သူကြီးအိမ်ကခွေး

ဟိုး ရှေးရှေးတုန်းက အလွန် ခွေးချစ်တတ်တဲ့ ရွာကြီးတရွာ ရှိခဲ့ဘူးတယ်။ အဲဒီရွာက ဘယ်လောက်အထိ ခွေးချစ်ကြသလဲ ဆိုရင် ရွာလူဦးရေရဲ့ ၂ ဆ လောက်ကို ခွေးတွေက ရှိကြတယ်တဲ့။

ဖြစ်ချင်တော့ တနေ့မှာ ရွာသူကြီးအိမ်က ခွေးကြီးဟာ ရွာသူကြီး မရှိတုန်း အိမ်ပေါ်တက်ပြီး မီးဖိုချောင်ထဲက ဟင်းတွေကို ဝင်စားတော့ တာပေါ့။

အဲ့ဒီမှာ ခွေးကြီးက အရင်လို အရိုး စားရတာ မဟုတ်ဘဲ စားဦးစားဖျား အသားတွေ စားရတာ ဆိုတော့ ဘဝင် လေဟတ်တော့ တာပေါ့။ အသိဉာဏ် နည်းတဲ့ ခွေးဟာ အသားဟင်း တွေတင် မကပဲ ဟင်းအခါး တွေကိုပါ စားဖို့ ကြံသတဲ့။

"လူတွေတောင် စားသေးတာ ငါလည်း ဘာလို့ စားလို့ မရ ရမှာလဲ" ဆိုပြီး ခွေးနဲ့ မတည့်တဲ့ အခါးဟင်းတွေ ကိုပါ ကျိတ်မှတ်ပြီး စားသတဲ့ကွယ်။ သဘာဝတရားရဲ့ ကန့်သက်ချက်နဲ့ မတည့်စာ တွေကြောင့် ပူပြင်းတဲ့ နေရောင်အောက် ပြန်အထွက် မှာတင် ရူးတော့ တာပေါ့။

ခွေးရူးတို့ ထုံးစံ အတိုင်း မြင်မြင်သမျှ ကိုက်ဖို့ဟန် ပြင်ပြီး သွားရည် တမျှမျှနဲ့ ခွေးရူးဟာ ကလေးငယ်တွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေကို စတင် ကိုက်တော့ တာပေါ့။ သူကြီးအိမ်က ခွေးကြီး ရူးနေပြီ ဆိုတာကို လူတွေ မကြာခင်ဘဲ သတိထားမိ တော့တာပေါ့။

ဒါကြောင့် လူတွေစုပြီး သူကြီးအိမ်ကို ခွေးသတ်ဖို့ ဆိုပြီး လူအများ စုဝေးကုန် ကြရော။ သူကြီးလည်း လန့်တာပေါ့။ ဒါကြောင့်အကျိုးအကြောင်း မေးကြည့်တဲ့ အခါမှာ သူ့အိမ်က ခွေးကြီး ရူးနေတဲ့ အကြောင်းကို သိရတော့တာပေါ့။

သူကြီးလည်း သူ့ခွေး ရူးတာကို သိသွားပေမယ့် လူအများကြီး သူ့အိမ် လာတာတော့ မကြိုက်ဘူးတဲ့။ ဒါကြောင့် "ကဲ ဒီခွေးကို သတ်မယ် ဆိုရင်လည်း သတ်ကြပါ။ ဒါပေမယ့် မင်းတို့ လူတွေက များလွန်း အားကြီးတယ်ကွာ။ ငါ့ခွေးကို သတ်ဖို့ ၃ ယောက်ပဲ ခွင့်ပြုမယ်" လို့ ဆိုသတဲ့။

ရွာသားတွေကလည်း "ကျွန်တော်တို့ လူ ၃၀၀ လောက် ရှိတာဗျာ။ ၃ ယောက်ပဲ ခွေးကို သတ်ရမယ် ဆိုလည်း ရပါတယ်။ ဘေးနားကတော့ ဝိုင်းကြည့်ပါရစေ" လို့ ဆိုသတဲ့။

