်ဟာ ဘယ်သူလဲ။ ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော် ဝင်ရောက်လာသလဲ"

"မထိတ်လန့်ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့ အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်"

"ဘာကျေးဇူးများလဲ"

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင့်ပန်းခြံထဲက ပန်းများကို ရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှ လွတ်ကင်းခဲ့ရတဲ့ အတွက် ကျေးဇူးဆပ်ချင် ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့ အသင့်ပါ"

"အင်း နန်းတော်မှာ အဖိုးတန် ပစ္စည်းတွေ အများအပြား ရှိတယ်။ ဘာမှ လိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တဝါ တို့ရဲ့ ဘာသာစကားကို အကျွန်ုပ် တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက် တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့က စပြီး သူတို့ရဲ့ အသားကို မစားပါနဲ့။ သူ့အသားကို စားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ် စားပြီး ခုနှစ်ရက် အတွင်း သူတို့စကားကို အရှင် နားလည်လာ ပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင် လျှို့ဝှက်ထားရမယ်။ တယောက်ယောက်က သိသွားရင် အစွမ်း ပြယ်သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်း ပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော် ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကို ကြားလိုက်တယ်။

ပိုးဖလံ တကောင်က "တော် ဟိုကြမ်းပြင်မှာ ကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ ပြောတော့ နောက်ပိုးဖလံ တကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"

"ကျုပ် မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ် ဆို ခုတော့ ထမင်းတစေ့ သွားကောက်ဖို့တောင် တော်မလုပ်နိုင် တော့ဘူးလား"

"အစားပဲ ရှိပြီ အလှုပ်မရှိလို့ ဝနေတာပေါ့။ ဝိတ်လျှော့ပါ ဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့ အတူတူပဲ။ ဘာလဲ မင်း နောက်မီး လင်းနေလို့ ငါ့ကို သေကြောင်း ကြံတာလား"

ပိုးဖလံ နှစ်ကောင် အချီအချ ပြောနေတဲ့ စကားကို ကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့် ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။ ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်း သောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင် နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ" "ဒီလောက် ညဉ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား"

"ဟာ ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှ မပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"

"အော် ကျေးဇူးကန်းရဲ့ ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများ ရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ" "ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံ လုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက် ရှောင်မလို့ ဖယ်စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ။ အစကတော့ ကျွန်မကို မခွဲမခွာဘဲ တသက်လုံး ချစ်မယ်ဆို။ အခုယူတာ တလတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွာချင်ပြီလား" အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။

"တောက် ဒီတလ အမြီးပြတ်တာ သုံးခါ ရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကို ကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့က စပြီး ဘုရင်ဟာ ရုတ်တရက် ထထ ရယ်နေတတ်တယ်။ ကြုံရဖန် များလာတော့ မိဖုရားက "ဘုရင်ကြီး တခုခုကို လျှို့ဝှက်ထားပုံ ရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီး ရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ် လို့ မိဖုရားက ခြိမ်းခြောက် တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ "ခဏနေအုန်း ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တနေရာ ဆိတ်ခြံကို တွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

ကျွန်မမှာ ကိုယ်လေး လက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"

"လမ်းလျှောက်နေရက် အကောင်းကြီး ကနေ ကျုပ်ကို ဘာလို့ ပိုးခိုင်းရတာလဲ"

"ရှင်မပိုးရင် ကျွန်မကိုယ် ကျွန်မ သတ်သေလိုက်မှာနော်"

"ရော် ဘယ်နှယ့် အဲဒီလို တုံးအတဲ့ အတွေး ရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

"ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေမယ် ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျှောခဲ့တယ်။ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတာ လက်နက်ကောင်း တမျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား ဟား မင်း အရမ်း တုံးအ တာပဲ။ ကိုယ့်ကိုယ်ကို အဆုံးစီရင်တယ် ဆိုတာ ကမ္ဘာပေါ်မှာ ရှိသမျှ အပြုအမူထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တဝါတွေ ထဲမှာ လူတွေက လွဲရင် ဘယ်သတ္တဝါ ကမှ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့လမ်း မရွေးဘူး။

သတ္တဝါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာကို တခြားလူက ကြားခံပြီး လာသေပေးလို့ မရဘူး။ လူတွေလို ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်သလား။ ကိုယ့်ကိုယ်ကို ဆိတ်ပီသအောင် ကျင့်ကြံမလား။ ကြိုက်ရာလမ်းကို ရွေးပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင်ဘုရင် လို့သာ ပြောတယ်။ ငါ့ရဲ့ အသိဉာဏ်က ဆိတ်တကောင်ရဲ့ အသိဉာဏ် လောက်တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကို တွေ့တော့ ဘုရင်က "နှမတော်နဲ့ အတူနေချိန် မောင်တော် အမြဲ ရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့ အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန် မှာလည်း သတိရတယ်။ အပန်းဖြေချိန် မှာလည်း သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ" "စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတလုံး လိုပေါ့။ အဖုံး ဖွင့်လိုက်ရင် ရနံ့တွေ ပြန့်လွှင့်ကုန်တယ်" ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကို ကြားတော့ မိဖုရားက ဝမ်းသာပီတိ ဖြစ်ရတယ်။

ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။ "လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထား စမ်းပါ" "ရှင်လည်း ကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကို ကျွန်မ ရန်မရှာတော့ဘူး" ဘုရင်ကြီး ရယ်လိုက်မိ ပြန်တယ်။

"နှစ်သက်တယ်" ဆိုတာ အချစ်ရဲ့ ခပ်ဖျော့ဖျော့ အရောင်လေး "ချစ်တယ်" ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့် အရောင်လေးပေါ့။ အချစ်တွေ အများကြီး ရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။ အချစ်တွေ အများကြီး ပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုး ရှိသွားတာ။

လမ်းတနေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွှေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲ လျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ် သေးငယ်တဲ့ ပုရွက်ဆိတ် နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ။

စကြဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေး နှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့် ရနိုင်မလဲ၊ နှုတ်ဆက်ခွင့် ရနိုင်မလဲ။ လူ့ဘဝထဲ တခါ ရောက်လာဖို့ လွယ်ကူပါသလား။ လူချင်း တခါလောက် ရင်းနှီး နှုတ်ဆက်ဖို့ လွယ်ကူပါသလား။ သူငယ်ချင်းလို့ အမည်တပ်ဖို့ လွယ်ကူပါသလား။ စကားလေး တခွန်းပါပဲ။

"တန်ဖိုးထား မြတ်နိုးပါ" တရုတ်စကားပုံ တခုက ဒီလိုပြောပါ တယ်။ "ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံ ရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွား တာတောင် ရင်းနှီးခွင့် မရဘူး" တဲ့။ Crd

Post a Comment

0 Comments