သူကြီးလည်း ခွင့်ပြုပေးရတော့ တာပေါ့။ "တခုတော့ ရှိတယ် ငါ့အပင် တွေတော့ မနင်းမိ စေနဲ့နော်" လို့တော့ သတိပေးရှာ သတဲ့။

အဲ့ဒါနဲ့ အားကောင်းမောင်းသန် လူ ၃ ယောက်က ခွေးကို သတ်ဖို့ ခြံထဲမှာ လိုက်ရှာတော့ပေါ့။ အပြင်က ရွာသူရွာသားတွေကလည်း လွတ်ပြီး ပြေးလာရင်တော့ ဝိုင်းဖမ်းပေးမယ် ဆိုပြီး စောင့်နေကြ တာပေါ့။ ခွေးရူးလေး ကလည်း သိတယ်။ သူ့ကို သတ်ဖို့လာပြီ ဆိုတာ အဲ့တော့ ပုန်းနေတာပေါ့။

ပုန်းနေရင်းနဲ့ သူ စဉ်းစားမိတယ်။ ငါ ရူးပြီး ကိုက်လိုက်တာလည်း သုံး လေး ယောက်ပဲ ရှိပါတယ်။ အခု လာတာက လူတွေအများကြီးပဲ။ ငါကိုက်လိုက်တဲ့ လူတွေက ဒီလူအုပ်ထဲ ပါတောင် မပါဘူး။ ဒါ တယောက်ယောက်က ငါ့ကို သတ်ဖို့ နောက်ကွယ်က ခိုင်းတာပဲ ဖြစ်ရမယ်" လို့ တွေးသတဲ့။

ခွေးဆိုတော့လည်း လူတွေလို အကြောင်းအရင်း အမှန်ကို မသုံးသပ် တတ်ဘူးလေ။ အဲ့အချိန်မှာ ခွေးရူးလေးကို လိုက်ရှာတဲ့ လူသုံးယောက် ကလည်း ရှာမတွေ့တာနဲ့ ပြန်ကြမယ် ဆိုပြီး ခွေးရူးလေး ပုန်းနေတဲ့ နေရာနားက ဖြတ်ပြီး ပြန်ကြတာပေါ့။

ခွေးရူးလည်း စိတ်မထိန်းနိုင်တာနဲ့ ပုန်းနေရာက အပြင်ကို ထွက်လို့ "ဟေ့ လူတွေ ခင်ဗျားတို့ကို ဘယ်သူ ခိုင်းတာလဲဗျ" လို့ ထွက်မေးသတဲ့။ အဲ့အခါမှာ လူသုံးယောက်လည်း ဝိုင်းပြီး ရိုက်သတ်လိုက် တော့တာ ပေါ့ကွယ်။

တကယ်တော့ ခွေးချစ်တဲ့ ရွာမှာ လူတွေကလည်း မသတ်ချင် ကြပါဘူး။ ဒါပေမယ့် ရူးနေတဲ့ ခွေးကို မသတ်လိုက်ရင် သူကိုက်လို့ အခြားသော ခွေးတွေအပြင် ကိုယ်ဝင်ဆောင်တွေ ကလေးငယ်တွေ ရောဂါရပြီး အနာဂတ်အရေး ကြိုတွေးမိ ကြလို့ သတ်လိုက်ရတယ် ဆိုတာတော့ အဲဒီ ခွေးရူးလေး မသိလိုက် ရှာပါဘူး။

သေးငယ်တဲ့ ဉာဏ်လေးနဲ့ သူတွေးသွား တာတော့ နောက်ကွယ်က တစုံတရာ ပေါ့ကွယ်။ အသက်အရွယ် ကြီးလာလို့ လူ့လောကကြီးထဲ ရပ်တည်တဲ့ အခါမှာ ခွေးရူးလေးကို ဉာဏ်နည်းပြီး ပါးစပ်စည်းကမ်း မရှိတဲ့ လူတွေနဲ့ ကြုံတွေ့ခဲ့ရင် ဝေးဝေးက ရှောင်ရမယ်နော်။ အဲဒီလို မဖြစ်အောင်လည်း သင်ခန်းစာ ယူရမယ်။ Crd

Post a Comment

0 Comments